【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ကိုဗစ်တတိယလှိုင်းကို ကမ္ဘာကြီးရင်ဆိုင်နိုင်ပါ့မလား

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ကိုဗစ်တတိယလှိုင်းကို ကမ္ဘာကြီးရင်ဆိုင်နိုင်ပါ့မလား

ယခုရက်သတ္တပတ်အတွင်း ကိုဗစ်ဗီဇပြောင်းတစ်ခုဖြစ်တဲ့ ဒယ်လ်တာကြောင့် အရှေ့တောင်အာရှနိုင်ငံတွေမှာ အသေအပျောက်မြင့်တက်ခဲ့ရာကနေ ဒီနိုင်ငံတွေနဲ့ ကူးလူးဆက်ဆံမှုများတဲ့ တရုတ်နဲ့ ဩစတြေးလျှမှာပါ ကူးစက်မှုမြင့်တက်လာလို့ ထိတ်ထိတ်လန့်လန့်ဖြစ်စရာအခြေအနေရောက်ခဲ့ပါတယ်။

ဗိုင်းရပ်စ်ကူးစက်ပုံက ကာကွယ်ဆေးမတိုးတော့တဲ့ပုံစံဖြစ်လာလို့ WHO လို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပါ သတိပေးနေရပါပြီ။ဒီလို ကိုဗစ်ကြောင့် နိုင်ငံတကာမှာသောကများနေချိန်မှာ တောင်တရုတ်ပင်လယ်ထဲကို ဗြိတိန်လေယာဉ်တင်စစ်သင်္ဘောဝင်လာလို့ တရုတ်ဘက်က သတိပေးချက်ထုတ်ခဲ့တဲ့အတွက် စစ်ရိပ်စစ်ငွေ့သန်းလာပြီလားဆိုပြီး နိုင်ငံတကာက ခေါင်းထောင်ကြည့်နေရတဲ့ အနေအထားပါ။

ဒီသတင်းနှစ်ခုရဲ့ ရှေ့ဆက်ဖြစ်လာနိုင်တဲ့ အရေးမှန်သမျှက ကမ္ဘာပေါ်မှာနေတဲ့သူတိုင်းရဲ့အနာဂတ်နဲ့ နေထိုင်မှုအပေါ် တိုက်ရိုက်ပတ်သက်နိုင်တဲ့ အနေအထားပါ။ဒီလို စိတ်ဝင်စားစရာသတင်းတွေအပြင် ဒီတစ်ပတ်မှာ သတိထားမိတဲ့ တခြားသတင်းတွေလည်းရှိပါတယ်။အမေရိကန်တပ်စခန်းတွေ အီရတ်ကနေ ယခုနှစ်ကုန်မှာ ရုပ်သိမ်းဆုတ်ခွာမယ်လို့ အိမ်ဖြူတော်ကထုတ်ပြန်ခဲ့တာ၊ တူနီးရှားမှာ ကိုဗစ်ကိုင်တွယ်ပုံမကြိုက်လို့ အစိုးရကို  ပြည်သူတွေဆန္ဒပြလို့ ဝန်ကြီးချုပ်ကို သမ္မတက ရာထူးကနေဖြုတ်လိုက်တာ၊ တစ်နှစ်ကြာ အဆက်အသွယ်ပြတ် နေတဲ့ တောင်နဲ့ မြောက် ကိုရီးယားနှစ်နိုင်ငံအကြား အရေးပေါ်ဆက်သွယ်ရေးလိုင်းကို ဇူလိုင် ၂၇ ရက်မှာ ပြန်ဖွင့်ခဲ့တာ၊ အာဖဂန်မှာ တာလီဘန်တွေက သိမ်းပိုက်ထားတဲ့ နယ်မြေတွေမှာ အခွန်အခတွေ စတင်ကောက်ယူလာတာ၊ သိမ်းပိုက်ခံ အနောက်ဖက်ကမ်းမှာအသတ်ခံရတဲ့ ပါလက်စတိုင်း ကလေးငယ်တစ်ဦးရဲ့ နာရေးမှာ ပါလက်စတိုင်းသားနဲ့ အစ္စရေးစစ်သားတွေ ထိပ်တိုက်တွေ့ခဲ့ကြတာ၊ အဇာဘိုင်ဂျန်နိုင်ငံနဲ့ ထိပ်တိုက်တွေ့မှုဖြစ်ပွားပြီးနောက်မှာ အာမေးနီးယားက နယ်စပ်မှာ ရုရှားတပ်တွေ ဖြန့်ကြက်ပေးဖို့ တောင်းဆိုလိုက်တာ၊ အာဖဂန်မှာ တာလီဘန်တွေသာ အာဏာကြီးစိုးသွားရင် ‘အပယ်ခံနိုင်ငံ’ ဖြစ်လာလိမ့်မယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက သတိပေးခဲ့တာလို နိုင်ငံရေးဆိုင်ရာသတင်းတွေလည်း ရှိခဲ့ပါတယ်။

