【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ကပ်ဘေးအဆင့်ကို အိုမီခရွန် ဦးတည်နေပြီလား

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ကပ်ဘေးအဆင့်ကို အိုမီခရွန် ဦးတည်နေပြီလား

ယခုတစ်ပတ်အတွင်း နိုင်ငံတကာသတင်းအများစုမှာ စစ်ရေးဆိုင်ရာသတင်းတွေထက် မပြီးသေးတဲ့ ကပ်ဘေးဖြစ်တဲ့ ကိုဗစ်ဗိုင်းရပ်စ်မျိုးကွဲ အိုမီခရွန်သတင်းတွေက နောက်တစ်ကျော့ ကိုဗစ်ဘေးကို ဖြစ်စေဦးမလားဆိုတာ နိုင်ငံတကာကျန်းမာရေးပညာရှင်တွေက စောင့်ကြည့်နေပါတယ်။

ဒီတစ်ပတ်မှာ ကျန်းမာရေးတင်မကပါဘူး။တခြားသာရေးရာတွေဖြစ်တဲ့ စစ်ရေးနဲ့ နိုင်ငံရေးတွေမှာလည်း စောင့်ကြည့်စရာတွေရှိခဲ့ပါတယ်။အထူးသဖြင့် ရုရှား-ယူကရိန်း နယ်စပ်ပြဿနာပါ။ဒီပြဿနာက နယ်စပ်က‌နေ ရုရှားတပ်အချို့ ရုပ်သိမ်းခဲ့တာရှိခဲ့ပြီး ဆွေးနွေးမှုတွေ ဆက်လုပ်ဖို့ရှိနေတာမို့ အခြေအနေက တင်းမာမှုလျော့ကျခဲ့တဲ့ အနေအထားပါ။ဒါပေမဲ့ တရုတ်နဲ့ အမေရိကန်အကြား မပြီးသေးတဲ့ ပြဿနာတွေက ယခုတစ်ပတ်မှာ အမေရိကန်ဘက်က ရှင်ကျန်းပြဿနာကို ဆွဲထုတ်ခဲ့တဲ့အတွက် ပြန်ပြီးအားကောင်းလာဖို့ များနေပါတယ်။

ဒီတစ်ပတ်မှာ အထူးအလေးထားဖော်ပြချင်တာက ကိုဗစ်မျိုးကွဲ အိုမီခရွန်သတင်းတွေနဲ့ တရုတ်-အမေရိကန် တင်းမာမှုတွေပါပဲ။လက်ရှိမှာ ကိုဗစ်မျိုးကွဲ ဒယ်လ်တာ ကူးစက်မှုတွေကြောင့် ဥရောပနဲ့ အာရှနိုင်ငံတွေမှာ ကူးစက်မှုတွေမြင့်တက်လာလို့ ကန့်သတ်မှုတွေလုပ်ရတာ၊ နှစ်သစ်ကူးအစီအစဉ်တွေ ဖျက်ရတာတွေအထိ ဖြစ်ခဲ့တာကိုပါ။ကပ်ဘေးအသွင် ဖြစ်လာနိုင်ခြေများနေတဲ့ အိုမီခရွန်ကြောင့် ဒီတစ်ပတ်မှာ တစ်ကျော့ပြန် ကိုဗစ်ကပ်ဘေးနဲ့ အလားအလာက စိတ်ဝင်စားစရာအကောင်းဆုံးဖြစ်ခဲ့ပါတယ်။

အရှိန်ရစပြုလာတဲ့ အိုမီခရွန်ကူးစက်မှု

လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း အိုမီခရွန် မျိုးကွဲဗိုင်းရပ်စ်ဟာ အာရှ-ပစိဖိတ် တိုင်းပြည်တွေကို အလျင်အမြန် ကူးစက်ခဲ့ပါတယ်။အိုမီခရွန်ကူးစက်ခံရသူ အရေအတွက်က ထိုင်းမှာဆိုရင်  ဒီဇင်ဘာ ၂၅ ရက်အထိ ၂၀၅ ဦးတွေ့ရပြီး အိန္ဒိယနိုင်ငံမှာဆိုရင် ဒီဇင်ဘာ ၂၄ ရက်နေ့အထိ ၄၀၃ ယောက် ရှိလာသလို တိုင်းပြည်ရဲ့ နေရာတော်တော်များများကို  ညမထွက်ရအမိန့် ထုတ်ပြန်ထားခဲ့ရပါတယ်။စင်ကာပူမှာဆိုရင် ဒီဇင်ဘာ၂၄ ရက်နေ့အထိ ကူးစက်ခံရသူ ၈၂ ဦးကို တွေ့ရှိခဲ့ပါတယ်။အစ္စရေးနိုင်ငံမှာတော့ အိုမီခရွန်မျိုးကွဲ ကူးစက်ခံရသူ ၅၂၇ ဦးအထိ ရှိခဲ့ပါတယ်။ဒါတွေဟာ အနည်းအကျဉ်းကိုသာ ဖော်ပြနိုင်သေးတာပါ။

