【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 အာဖဂန်ဇာတ်သိမ်းခန်း ဘယ်သူ့ကိုအထိနာစေလဲ

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 အာဖဂန်ဇာတ်သိမ်းခန်း ဘယ်သူ့ကိုအထိနာစေလဲ

ယခုရက်သတ္တပတ်သတင်းတွေက စိတ်ဝင်စားဖွယ်ရာကောင်းနေပါတယ်။ဒီထဲမှာ အသံထက်မြန်တဲ့ ဟိုက်ပါ ဆိုးနစ်သုတေသနဌာန အကြီးအကဲကို သစ္စာဖောက်မှုနဲ့ ရုရှားအာဏာပိုင်တွေက ဖမ်းဆီးလိုက်တဲ့သတင်း၊  မြောက်ကိုရီးယားရဲ့ သတိပေးချက်ကို ဂရုမစိုက်ဘဲ အမေရိကန်နဲ့ တောင်ကိုရီးယား စစ်ရေးလေ့ကျင်ခဲ့တဲ့ သတင်း၊ ဘီလာရုစ်သမ္မတ လူကာရှန်ကို ကို အမေရိကန်က ထပ်မံအရေးယူ ပိတ်ဆို့လိုက်တဲ့သတင်း၊ ဗြိတိန်မင်းသား အင်ဒရူး ကို လိင်ပိုင်းဆိုင်ရာစော်ကားမှုနဲ့တရားစွဲဆိုခဲ့တဲ့သတင်း၊ ထိုင်ဝမ်နဲ့ဆက်ဆံရေး ပိုမိုနက်ရှိုင်းစွာပြုလုပ်ဖို့ ဆုံးဖြတ်လိုက်လို့ လစ်သူရေးနီးယားကနေ တရုတ်သံအမတ်ကို ပြန်ခေါ်ယူလိုက်တဲ့သတင်း၊ ရုရှားထောက်လှမ်းရေးအတွက် သူလျှိုလုပ်ပေးနေတဲ့ သံသယနဲ့ ဗြိတိသျှသံရုံးက ဗြိတိန်နိုင်ငံသားကို ဂျာမန်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တဲ့သတင်း၊ ပြင်သစ်မှာ ကိုဗစ်စစ်ဆေးရေးစင်တာ တိုက်ခိုက်ခံရတာကြောင့် ရဲတပ်ဖွဲ့ကအသင့်‌စောင့်ကြပ်နေရတဲ့ သတင်းအပြင် အမေရိကန်အထက်လွှတ်တော်မှာ ဘိုင်ဒင်ရဲ့ ၃.၅ ထရီလျံရှိတဲ့ ဘတ်ဂျက်အတည်ပြုနိုင်ခဲ့တဲ့ သတင်းတွေလည်း ရှိခဲ့ပါတယ်။

ဒါပေမယ့် ဒီသတင်းတွေကိုကျော်ပြီး အားလုံးစောင့်ကြည့်နေခဲ့တာက အာဖဂန်သတင်းတွေပါပဲ။လက်ရှိ အာဖဂန်အခြေအနေက စိတ်ဝင်စားစရာကောင်းနေပြီး တာလီဘန်တွေက နိုင်ငံရဲ့မြို့တော် ကဘူးလ်ကို သိမ်းယူခဲ့သလို နိုင်ငံအတော်များများက သံတမန်တွေ အဲ့ဒီမြို့ကနေစွန့်ခွာနေပြီး စာရွက်စာတမ်းတွေ မီးရှို့ဖျက်စီးကြ၊ နိုင်ငံသားတွေ လေဆိပ်ကနေရုန်းထွက်ကြနဲ့ တကယ့်၀ရုန်းသုန်းကားအခြေအနေပါ။စိတ်ဝင်စားစရာက အမေရိကန်နဲ့ နေတိုး အနေအထားပါ။အဲဒီနောက်ကွယ်မှာ တာလီဘန်နဲ့ တရုတ်၊ ရုရှားနိုင်ငံကြီးတွေ အမေရိကန်နဲ့ အနောက်အုပ်စုနိုင်ငံတွေ ဘယ်လိုနိုင်ငံရေးကစားကွက်တွေ ကစားကြမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