ဒါ့အပြင် သဘာ၀ဘေးဆိုင်ရာသတင်းတွေဖြစ်တဲ့ အလက်စကာမှာ ပြင်းအား ၈.၂ အဆင့်ရှိ ငလျင်လှုပ်ခဲ့ တာ၊ ပီရူးမှာ ပြင်းအား ၆ .၂ အဆင့်ရှိ ငလျင်လှုပ်ခတ်လို့ ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တာ၊ အင်ဒိုနီးရှားနိုင်ငံရှိ ဆီနာ ဘန်းမီးတောင်ပေါက်ကွဲလို့ ယင်းပတ်ဝန်းကျင်ကို သတိပေးချက်ထုတ်ထားတာ၊ အိန္ဒိယနိုင်ငံ ဂျမူးမြို့၊ ရာဂျစ်နာဂါဒေသတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေလွှမ်းမိုးမှုကြောင့် အိမ်များ ဒါဇင်နှင့်ချီပျက်စီးခဲ့ရတာ၊ တူရကီနိုင်ငံ မြေထဲပင်လယ်အပန်းဖြေဒေသဖြစ်တဲ့ အန်တယ်ယာမြို့အနီးမှာ တောမီးလောင်လို့ လူ ၃ ဦးသေဆုံးပြီး ရာကျော်ဒဏ်ရာရခဲ့တာ၊ တရုတ်ပြည်အလယ်ပိုင်း ကျန်ကျိုးမြို့မှာဖြစ်ခဲ့တဲ့ ရေကြီးမှုကြောင့် ရွှေ့ပြောင်းအလုပ်သမားအများအပြား ပိတ်မိနေတာ၊ တရုတ်နိုင်ငံ ရှေးဟောင်းမြို့တော် ဒန်းဟောင်မှာ  ပေ ၃၀၀ အမြင့်ရှိ သဲမုန်တိုင်းတိုက်ခတ်ခဲ့လို့ လမ်းပန်းဆက်သွယ်ရေးခက်ခဲကုန်တာ၊ မုတ်သုန်မိုးကြီးခြင်းနဲ့ မြေပြိုမှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းမှာ လူ ၂၀ သေဆုံးခဲ့တဲ့ သတင်းတွေလည်းဖြစ်ခဲ့ပါတယ်။

ဒီထဲက ကမ္ဘာအတွက် ကိုဗစ်မျိုးဗီဇပြောင်း ဒယ်လ်တာခြိမ်းခြောက်နေမှုနဲ့ တောင်တရုတ်ပင်လယ်မှ အချိန်မရွေးထတောက်နိုင်တဲ့ စစ်ရေးအခြေအနေသတင်းတွေကနေ ဘာတွေဖြစ်လာနိုင်သလဲဆိုတာ သုံးသပ်ကြည့်ချင်ပါတယ်။

တရုတ်ရင်ဆိုင်လာရတဲ့ အားကောင်းလာတဲ့ မဟာမိတ်ဖွဲ့မှုတွေ

ဇူလိုင် ၃၁ ရက်မှာ တရုတ်ကွန်မြူနစ်ပါတီရဲ့အာဘော် Global Times သတင်းစာကနေ တောင်တရုတ်ပင်လယ်ပြင်ထဲဝင်လာနေတဲ့ ဗြိတိန်လေယာဥ်တင်သင်္ဘော HMS Queen Elizabeth ဦးဆောင်တဲ့ တိုက်ခိုက်ရေး ရေတပ်သင်္ဘောအုပ်စုကို မသင့်လျော်တဲ့အပြုအမူတွေမလုပ်ဖို့ သတိပေးခဲ့ပြီး တရုတ်ရေတပ်အနေနဲ့ တိုက်ပွဲဝင်ဖို့ အဆင့်မြင့်မြင့် အသင့်ပြင်ဆင်ထားတယ်ဆိုပြီး ပြောခဲ့ပါတယ်။