အိုမီခရွန်က ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုနည်းပါးတဲ့ နိုင်ငံတွေမှာသာ ကူးစက်နေတာမဟုတ်ပါဘူး။ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုနှုန်းမြင့်တဲ့ နိုင်ငံတွေမှာလည်း အိုမီခရွန်ကူးစက်မှုက ထိုးတက်နေပါတယ်။ဗြိတိန်နိုင်ငံနဲ့ ပြင်သစ်နိုင်ငံတွေမှာဆိုရင် ကိုဗစ်ရောဂါပိုး ကူးစက်ခံရသူဦးရေ စံချိန်တင်မြင့်တက်နေပြီး တစ်ရက်ကို တစ်သိန်းကျော်တွေအထိ ဖြစ်လာနေပါတယ်။ပင်လယ်ကွေ့အာရပ်နိုင်ငံတွေအကြားမှာလည်း ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုက မြင့်တက်လာနေပါတယ်။ကိုဗစ်ကူးစက်မှုတွေ မြင့်တက်လာနေလို့ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ လေကြောင်းခရီးစဉ်တွေ ၅,၇၀၀ ကို ဖျက်သိမ်းခဲ့ရတဲ့အထိကို ဖြစ်ကုန်ပါတယ်။ဒီထဲမှာ အဓိကဇာတ်ကောင်က အိုမီခရွန်ပါပဲ။

ကိုဗစ်ကာကွယ်ဆေးထိုးမှု ကမ္ဘာ့အမြင့်ဆုံးဖြစ်တဲ့ တရုတ်မှာ ဒီတစ်ပတ်အတွင်း ကိုဗစ်ဖြစ်ပွားမှုနှုန်း မြင့်တက်လာလို့ ရှန်ဇီပြည်နယ်ထဲက အကြီးဆုံးမြို့ဖြစ်တဲ့ လူဦးရေ ၁၃ သန်းရှိတဲ့ ရှီအန်းမြို့မှာဆိုရင် မြို့မှာနေသူအားလုံးကို နေအိမ်အတွင်းမှာပဲ နေထိုင်ကြဖို့ အမိန့်ထုတ်ပြန်ခဲ့ရပါတယ်။အဲဒီမြို့မှာဆိုရင် ဒီဇင်ဘာ ၉ ရက်နေ့က စလို့ ၂၂ ရက်နေ့အထိ ကူးစက်ခံရသူ ၁၄၃ ဦးသာ ရှိသေးတာပါ။တရုတ်အနေနဲ့ နိုင်ငံသားအားလုံးနီးပါး ထိုးပေးထားတဲ့ ကိုဗစ်ကာကွယ်ဆေးက ကိုဗစ်မျိုးကွဲဖြစ်တဲ့ အိုမီခရွန်ကို ထိန်းနိုင်ပါ့မလားဆိုတာကလည်း တရုတ်အတွက် စမ်းသပ်မှုတစ်ခုပါပဲ။လက်ရှိမှာတော့ ရှီအန်းမှာ အိုမီခရွန်ကို မတွေ့သေးဘူး ဆိုပါတယ်။