ပြီးခဲ့တဲ့တစ်နှစ်လုံး ကိုဗစ်နဲ့ဒုက္ခများခဲ့တဲ့ ကမ္ဘာအတွက် အာဖဂန်အရေးက အာရုံအပြောင်းအလဲဖြစ်ခဲ့ပါတယ်။ဒါပေမယ့် ကိုဗစ်ကလဲ အခုထိမပြီးနိုင်မစီးနိုင်ဖြစ်နေသလို  နောက်ထပ်မျိုးကွဲတွေကလဲ တစ်ခုပြီး တစ်ခု ကွဲထွက်လာတဲ့အတွက် ကိုဗစ်ကြောင့် သေဆုံးသူအရေအတွက်ကလည်း ၄ သန်းကျော်လာနေပါပြီ။ဒီလိုပြင်းထန်မှုမလျော့လို့ လော့ခ်ဒေါင်းတွေ ပြန်ချရတဲ့အတွက် နိုင်ငံတိုင်းမှာ စီးပွားရေးကျဆင်းမှုတွေကြောင့် နိုင်ငံမတည်မငြိမ်ဖြစ်မှုတွေအထိ ရိုက်ခတ်လာနေတာကို မြင်နေရပါပြီ။ဒါဟာ ဗိုင်းရပ်စ်ရဲ့ နိုင်ငံရေးအကျိုးဆက်ပါပဲ။နိုင်ငံတိုင်းက ကိုဗစ်ကြောင့်ပြိုလဲနေတဲ့ နိုင်ငံစီးပွားရေးကို အပြင်းအထန်ကြိုးစားနေရချိန်မှာ နိုင်ငံရေးပြဿနာ တွေက ကမ္ဘာကို ပိုပြီးအကျပ်တွေ့စေပါတယ်။ဒီလို နိုင်ငံရေးပြဿနာတွေကနေ နိုင်ငံတွေပြိုကွဲလာမယ့်ဘက်ကို ဦးတည်နေတာ အာရှ-အာဖရိကနဲ့ လက်တင်အမေရိကနိုင်ငံတွေဘက်မှာ မြင်တွေ့နေရပါပြီ။

နောက်ထပ်သတိထားမိတာ သဘာ၀ဘေးသတင်းတွေပါ။ဒီသတင်းတွေကလည်း သတိမထားလို့မရအောင်ပါပဲ။

ဒီတစ်ပတ်မှာတော့‌ ထူးခြားနေတဲ့ သဘာ၀ဘေးသတင်းတွေနဲ့ အာဖဂန်နိုင်ငံရေးအပြောင်းအလဲကနေ ကမ္ဘာကို ဘာတွေရိုက်ခတ်နိုင်သလဲဆိုတဲ့ သတင်းတွေကို အဓိကထားတင်ပြချင်ပါတယ်။

တောမီးများနှင့် စံချိန်တင်အပူချိန်မြင့်တက်မှု

ယခင်ရက်သတ္တပတ်ထဲကနေလောင်ခဲ့တဲ့ တောမီးတွေကြောင့် ဂရိ၊ တူရကီနဲ့ အယ်လ်ဂျီးရီးယားမှာ သေဆုံးသူအရေအတွက်မြင့်တက်လာသလို စံချိန်တင အပူချိန်မြင့်တက်မှုတွေ ဥရောပမှာဖြစ်ခဲ့ပါတယ်။တူရကီအပါအ   ၀င် မြေထဲပင်လယ်နိုင်ငံအချို့မှာ လွန်ခဲ့သောသီတင်းပတ်များအတွင်း ပြင်းထန်သောအပူဒဏ်ကို ခံစားခဲ့ရပြီး အနည်းဆုံးလူရှစ်ဦးသေဆုံးခဲ့ကာ တူရကီသို့ပါ တောမီးများပျံ့နှံ့ခဲ့ပါတယ်။အယ်လ်ဂျီးရီးယားမှာဆိုရင် တောမီးများကြောင့် အနည်းဆုံး လူ ၆၉ ဦး သေဆုံးခဲ့ရပါတယ်။