ဗြိတိန်လေယာဥ်တင်သင်္ဘော HMS Queen Elizabeth ဟာ စင်္ကာပူရေတပ်နဲ့ စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်အပြီး ဂျပန်ကိုသွားဖို့ တောင်တရုတ်ပင်လယ်ကိုဖြတ်နေတာပါ။ဒီ ဗြိတိန်လေယာဥ်တင်သင်္ဘောအုပ်စုနဲ့ပတ်သက်ပြီး တရုတ်အပြင် ရုရှားကလည်း အနီးကပ်စောင့်ကြည့်နေတာဖြစ်ပါတယ်။ဗြိတိန်တိုက်ခိုက်ရေး ရေယာဉ်အုပ်စုရဲ့ ဒီခရီးစဉ်ဟာ ဗြိတိသျှကာကွယ်ရေးဝန်ကြီးရဲ့ တောင်တရုတ်ပင်လယ်ထဲမှာ လွတ်လပ်စွာသွားလာနိုင်ဖို့ ကြိုးပမ်းမယ်ဆိုတဲ့စကားကို လက်တွေ့အကောင်အထည်ဖော်နေတာဖြစ်ပြီး တရုတ်ဘက်က သူ့ပိုင်နက်လို့ပြောနေတဲ့ ဒီရေပြင်ကို အမေရိကန်ရေတပ်နဲ့ဗြိတိန်ရေတပ်တွေက ပမာမခန့် ရန်စပြီး မကြာခဏခရီးနှင်ပြနေကြတဲ့သဘောပါပဲ။

တရုတ်ဘက်က ဒီလိုသတိပေးသံထွက်လာတဲ့အတွက်  ပြီးခဲ့တဲ့ဇွန်လက ကရိုင်းမီးယားမှာ ဗြိတိသျှဖျက် သင်္ဘော HMS Defender အနီး ရုရှားစစ်လေယာဥ်တွေ အနီးကပ်ဖြတ်ပျံသလိုမျိုး ထပ်ကြုံဦးမလားဆိုတာ စိုးထင့်စရာ ဖြစ်လာခဲ့ပါတယ်။တချို့ နိုင်ငံတကာအကဲခတ်တွေကတော့ ဒီလောက်ထိ ထိပ်တိုက်တွေ့ဖို့ တရုတ်မလုပ်နိုင်လောက်ဘူးလို့ ခန့်မှန်းမှုတွေရှိခဲ့ပါတယ်။ဒါပေမယ့် ၂၀၁၈ ခုနှစ်တုန်းက ဗြိတိန်သင်္ဘော HMS Albion ကြုံခဲ့ သလို တရုတ်လေယာဥ်တစ်စင်းက မီတာ ၂၀၀ အကွာကနေ ကပ်လိုက်လာတာမျိုးလောက်တော့ ဖြစ်လာနိုင်တယ်ဆိုပြီး ခန့်မှန်းမှုတော့ရှိပါတယ်။

စစ်ရေးနဲ့ စီးပွားရေးအင်အား တားမရအောင် ကြီးမားလာနေတဲ့ တရုတ်အပေါ် အမေရိကန်အပြင် ဗြိတိန်၊ ပြင်သစ်နဲ့ တခြားဥရောပနိုင်ငံတွေပါ အာရုံစိုက်လာတာဟာ တရုတ်အတွက် စစ်ရေး၊ စီးပွားရေးမှာ ကောင်းတဲ့ အလားအလာမဟုတ်ပါဘူး။ပဋိပက္ခတွေက ထင်တာထက်ပိုများလာမယ့်အနေအထားကို ဦးတည်နေသလို တရုတ်ရဲ့အားနည်းချက်ဖြစ်တဲ့ လူဦးရေ တစ်ဘီလျံကျော်အတွက် စီးပွားရေးတိုးတက်မှုကို တစ်ချိန်မဟုတ် တစ်ချိန်မှာ ထိခိုက်နိုင်တဲ့ အနေအထားပါပဲ။ဒူရှန်ဘီမှာ လုပ်တဲ့ ရှန်ဟိုင်းပူးပေါင်းအဖွဲ့ညီလာခံမှာ တရုတ်ကာကွယ်ရေးဝန်ကြီးကတော့ တရုတ်ပိုင်နက်နဲ့ပတ်သက်ပြီး အထိမခံဘူး၊ အညှိမခံဘူးလို့ ပြောခဲ့တာရှိပါတယ်။

အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုဟာ ထရမ့်လက်ထက်ကနဲ့မတူပဲ ဘိုင်ဒင်လက်ထက်မှာ ပြန်ပြီးစည်းလုံးလာတာကိုတွေ့ရသလို အမေရိကန်ဦးဆောင်မှုနဲ့ တရုတ်ကို အများနဲ့တစ်ယောက်လိုဖြစ်လာအောင် ပုံဖော်နေတာကိုလည်း တွေ့နေရပါတယ်။အစဉ်အလာမဟာရန်သူ ရုရှားဘက်ကနေ တရုတ်ဘက်ကို အမေရိကန်ကပြောင်းလိုက်တာ သိသာတဲ့အနေအထားဖြစ်နေပြီး နောင်မှာ စစ်အေးတိုက်ပွဲတစ်ခုတော့ အနည်းဆုံး တရုတ်ဦးဆောင်တဲ့အုပ်စုနဲ့ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုအကြား ဆင်နွှဲလာကြဖို့ သေချာနေပါတယ်။ 