အစောပိုင်းက အိုမီခရွန်ဟာ ဒယ်လ်တာထက်ပျော့ပြီး ကူးစက်မှု ၅ ဆကျော် မြန်တယ်ဆိုပေမယ့် နောက်မှာ ဒယ်လ်တာလိုပဲ ရောဂါခံစားရမှု ပြင်းထန်တယ်ဆိုတာ ဖြစ်လာခဲ့ပါတယ်။ယခုထိ ရောဂါစရိုက်လက္ခဏာကို တိတိကျကျ မသိရသေးပေမယ့် အိုမီခရွန်ကြောင့် သေဆုံးသူတွေ ဂျာမနီနဲ့ အမေရိကန်မှာ ရှိလာခဲ့ပါပြီ။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကတော့ အိုမီခရွန်ဟာ ယခင်မျိုးကွဲဗိုင်းရပ်စ်များထက် ပိုမိုပျော့ပြောင်းတယ်ဆိုပြီး မှတ်ချက်ပြုခဲ့တာတွေကို လက်မခံဘဲ အမြော်အမြင်နည်းရာရောက်တယ်ဆိုပြီး ဝေဖန်ခဲ့ပါတယ်။ဒါပေမဲ့ ဗြိတိန်အစိုးရရဲ့ ကျန်းမာရေးလုံခြုံရေးအေဂျင်စီ (UKHSA) ကတော့ ဒီဇင်ဘာ ၂၃ ရက်မှာ အိုမီခရွန်မျိုးကွဲ ကူးစက်ခံရသူတွေဟာ ဒယ်တာမျိုးကွဲကူးစက်ခံရသူများထက် ဆေးရုံတက်ရနိုင်ခြေ ၇၀ ရာခိုင်နှုန်း လျော့နည်းတယ်ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။ဒါပေမဲ့ သူ့တွေ့ရှိချက်မှာ ကာကွယ်ဆေးသုံးကြိမ်အထိ ထိုးထားသူတွေပါ အိုမီခရွန် ကူးစက်ခံထားရတာကို တွေ့ရနေပါတယ်။  

လက်ရှိမှာ အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ် လျင်မြန်စွာပျံ့နှံ့နေတယ်လို့ WHO က သတိပေးခဲ့ပါတယ်။ကိုဗစ်ကူးစက်ခံရသူ အရေအတွက်များပြားလာတာဟာ ကျန်းမာရေးစနစ်အားလုံးကို အခက်အခဲနဲ့ ရင်ဆိုင်နိုင်ရခြေများတယ်လို့ ဆိုပါတယ်။အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ်ဟာ လက်ရှိကာကွယ်ဆေးတွေကို အောင်မြင်စွာ ရှောင်ကွင်းနေလို့ ကာကွယ်ဆေးထိုးပြီးသူတွေ နောက်တိုးကာကွယ်ဆေးထိုးနှံမှုတွေလုပ်ဖို့ လိုနေတယ် ဆိုပါတယ်။ကိုဗစ်ကြောင့် လူ ၈ သိန်းကျော်သေခဲ့တဲ့ အမေရိကန်ကတော့ ကူးစက်မှုမြန်ဆန်တဲ့ အိုမီခရွန်ကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားတယ်လို့  ဒီဇင်ဘာ ၂၁ ရက်မှာ သမ္မတ ဂျိုးဘိုင်ဒင် က ပြောခဲ့ပါတယ်။ဒါ့အပြင် လိုအပ်လာရင် နိုင်ငံတစ်ဝန်း ဆရာဝန် ၁,၀၀၀ ခန့်၊ သူနာပြုနဲ့ စစ်ဘက်ဆိုင်ရာကျန်းမာရေးပညာရှင်တွေကို တပ်ဖြန့်ချထားမယ်လို့ ပြောကြားခဲ့ပါတယ်။

အိုမီခရွန်ဟာ လက်ရှိမှာ သိသာတဲ့ပြင်းထန်မှုကို မပြနိုင်သေးပေမယ့် ပြည်တွင်းကူးစက်မှုတွေမှာတော့ အိုမီခရွန်ရဲ့ ခြေရာလက်ရာတွေကို တွေ့နေရပါပြီ။ပြည်ပကူးစက်မှုကနေထင်လို့ တောင်အာဖရိကနဲ့ အာဖရိကနိုင်ငံတွေကို လေကြောင်းနဲ့ ခရီးသွားလာမှုတွေ ပိတ်ခဲ့ပေမယ့် ပြည်တွင်းကူးစက်မှုတွေမှာတွေ့နေရလို့ ရောဂါအမည်မတပ်ခင်ကပဲ အိုမီခရွန်က ကမ္ဘာအနှံ့ရောက်နေပြီဆိုတဲ့ ထင်မြင်ယူဆချက်က အမှန်လို့ယူရမယ့်အခြေအနေ ရောက်နေပါတယ်။