အမေရိကန်က တရုတ်ရဲ့နောက်ဆုံးပေါ်ဖြစ်ပေါ်တိုးတက်မှုတွေကို စောင့်ကြည့်နေသလို သူ့ရဲ့နည်းပညာ ပိုင်းမှာလည်း တရုတ်ဘက်ကို ပေါက်ကြားမှုမဖြစ်အောင် အတော်လေးစေ့စေ့စပ်စပ်လုပ်နေတာကို တွေ့ရပါတယ်။ထောက်လှမ်းရေးကို အသေအချာလုပ်နေသလို လူသူအရောက်အပေါက်နည်းတဲ့ ရှင်ကျန်းဒေသမှာ တရုတ်က နျူကလီးယား ဒုံးကျည်ပစ်စင်အသစ်တွေ တည်ဆောက်တာတွေ၊ Hypersonic Glide Vehicles လို့ခေါ်တဲ့ အသံ ထက် ၈ ဆမြန်တဲ့ လေယာဥ်တင်သင်္ဘောဖျက်ဒုံးကျည်တွေ တီထွင်နိုင်ဖို့အထိ လုပ်နေတာတွေကို ထောက်လှမ်း နေတာကို ထုတ်ပြန်ခဲ့ပါတယ်။အမေရိကန်သိပ္ပံပညာရှင်တွေကလည်း နျူကလီးယားစီမံကိန်းတွေ တရုတ်ကတိုးချဲ့လုပ်ဆောင်နေတာကို သတိထားဖို့ အခြေအနေရောက်နေပြီဆိုပြီး သတိပေးခဲ့တာ တွေ့ရပါတယ်။

အမေရိကန်ကာကွယ်ရေးဌာန (ပင်တဂွန်) ကလည်း  တရုတ်ကုမ္ပဏီကထုတ်တဲ့ နည်းပညာတွေသုံးစွဲတာတွေကို တားမြစ်တာတွေလုပ်ခဲ့တာကို တွေ့ရပါတယ်။ဒီထဲမှာ တရုတ်နည်းပညာကုမ္ပဏီ Da Jiang Innovations (DJI) က ထုတ်လုပ်တဲ့ ဒရုန်းနှစ်မျိုးကို အမေရိကန်အမျိုးသားလုံခြုံရေးအတွက် ခြိမ်းခြောက်မှုဖြစ်နိုင်ခြေရှိတဲ့အထဲ ထည့်ခဲ့ပါတယ်။ဥရောပသမဂ္ဂ၊ ယူကေ၊ သြစတြေးလျှ၊ ကနေဒါ၊ နယူးဇီလန်၊ ဂျပန်၊ နေတိုးအုပ်စုဝင်တွေနဲ့သဘောတူညီချက်ရယူပြီး တရုတ်ဘက်ကလုပ်လာနိုင်တဲ့ အဖျက်အမှောင့် ဆိုက်ဘာလှုပ်ရှားမှုတွေကို ဖော်ထုတ်ကာကွယ်ဖို့ မဟာမိတ်ဖွဲ့တာကိုလည်း တွေ့ရပါတယ်။ဒီတစ်ပတ်ထဲမှာပဲ နေတိုးက တရုတ်ရဲ့ဆိုက်ဘာလှုပ်ရှားဆောင်ရွက်မှုတွေကို ပထမဆုံးအကြိမ် ပြစ်တင်ရှုတ်ချတာကို တွေ့ရပါတယ်။

အမေရိကန်အစိုးရက ဒီအပတ်ထဲထုတ်ပြန်ခဲ့တဲ့ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာမှာ တရုတ်အစိုးရပံ့ပိုးထားတဲ့ ဆိုက်ဘာတိုက်ခိုက်သူတွေက လွန်ခဲ့တဲ့ဆယ်နှစ်ကျော်ကတည်းက အမေရိကန်ရဲ့ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီတွေကို ပစ်မှတ်ထားခဲ့တယ်ဆိုပြီး ဖော်ပြခဲ့ပါတယ်။ဒါ့အပြင် လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ပတ်သက်ပြီး အိုလံပစ်ပြိုင်ပွဲ စပွန်ဆာပေးတဲ့ အမေရိကန်ကုမ္ပဏီတွေ တရုတ်ကို ပြစ်တင်ရှုတ်ချတာတွေမလုပ်ရင် ပါဝင်ပတ်သက်တယ်ဆိုပြီး အရေးယူမယ်လို့ သတိပေးခြိမ်းခြောက်ခဲ့တာလည်း ရှိခဲ့ပါတယ်။ဇူလိုင်လ ၂၉ ရက်မှာ အမေရိကန်တရားရေးဌာနက လူနှစ်ဦးကို တရုတ်ထောက်လှမ်းရေးဆိုပြီး တရားစွဲခဲ့တာရှိခဲ့ပါတယ်။ဒါတွေကိုကြည့်ရင် အမေရိကန်နဲ့ တရုတ်အကြား တင်းမာမှုပြင်းထန်နေပြီလား၊ ခတ်ကွင်းပြင်နေကြပြီလား ဆိုတာ တွေးစရာဖြစ်လာခဲ့ပါတယ်။

ဒီရက်ပိုင်းမှာ စင်ကာပူ၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်ကို လာရောက်တဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက် အော်စတင်ရဲ့ ခရီးစဉ်မှာ အော်စတင် က ဖိလစ်ပိုင်အတွက် လုံခြုံရေးအာမခံချက်ကို တောင်တရုတ်ပင်လယ်အထိ ဖြန့်ကြက်သွားမယ်ဆိုပြီး ဖိလစ်ပိုင်သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။အာရှ-ပစိဖိတ် ဒေသတွင်းမှာ ဘိုင်ဒင် တက်လာပြီးနောက်ပိုင်း တရုတ်ဆန့်ကျင်ရေးအရှိန်အဟုန်က ပိုကောင်းလာသလို စစ်ရေးတည်ဆောက်မှုတွေ မြင့်တက်လာနေတာကလည်း ဒေသတွင်းမှာ စိုးရိမ်စရာအခြေအနေ ရောက်လာနေပါတယ်။တရုတ်ရဲ့အစဉ်အလာရန်ဘက် ဂျပန်ဆိုရင် စစ်အင်အားပြန်တည်ဆောက်နေရုံမက ထိုင်ဝမ်နဲ့ပတ်သက်ပြီး ဂျပန်က ပြောခဲ့တာတွေက တရုတ်ကို ဒေါသထွက်စေခဲ့လို့ နှစ်နိုင်ငံအကြားတင်းမာမှု မြင့်တက်နေခဲ့ပါတယ်။ဂျပန်က  ဩစတြေးလျှကို ဒေသတွင်းပင်လယ်ရေပြင်တွေမှာ  တရုတ်ရဲ့နယ်မြေတောင်းဆိုမှုများကို အတူတကွရင်ဆိုင်ဖြေရှင်းသွားဖို့ စည်းရုံးခဲ့တာကိုလည်း တွေ့ရပါတယ်။

အမေရိကန်အနေနဲ့ တရုတ်ဘက်ကို ဖိနေချိန်မှာ ရုရှားရဲ့အနေအထားက စိတ်ဝင်စားစရာပါ။အထူးသဖြင့် သောကြာနေ့မှာ အီရန်က အိုမန်ကမ်းရိုးတန်းမှာ အစ္စရေးကုန်တင်သင်္ဘောကို ပစ်ခတ်ခဲ့လို့ ဗြိတိန်နိုင်ငံသားနဲ့ ရိုမေးနီးယားနိုင်ငံသား ပေါင်းနှစ်ဦးသေဆုံးခဲ့ပါတယ်။အီရန်ဟာ ရုရှားကျောထောက်နောက်ခံရှိနေတဲ့ အရှေ့အ လယ်ပိုင်းက ပြဿနာနိုင်ငံပါ။အီရန်က အမေရိကန်ရဲ့ ဒေသတွင်းမဟာမိတ် အစ္စရေးကို နားရွတ်တံတွေးဆွတ်ပြီး ရန်စတဲ့အပြုအမူက ဘယ်လောက်ထိ ကျယ်ကျယ်ပြန်ပြန့်တုံပြန်မလဲဆိုတာ ရင်တမမကြည့်ရမှာဖြစ်နေသလို ဖြစ်လာရင် ရုရှားက ဘယ်လိုနေရာက ရပ်တည်မလဲဆိုတာ သေသေချာချာခန့်မှန်းလို့မရသေးတဲ့ အခြေအနေပါ။