အိုမီခရွန်ကို ကာကွယ်ဖို့ ပြင်ဆင်နေချိန်မှာ ကာကွယ်ဆေးလိုအပ်ချက်တွေကလည်း ကမ္ဘာအနှံ့မှာ မြင့်တက်နေပါတယ်။ကာကွယ်ဆေးမထိုးရတဲ့ နေရာဒေသတွေကနေ မျိုးကွဲအသစ်တွေ ပေါ်ထွက်လာနိုင်တဲ့ဘေးကို ရင်ဆိုင်နေရချိန်မှာ ကာကွယ်ဆေးမထိုးတဲ့ ပြဿနာတွေကလည်း ဥရောပနိုင်ငံတွေလိုပဲ ကမ္ဘာတစ်ဝန်းမှာ ရှိနေပါတယ်။နိုင်ဂျီးရီးယားမှာဆိုရင် ကိုဗစ်ကာကွယ်ဆေးမထိုးတဲ့သူတွေ များလွန်းတာကြောင့် ကာကွယ်ဆေးပုလင်းတွေ သက်တမ်းကျော်ပြီး ဒီတစ်ပတ်အတွင်းမှာ  အနောက်နိုင်ငံတွေက လာရောက်လှူဒါန်းထားတဲ့ AstraZeneca အမျိုးအစား ကိုဗစ်ကာကွယ်ဆေးပုလင်းပေါင်း ၁ သန်းကျော်ကို ဖျက်ဆီးခဲ့ရတယ် ဆိုပါတယ်။ဒါဟာ ကာကွယ်ဆေးမထိုးကြတဲ့ပြဿနာကို ချမ်းသာတဲ့နိုင်ငံဖြစ်စေ ဆင်းရဲတဲ့နိုင်ငံဖြစ်စေ နိုင်ငံတိုင်းရင်ဆိုင်နေရတာပါ။

ဒီပြဿနာကို ကိုင်တွယ်ဖို့ သြစတြေးလျ၊ နယ်သာလန်၊ ပြင်သစ်၊ သြစတြီးယားတို့မှာဆိုရင် အများပြည်သူစုဝေးတဲ့ နေရာတွေဖြစ်တဲ့ နိုက်ကလပ်တွေ၊ ဘားတွေ၊ ဘောလုံးပြိုင်ပွဲလို့ အားကစားပွဲတွေ၊ ဂီတဖျော်ဖြေပွဲတွေ၊ ရုပ်ရှင်ရုံတွေကို ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်း လက်မှတ်မပါရင် ဝင်ခွင့်မပေးဘူးလို သတ်မှတ်ခဲ့လို့ မကြာသေးခင်က ဆန္ဒပြမှုတွေ ဖြစ်ခဲ့ပါတယ်။

ဗြိတိန်နိုင်ငံကတော့ ကာကွယ်ဆေးထိုးဖို့ ငြင်းဆန်တဲ့သူတွေကို ဒဏ်ငွေရိုက်ဖို့ ပြင်နေသလို ကာကွယ်ဆေးမထိုးရတဲ့သူတွေကို အိမ်တိုင်ရာရောက် ကိုဗစ်ကာကွယ်ဆေးလိုက်ထိုးပေးဖို့ လုပ်နေပါတယ်။

ကိုဗစ်ကာကွယ်ရေးအတွက် ကမ္ဘာတစ်ဝန်းမှာ လိုအပ်ချက်က ကြီးကြီးမားမားရှိနေပါသေးတယ်။လက်ရှိမှာ နိုင်ငံတကာ ကိုဗစ်ကာကွယ်ရေးလုပ်ငန်းတွေအတွက် အမေရိကန်က ဒေါ်လာ သန်း ၅၈၀ ထောက်ပံ့မယ်လို့ ကတိကဝတ်ပြုခဲ့သလို  တရုတ်ဘက်ကလည်း ကိုဗစ်ကာကွယ်ဆေးရောက်ရှိမှုနည်းတဲ့ အာဖရိကကို ကိုဗစ်ကာကွယ်ဆေး တစ်ဘီလီယံ ထောက်ပံ့ပေးဖို့ ကတိပြုထားတာရှိပါတယ်။လက်ရှိမှာ အိုမီခရွန်ကို ကာကွယ်နိုင်တဲ့ ဆေးပေါ်ဖို့နဲ့ ကမ္ဘာပေါ်က လူတိုင်း ကာကွယ်ဆေးထိုးဖို့ အရေးတကြီးလိုနေပါတယ်။ဒါမှ ကိုဗစ်မျိုးကွဲတွေ ထပ်ဖြစ်လာတာကို တားနိုင်မှာ‌ဖြစ်ပါတယ်။