ရုရှားက ယခုနှစ်ပိုင်းမှာ စစ်ရေးအင်အားကောင်းလာပုံရပြီး မကြာသေးခင်က စိန်ပီတာစဘတ်မှာကျင်းပတဲ့ ရုရှားရေတပ်ပွဲမှာဆိုရင် ဗြိတိန်ဖျက်သင်္ဘောကိစ္စကို အစာမကြေတဲ့သဘောနဲ့ ရုရှားရေတပ်က လိုအပ်လာရင် ကာကွယ်လို့မရနိုင်တဲ့ တိုက်ခိုက်မှုမျိုး ပြုလုပ်သွားနိုင်တယ်ဆိုပြီး အနောက်အုပ်စုကို ပူတင် က သတိပေးခဲ့ပါတယ်။ကြည့်ရမယ်ဆိုရင် အခြေအနေက အလွန်ကိုရှုပ်ထွေးနေတယ်လို့ ပြောရမယ့်အနေအထားပါပဲ။

ဗိုင်းရပ်စ်ဇာစ်မြစ်ပြဿနာနဲ့ နိုင်ငံတကာနဲ့လှည့်တိုက်ထားတဲ့ အမေရိကန်ရဲ့ သံတမန်တိုက်ကွက်ကို တရုတ် ရင်ဆိုင်နေရသလို တစ်ဖက်ကလည်း တောင်တရုတ်ပင်လယ်နဲ့ ထိုင်ဝမ်ကို လူးလားခေါက်တုံ ဖြတ်သွားဖြတ်လာလုပ်ပြနေတဲ့ အနောက်အုပ်စုရဲ့ စစ်မြူနေမှု၊ ဒေသတွင်းမှာ အမေရိကန်ရဲ့စည်းရုံးမှုနောက်ပါသွားမယ့်အရေး၊ တစ်ကျော့ပြန် ကိုဗစ်တတိယလှိုင်းတွေနဲ့ ဗျာများနေသလို အမေရိကန်လည်း ရုရှခေါင်းထောင်လာမှု၊ ကိုဗစ်ပြဿနာနဲ့ အရှေ့အလယ်ပိုင်းက အီရန်ပြဿနာတွေကြောင့် တစ်ဘက်နဲ့ တစ်ဘက် အခြေအနေတွေက သူမသာ ကိုယ်မသာ အခြေအနေကို ရောက်နေကြပါတယ်။

မကြာခင်ရက်ပိုင်းမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ မဲခေါင်မြစ်ဝန်းဒေသဆွေးနွေးပွဲ၊ ဒုသမ္မတရဲ့ စင်ကာပူ၊ဗီယက်နမ် ခရီးစဉ်တွေရှိတဲ့အတွက် အခြေအနေက ဘယ်လောက်ထိပြောင်းလဲလာနိုင်ဦးမလဲဆိုတာ ကြိုတင်ခန့်မှန်းဖို့ ခက်နေပါတယ်။ဘာပဲဖြစ်ဖြစ် ဒေသတွင်းအခြေအနေကတော့ ဘာမဆိုဖြစ်သွားနိုင်တဲ့ အနေအထားဖြစ်နေလို့ မျက်ခြေမပြတ်စောင့်ကြည့်နေရတော့မယ့် အခြေအနေဆိုက်နေပြီဖြစ်ပါတယ်။

စစ်ပွဲအသွင်ရင်ဆိုင်ရတော့မယ့် ဒယ်လ်တာ

၂၀၁၉ ခုနှစ် ဒီဇင်ဘာကနေစခဲ့တဲ့ COVID-19 ကူးစက်ကပ်ရောဂါအခြေအနေက အခုအခါ အဆိုးရွားဆုံးအခြေအနေကို တစ်ကျော့ထပ်ပြန်ရောက်တော့မယ့်အနေအထား ရောက်နေပါတယ်။ကာကွယ်ဆေးတွေ ထွက်လာတဲ့အချိန်မှာ ဒီကပ်ဘေးကနေ လွတ်မြောက်နိုင်တော့မယ်ဆိုတဲ့ မျှော်လင့်ချက် အလင်းရောင်တစ်စက ယခုအခါ ကိုဗစ်ဗီဇပြောင်း ဒယ်လ်တာကြောင့် ပြန်ပျောက်ကွယ်တော့မယ့်အခြေအနေကို ရောက်နေခဲ့ပါပြီ။

အထူးသဖြင့် ကူးစက်မှုနှုန်းမြန်ဆန်ပြီး အသေအပျောက်များတဲ့ ဒယ်လ်တာ ဗီဇပြောင်းပိုးကြောင့် အရှေ့တောင်အာရှနိုင်ငံတွေမှာ အလူးအလဲခံနေရပြီး အင်ဒိုနီးရှားနဲ့မြန်မာလိုနိုင်ငံတွေမှာ သေဆုံးမှုနှုန်းတွေ ထိတ်လန့်ဖွယ်မြင့်တက်ခဲ့ပါတယ်။ကိုဗစ်ဗီဇပြောင်း ဒယ်လ်တာနဲ့ ပတ်သက်ပြီး WHO က အပြင်းအထန်သတိပေးခဲ့ပြီး ဒီမျိုးကွဲကနေ ပိုမိုဆိုးရွားသည့် မျိုးကွဲနောက်တစ်ခုအဖြစ်မပြောင်းမီ အမြန်ဆုံးထိန်းချုပ်ဖို့ နိုင်ငံတကာကို တိုက် တွန်းရတဲ့အထိ COVID-19 ဗိုင်းရပ်စ်က ထိန်းချုပ်ဖို့ခက်ခဲတဲ့အထိ ဖြစ်လာနေခဲ့ပါတယ်။

ဒယ်လ်တာမျိုးကွဲက အမေရိကန်၊ ဥရောပကို နောက်တစ်ကျော့ပြန်မဝင်ခင် တက်သုတ်ရိုက်ပြီး ကာကွယ်ဆေးထိုးနေကြသလို ကာကွယ်ဆေးထိုးဖို့ လူငယ်တွေကို မက်လုံးတွေပေးပြီး ဆွဲဆောင်နေရတဲ့အထိ လုပ်နေကြရတာကိုတွေ့ရပါတယ်။အမေရိကန် ထိပ်တန်းကူးစက်ရောဂါထိန်းချုပ်ရေးပညာရှင် ဖော်စီ က ဒယ်လ်တာကြောင့်  ကာကွယ်ဆေးထိုးပြီးတဲ့သူတွေတောင် mask တပ်ထားဖို့ နိုင်ငံ့ခေါင်းဆောင်တွေကို တိုက်တွန်းခိုင်းနေရတဲ့အထိပါပဲ။လက်ရှိ အမေရိကန်နိုင်ငံမှာ ကာကွယ်ဆေးထိုးထားတဲ့ အရေအတွက်က ၁၆၃ သန်းထိရှိနေပြီး ဒါဟာကာကွယ်ဆေးထိုးနိုင်တဲ့အရေအတွက်ရဲ့ ၄၉ ရာခိုင်နှုန်းပါ။ဒီလောက်ထိ ကာကွယ်ဆေးထိုးထားသူများနေတာ တောင် ဒယ်လ်တာအတွက် အမေရိကန်က စိုးရိမ်နေရတယ်ဆိုရင် ဗီဇပြောင်းပိုးတွေရဲ့ ကူးစက်သတ်ဖြတ်နိုင်မှုက ကမ္ဘာအတွက် နောက်တစ်ဖန် ကပ်ဘေးဖြစ်လာနိုင်တဲ့ အလားအလာများနေတာ သေချာနေတဲ့သဘောပါပဲ။

ကမ္ဘာမှာ ကာကွယ်ဆေးအများဆုံးထိုးထားတဲ့ တရုတ်မှာဆိုရင် နယ်စပ်ဖြစ်တဲ့ မြန်မာ၊ ဗီယက်နမ်၊ လာအို နယ်စပ်ပြည်နယ်ဖြစ်တဲ့ ယူနန်မှာ ပြည်တွင်းကူးစက်မှုတွေ ပြန်ဖြစ်နေပြီး ဒယ်လ်တာဗီဇပြောင်းမျိုးကွဲကြောင့် ထိန်းချုပ်ဖို့လုပ်နေရတာကို တွေ့ရပါတယ်။ဒီရက်ပိုင်းသတင်းတွေအရဆိုရင် တရုတ်က ဘေကျင်း၊ ချုံကင်းနှင့် ပြည်နယ် ၅ ခုမှာ ဖြစ်နေပြီး ဖူကျင်းပြည်နယ်နှင့် ချုံကင်းမြို့ တော်ဖြစ်တဲ့ နန်ကျင်းမှာ ဒယ်လ်တာမျိုးကွဲ ကူးစက်မှု ကြောင့် လေဆိပ်တွေကိုလည်းပိတ်ထားရတဲ့အ‌ခြေအနေကို ဆိုက်ရောက်နေပါတယ်။အဲဒီမှာတော့ ရုရှားကနေလာတဲ့ လေယာဉ်ကိုသန့်ရှင်းရေးလုပ်တဲ့ လူတွေဆီကနေ ကူးတာဖြစ်ပြီး ဒယ်လ်တာဗီဇပြောင်းဗိုင်းရပ်စ်က ဘေကျင်းမြို့တော်နဲ့ ချန်ဒူးမြို့တွေအပါအဝင် မြို့ပေါင်း ၁၃ မြို့မှာ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့ရောက်ရှိသွားပြီလို့ ဆိုပါတယ်။ဒီကူးစက်မှုအတွက် တရုတ်အာဏာပိုင်တွေက လူ ၁ သန်းကျော်ကို လော့ခ်ဒေါင်းချပြီး အကြီးအကျယ် ရောဂါရှာဖွေမှုများ ပြုလုပ်ခဲ့ပါတယ်။ 