ကိုဗစ်ကာကွယ်ဆေးပေါ်ကာစက နိုင်ငံကြီးတွေက သူ့နိုင်ငံတွေအတွက် ဦးစားပေးယူပြီး အာဖရိကနဲ့ အာရှအပါအဝင် ဆင်းရဲတဲ့နိုင်ငံငယ်တွေကို လျစ်လျူရှုခဲ့ပါတယ်။ယခုဖြစ်ရပ်မှာ ဒီလိုလုပ်ခဲ့တာကို ပြက်ရယ်ပြုသလိုပါပဲ။ဘယ်လိုပဲ ကာကွယ်ဆေးတွေ လက်ဦးမှုယူပြီးထိုးကာ နိုင်ငံ့စီးပွားရေးအတွက် ပြင်ဆင်ထားပါစေ နောက်ထွက်လာတဲ့ မျိုးကွဲတွေက ကာကွယ်ဆေးတွေကို ကျော်ဖြတ်ပြတဲ့အခါ တစ်နိုင်ငံထဲကာကွယ်နေလို့ အလုပ်မဖြစ်ဘူးဆိုတာ ချမ်းသာတဲ့နိုင်ငံကြီးတွေအတွက် သင်ခန်းစာပါ။ပြင်းထန်တဲ့ ဆောင်းရာသီမှာ ကူးစက်မြန်တဲ့ အိုမီခရွန်က ကာကွယ်ဆေးအသာစီးယူခဲ့တဲ့ နိုင်ငံတွေကို ဘယ်လောက်ထိဒုက္ခပေးဦးမလဲဆိုတာ  ရင်တမမစောင့်ကြည့်ရဖို့ များနေပါတယ်။

အားပြိုင်မှုတွေ ပြန်ပြင်းထန်လာနိုင်ခြေများနေမှု    

ပြီးခဲ့တဲ့ရက်သတ္တပတ်က နိုင်ငံတကာမှာ စိတ်ဝင်စားမှုများခဲ့တဲ့ ယူကရိန်း-ရုရှား ပြဿနာမှာ ရုရှားဘက်က ဆွေးနွေးပွဲလမ်းကြောင်းကို ပြောင်းခဲ့တဲ့အပြင် ပူတင် က  ဒီဇင်ဘာ ၂၃ ရက်မှာ အမေရိကန်နဲ့   ၂၀၂၂ ခုနှစ် နှစ်စပိုင်းမှာ ဆွေးနွေးဖိုရှိတယ်ဆိုပြီး  ကျေရာကျေကြောင်း ပြောဆိုမှုအဖြစ် အမေရိကန်ဘက်က အပြုသဘော တုံ့ပြန်မှုရှိတယ်လို့ ပြောခဲ့ပါတယ်။ဒီနောက်မှာ ဒီဇင်ဘာ ၂၅ ရက်က ယူကရိန်းနယ်စပ်ကနေ ရုရှားတပ်အချို့ကို  ပြန်ဆုတ်ခွာစေခဲ့ပါတယ်။

အစောပိုင်းက စစ်ရေးအရ လက်တုံ့ပြန်ဖို့အထိပြောခဲ့တဲ့ ပူတင်အတွက် ဒီလိုနောက်ဆုတ်သွားတာ ကောင်းတဲ့အလားအလာဖြစ်ပေမယ့်‌ နေတိုးဘက်က မလျှော့ဘူးဆိုတာနဲ့ ယူကရိန်းကို စစ်တပ်မလွှတ်ဘဲ လက်နက်တွေပေးပို့ထောက်ပံ့မယ်ဆိုတဲ့ အနောက်အုပ်စုနဲ့ အမေရိကန်ရဲ့ သံတမန်ဗျူဟာက အလုပ်ဖြစ်သွားခဲ့လားဆိုတာ စဉ်းစားချင်စရာပါ။ယူကရိန်းအတွက်ကတော့ ရုရှားရဲ့ ရန်စမှုဟာ သိသာထင်ရှားနေတဲ့အတွက် ဘယ်လို ဖြစ်ဖြစ် နေတိုးအဖွဲ့ထဲဝင်ရမှသာ သူ့နိုင်ငံအချုပ်အခြာအာဏာပိုင်ဆိုင်မှုက အာမခံချက်ရှိမယ့် အနေအထားပါ။ဒါပေမဲ့ စစ်ဖြစ်လာရင် နှစ်ဖက်လုံးမှာ ဆုံးရှုံးနစ်နာမှာဖြစ်သလို ယူကရိန်းရဲ့ ယခုအခြေအနေကလည်း ၂၀၀၄ တုန်းကလို အင်အားချိနဲ့တဲ့ အနေအထားမဟုတ်တဲ့အတွက် ပူတင်ဟာ ယူကရိန်းကိုဖျက်ဆီးရန် စိတ်ပိုင်းဖြတ်ထားသည့်တိုင် မကြာမီကျူးကျော်လာနိုင်သည့် ကြီးကြီးမားမား စိုးရိမ်စရာအခြေအနေမျိုးမရှိဘူးလို့ ယူကရိန်းဘက်က တွက်ဆထားပါတယ်။ဒီအခြေအနေတွေကြောင့်  ယူကရိန်းအရေးဟာ ရုရှားရဲ့ လုပ်ဇာတ်ဆိုတာနဲ့ နိုင်ငံရေးကစားမှုသက်သက်ဆိုတာ ပေါ်လွင်သွားခဲ့ပါတယ်။