ဒယ်လ်တာက လက်ရှိမှာ ပစ်ဖိုင်ဇာတစ်ခုလောက်သာ ကာကွယ်နိုင်တယ်လို့ဆိုပြီး တချို့ဆေးတွေဆိုရင် နှစ်မျိုးတွဲထိုးတာ ပိုစွမ်းတဲ့အတွက် စပ်ဟပ်ထိုးနေတာရှိသလို နောက်ပိုင်းမှာ ကာကွယ်ဆေးက ထင်သလောက်မစွမ်းတဲ့အတွက် သုံးကြိမ်ထိုးဖို့ပါ စဉ်းစားနေကြတဲ့ သတင်းတွေထွက်လာခဲ့တာကို တွေ့ရပါတယ်။ဒီလိုစဉ်းစားရအောင်လည်း လူဦးရေ၏ ၁၄ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးပြီးတဲ့ သြစတြေးလျှက ဘရစ်စဘိန်းနှင့် ကွင်းစလန်မှာ ဒယ်လ်တာကူးစက်မှုတွေကြောင့် လေ့ာခ်ဒေါင်းချထားရသလို ဂျပန်မှာလည်း ကြာသပတေးနေ့မှာ နိုင်ငံတစ်ဝန်းကူးစက်သူ တစ်သောင်းအထိ စံချိန်တင်ခဲ့ပါတယ်။

ဒယ်လ်တာဟာ ကူးစက်မှုမြန်နေသလို သေဆုံးမှုကလည်း ကြောက်စရာအခြေအနေရှိနေတဲ့အတွက် နိုင်ငံတိုင်းက နောက်ထပ်လှိုင်းတစ်ခု ဒယ်လ်တာကြောင့်ဖြစ်လာနိုင်တာကို မြင်နေတဲ့အတွက် သတိပေးမှုတွေလုပ်နေရသလို ကာကွယ်ဆေးထိုးမှုက ကမ္ဘာ့တစ်ဝန်းမလွှမ်းခြုံနိုင်ရင် နောက်ထပ်ဗီဇကွဲတွေ ထွက်လာနိုင်တဲ့ အတွက် ကာကွယ်ဆေးမထိုးရသေးတဲ့ နိုင်ငံနဲ့ ဒေသတွေကို တက်သုတ်ရိုက်ထိုးနိုင်ဖို့ ကြိုးစားနေရတဲ့အခြေအနေကို ရောက်လာနေတာ တွေ့နေရပါတယ်။

အစောပိုင်းကတော့ ကိုယ့်နိုင်ငံတစ်ခုထဲ ကာကွယ်ဆေး တက်သုတ်ရိုက်ထိုးပြီး ပြန်ဖွင့်နိုင်ဖို့ ကြိုးစားကြပေမယ့်  ဒီလို တစ်ကိုယ်ကောင်းဆန်တဲ့ ကာကွယ်ဆေးထိုးမှုက ဗီဇပြောင်းပိုးတွေကိုဖြစ်ဖို့ ခွင့်ပြုပေးနေတယ်ဆိုတာ ယခုအခါသဘောပေါက်လာနေတဲ့အတွက် ကာကွယ်ဆေးကိုမျှဖို့ နိုင်ငံကြီးတွေ အားသန်လာနေကြတာကို တွေ့ရပါတယ်။ဒယ်လ်တာကြောင့်ဖြစ်တဲ့ ကိုဗစ်တတိယလှိုင်းကို ကာကွယ်နိုင်မယ်လို့ နိုင်ငံကြီးတွေက ထင်ပေမယ့် လက်ရှိမှာ ကာကွယ်ဆေးမတိုးတော့တဲ့အခြေအနေကို ရောက်ဖို့ရှိနေတဲ့အတွက် ကိုဗစ်တတိယ လှိုင်းက ကိုဗစ်စခဲ့တဲ့ အာရှမှာ ပြင်းထန်မလား၊ လော့ခ်ဒေါင်းတွေ စည်းကမ်းတင်ကျပ်တာတွေကို ငြင်းဆန်ဆန္ဒပြမှုတွေရှိနေတဲ့ ဥရောပမှာ ပိုပြင်းထန်မလားဆိုတာ ရင်တမမစောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

မင်းထက်
ဩဂုတ် - ၂