လက်ရှိမှာ ဥရောပမှာရော အာရှမှာပါ နိုင်ငံတကာ အခြေအနေတွေက ပြောင်းလဲနေပါတယ်။ဥရောပမှာ ဂျာမနီမှာဆိုရင် ခေါင်းဆောင်အပြောင်းအလဲတွေဖြစ်နေပြီး မာကယ်လ် အစား တက်လာတဲ့ အိုလက်ဖိရှောဇ်ဆိုရင် အမေရိကန်နောက်လိုက်အဖြစ်ထက် ဂျာမန်အင်ပါယာထောင်ဖို့ စိတ်ကူးနေမှုတွေရှိနေပါတယ်။

ဒီအယူအဆနဲ့ပတ်သက်ပြီး လူသိထင်ရှားပြောခဲ့တာ ပိုလန် အာဏာရပါတီ အကြီးအကဲက ဒီဇင်ဘာ ၂၄ ရက်က ပြောခဲ့တာပါ။ဂျာမနီဟာ အီးယူကို အခြေပြုပြီး စတုတ္ထမြောက် ဂျာမန်အင်ပါယာထူထောင်မည့် အလားအလာရှိနေတာကို နိုင်ငံအချို့က စိတ်ဝင်စားမှုမရှိဘူးဆိုပြီး ပြောခဲ့တာပါ။တကယ်သာ ဒီအကြံမျိုးရှိတယ်ဆိုရင် ပြဿနာက ရုရှားဖြစ်လာဖွယ်ရှိနေပါတယ်။
ဘာကြောင့်ဆိုရင် ရုရှားက အမေရိကန်နဲ့ အနောက်ဥရောပနိုင်ငံတွေကနေ ခွင့်ပြုချက်တောင်းနေရတဲ့ Nord Stream -2 ဓာတ်ငွေ့ပိုက်လိုင်းက ဂျာမနီက‌နေ အနောက်ဥရောပကို သွားရမှာဖြစ်နေလို့ပါပဲ။ရုရှားရဲ့ လောင်စာဆီနဲ့ အနောက်ဥရောပကိုချုပ်ကိုင်ဖို့ အကြံအစည်ဟာ ဂျာမန်နိုင်ငံရေးအပြောင်းအလဲမှာပဲ အဆုံးသတ်ဖို့များနေပါပြီ။

အာရှမှာဆိုရင်လည်း မကြာသေးခင်က ဂျပန်နိုင်ငံရဲ့ ကာကွယ်ရေးဘတ်ဂျက်သစ်က စစ်ပြီးရေးဆွဲခဲ့တဲ့ ဂျပန်အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်ကို ကျော်လွန်သွားခဲ့လို ဂျပန်ရဲ့ စစ်ရေးတည်ဆောက်မှုက ဒေသတွင်းနိုင်ငံတွေအတွက် စိုးရိမ်စရာဖြစ်လာပါတယ်။အထူးသဖြင့် အစဉ်အလာရန်ဘက်ဖြစ်တဲ့ တရုတ်နိုင်ငံအတွက်တော့ ဂျပန်ရဲ့ စစ်ရေးတည်ဆောက်မှုက ပြဿနာဖြစ်လာဖို့ များနေပါတယ်။ဒီရက်ပိုင်းမှာပဲ ဂျပန်က အမေရိကန် ဆော်သြနေတဲ့ ၂၀၂၂ ပေကျင်း အိုလံပစ်ပြိုင်ပွဲကို သံတမန်နည်းအရ သပိတ်မှောက်ဖို့ထဲ ဂျပန်ပါလာခဲ့သလို ဒါဟာ ဝန်ကြီးချုပ်သစ် ဖူ မီယိုကီရှီဒါ လက်ထက်မှာလည်း  ဂျပန်ရဲ့ တရုတ်ပေါ်လစီက အပြောင်းအလဲမရှိဘူးဆိုတာကို ထပ်ပြလိုက်တဲ့ သဘောပါပဲ။  

ထူးတာက  ဒီဇင်ဘာ ၂၃ ရက်က ဖော်ပြလိုက်တဲ့ ကျိုဒိုသတင်းမှာ ထိုင်ဝမ်အရေးနှင့်ပတ်သက်ပြီး  အမေရိကန်နှင့် ဂျပန်တပ်ဖွဲ့တွေက ပူးတွဲစစ်ဆင်ရေးတစ်ရပ်အတွက် အစီအစဉ်မူကြမ်းကို ရေးဆွဲခဲ့တယ်ဆိုတဲ့ သတင်းပါ။ ဒီအစီအစဉ်မှာ အမေရိကန် မရိန်းတပ်ဖွဲ့က ဂျပန်ရဲ့ အဓိကကျတဲ့ ကျွန်းလေးကျွန်းထဲက တစ်ခုဖြစ်တဲ့ ကျူရှူးကျွန်းပေါ်ကနေ ထိုင်ဝမ်ကို ဆက်သွယ်နိုင်တဲ့ နန်ဆိုင်းကျွန်းမှာ ယာယီစစ်စခန်းချထားမယ်ဆိုတာ ပါ ပါတယ်။ဒါဟာ တရုတ်အတွက် ပြဿနာပါ။ယခုလအစောပိုင်းကလည်း ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇို အာဘေး က ထိုင်ဝမ်ကို တရုတ်က တိုက်ခိုက်မည်ဆိုပါက ဂျပန်နှင့် အမေရိကန်က လက်ပိုက်ကြည့်နေမည်မဟုတ်ကြောင်း ပြောကြားခဲ့တာရှိပါသေးတယ်။

ဒါတွေကိုကြည့်ရင် တရုတ်ကို အာရှ-ပစိဖိတ်မှာ အင်အားချိန်ခွင်ညှိဖို့ အမေရိကန်အနေနဲ့ အိန္ဒိယ-သြစတြေးလျအပြင် ယခု ဂျပန်ကိုပါဆွဲထည့်တဲ့ ပုံစံပါပဲ။

ဒီရက်ပိုင်းမှာပဲ အမေရိကန်က တရုတ်ဘက်ကို စီးပွားရေးအရ ထပ်မံထိုးနှက်ခဲ့ပါတယ်။ဒါက ရှင်ကျန်းပြည်နယ်ထဲက ကုန်စည်တွေကို နိုင်ငံတွင်း တင်သွင်းခွင့်ပိတ်ပင်တဲ့ ဥပဒေကို ထုတ်ပြန်ခဲ့တာပါ။ဒီဥပဒေအရဆိုရင် ရှင်ကျန်းပြည်နယ်ရဲ့ အဓိကထုတ်ကုန်တွေဖြစ်တဲ့ ဝါဂွမ်းတွေနဲ့ ဓာတ်အားထုတ်လုပ်ပေးတဲ့ ဆိုလာပြားတွေကို အမေရိကန်ဈေးကွက်ထဲမှာ ရောင်းချဖို့မလွယ်တော့တဲ့ အနေအထားပါ။အမေရိကန်က တရုတ်ကို စီးပွားရေးနဲ့ နိုင်ငံရေးသာမကပါဘူး။တရုတ်မှာ လာမယ့်ဇန်နဝါရီမှာ ကျင်းပဖို့ရှိနေတဲ့ ၂၀၂၂ ပေကျင်း အိုလံပစ်ပြိုင်ပွဲကို သံတမန်နည်းအရ သပိတ်မှောက်ကြဖို့ ဆော်သြနေတာလည်းရှိပါတယ်။ဒီလို အမေရိကန်ရဲ့ ဆော်သြမှုနောက်ကို ဗြိတိန်၊ ကနေဒါ၊ သြစတြေးလျနဲ့ ဂျပန်တို့ ပါဝင်လာပါတယ်။

ဒီလိုပုံစံတွေအရဆိုရင် အမေရိကန်နဲ့ တရုတ်နိုင်ငံအကြားမှာ တင်းမာမှုတွေ ဆက်တိုက်ရှိလာဖို့များနေသလို တရုတ်ဘက်ကလည်း လက်တုံ့ပြန်ဖို့များနေပါတယ်။လက်ရှိမှာ ကမ္ဘာ့ဘဏ်ကလည်း တရုတ်စီးပွားရေးကို အိုမီခရွန်ကြောင့် ကျနိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းထားတာကို ဒီတစ်ပတ်မှာ ထုတ်ပြန်ခဲ့ပါတယ်။လက်ရှိမှာ အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှုတွေ၊ ပြည်တွင်း အိမ်ခြံမြေဈေးကွက် ပျက်ယွင်းနေမှုတွေနဲ့ နိုင်ငံခြားကုန်သွယ်မှု ကျဆင်းနေမှုတွေကြောင့် စီးပွားရေးက ကမ္ဘာတစ်ဝန်းက နိုင်ငံတွေလိုပဲ တရုတ်မှာ နှေးကွေးစပြုလာနေပါတယ်။ကမ္ဘာ့ဘဏ်ထုတ်ပြန်ချက်အရဆိုရင် တရုတ်နိုင်ငံ စီးပွားရေးဟာ လာမယ့် ၂၀၂၂ အတွင်းမှာ ရုန်းကန်ရလိမ့်မယ်လို့ ဆိုပါတယ်။ဒီအတွက် တရုတ်အနေနဲ့ အမေရိကန်ကို တုံ့ပြန်မှုဟာ ဘယ်လိုနည်းနဲ့ တုံ့ပြန်မလဲဆိုတာ စိတ်ဝင်စားစရာပါ။

ဒီလိုသတင်းတွေအပြင် အမေရိကန် လွှတ်တော်အမတ်တစ်ဦး ဖီလာဒဲဖီးယား မြို့လယ်ကောင်မှာ သေနတ်ထောက်ပြီး ကားလုယက်ခံရတာ၊ အကျင့်ပျက်ခြစားမှုနဲ့ ထောင် ၂၂ နှစ် ချမှတ်ခံထားရတဲ့ တောင်ကိုရီးယားရဲ့ ပထမဆုံး အမျိုးသမီးသမ္မတ ပတ်ဂွမ်ဟေး ကို အထူးလွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးခဲ့တာ၊ ဘင်္ဂလားဒေ့ရှ်မှာ လူ ၅၀၀ ခန့် စီးနင်းလိုက်ပါလာတဲ့ ကူးတို့သင်္ဘော မီးလောင်ကျွမ်းလို့ ခရီးသည် ၄၀ ဦးအထိ သေဆုံးခဲ့တာ၊ အမေရိကန် နာဆာရဲ့ ဒေါ်လာကိုးဘီလီယံတန် ကမ္ဘာ့အကြီးဆုံး အာကာသကြည့်မှန်ပြောင်း အောင်မြင်စွာလွှတ်တင်နိုင်ခဲ့တာ၊ ကွန်ဂိုမှာ ခရစ္စမတ်နေ့ အသေခံဗုံးခွဲလို့ လူ ၆ ဦးသေဆုံးခဲ့တာ၊ တောင်အာဖရိက ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒက်စ်မွန် တူးတူး အသက် ၉၀ အရွယ်မှာ ကွယ်လွန်သွားခဲ့တာ၊ ဂျပန်မြောက်ပိုင်းနဲ့ အနောက်ဘက်မှာ ဆီးနှင်းထူထဲစွာကျရောက်လို့ ပြည်တွင်းလေကြောင်းခရီးစဉ် ၁၀၀ ကျော်ကို ရပ်ဆိုင်းထားလိုက်ရတာ၊ ပုပ်ရဟန်းမင်းကြီးက ခရစ္စမတ်အခါသမယမှာ နိုင်ငံတွင်း ရေရှည်ပဋိပက္ခတွေနဲ့ ပြည်သူတွေ အဆုံးမရှိခံစားနေရတဲ့ မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံတွေအတွက်လည်း ဆုတောင်းပေးခဲ့တာ၊ ဖိလစ်ပိုင်ကို စူပါတိုင်ဖွန်းမုန်တိုင်း 'ရိုင်' ဝင်ရောက်တိုက်ခတ်ခဲ့လို့ လူပေါင်းတစ်ရာကျော်သေဆုံးခဲ့တာ စတဲ့သတင်းတွေကလည်း ဖြစ်ခဲ့တာရှိခဲ့ကြောင်း တင်ပြရင်း ယခုရက်သတ္တပတ် နိုင်ငံတကာသတင်းသုံးသပ်ချက်ကို ရပ်နားလိုက်ချင်ပါတယ်။

မင်းထက်
ဒီဇင်ဘာ - ၂၇