ရာသီဥတုပြောင်းလဲမှုနှင့်ဆက်နွယ်နေတဲ့ မိုးခေါင်ခြင်းနှင့် အပူရှိန်ပိုဆိုးဝါးစွာမြင့်တက်လာနေတာတွေကြောင့် ယခုနွေရာသီမှာ ရုရှားနှင့် ဆိုက်ဘေးရီးယားဒေသ မြောက်ပိုင်းမှာပါ တောမီးများလောင်ကျွမ်းခဲ့ပါတယ်။ကျောက်မီးသွေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့များ လောင်ကျွမ်းခြင်းက ရာသီဥတုပြောင်းလဲခြင်းကို ပိုမို ပြင်းထန်စေတဲ့ ပြောင်းလဲမှုကို ဦးတည်နေစေခဲ့သလားဆိုတာ သံသယဖြစ်စရာပါ။

ဂရိရဲ့ စံချိန်တင် အကြီးဆုံးတောမီးဟာ နိုင်ငံရဲ့ဒုတိယအကြီးဆုံး အဲဗီရာကျွန်းမှာ သြဂုတ် ၃ ရက်က စလောင်ကျွမ်းခဲ့လို့ တစ်ကျွန်းလုံး ဒေသခံတွေ ပင်လယ်ထဲဆင်းပြေးရတဲ့အထိပါပဲ။တောမီးက ကျွန်းရဲ့မြောက် ဘက်အများစုကိုဖျက်ဆီးပြီး ဆက်လက်လောင်ကျွမ်းနေဆဲဖြစ်ပါတယ်။ကနဦးသတင်းတွေအရတင် တောမီး ကြောင့် အဲဗီရာကျွန်းရဲ့ မြေဧရိယာ ဟက်တာ ၅၀၉၀၀ ကျော်ကို ဖျက်ဆီးခဲ့ပြီးဖြစ်ပါတယ်။ဒီကျွန်းမှာ အဓိက အားဖြင့်ရှိနေတာက ထင်းရှူးတောတွေပါ။တောမီးကြောင့် တောင်တွေအားလုံး မီးကျွမ်းထားတဲ့ သစ်ငုတ်တိုတွေဖြစ်ကုန်ပြီး မီးက တစ်ကျွန်းလုံးလောင်ကျွမ်းခဲ့တဲ့ အတွက် ယူကရိန်း၊ ရိုမေးနီးယား၊ ဆားဘီးယား၊ ဆလိုဗက်ကီးယား၊ ပိုလန်နှင့် မော်လ်ဒိုဗာတို့ကနေ မီးသတ်သမား ၈၅၀ ကျော်နဲ့ အကြီးဆုံးမီးသတ်ရဟတ်ယာဉ်တွေ ထိ သုံးခဲ့ရတဲ့အထိပါဘဲ။အဲဗီရာကျွန်းတစ်ဝိုက် မီးဘေးသင့်ပြီး ရွှေ့ပြောင်းခဲ့ရတဲ့ ဒေသခံများနဲ့ ခရီးသွားဧည့်သည် စုစုပေါင်း ၂,၇၇၀ ဦးအထိ ရှိခဲ့ပါတယ်။

ဂရိနဲ့ တူရကီမှာ ဆယ်စုနှစ်များအတွင်း အပူလှိုင်းဒဏ်ကို အဆိုးဆုံးခံစားနေရပြီး သီတင်းတစ်ပတ်ကျော်ကြာအထိ တောမီးလောင်ကျွမ်းမှုဖြစ်ပွားနေပြီး ဩဂုတ် ၁၂ ရက်အထိ တောမီးကြောင့် ဂရိနိုင်ငံမှ လူ ၂ ဦး၊ တူရကီမှ လူ ၈ ဦး သေဆုံးခဲ့ရပြီး လူဒါဇင်ပေါင်းများစွာ ဆေးရုံတင်ထားရပါတယ်။အမျိုးသား သမုဒ္ဒရာနှင့် လေထုစီမံခန့်ခွဲမှုအဖွဲ့ ထုတ်ပြန်ချက်အရဆိုရင် ၂၀၂၁ ခုနှစ် ဇူလိုင်လဟာ လူသားသမိုင်းတစ်လျှောက်မှာ အပူဆုံးလအဖြစ် မှတ်တမ်းတင်ခဲ့တယ် ဆိုပါတယ်။ထုတ်ပြန်ချက်တွေအရဆိုရင် ၁၄၂ နှစ် မှတ်တမ်းအတွင်း အပူဆုံးဖြစ်ခဲ့ပြီး ၂၀ ရာစုနှစ်ရဲ့ ပျမ်းမျှစံချိန်ဖြစ်တဲ့ ၆၀.၄ ဒီဂရီထပ် ၁.၆၇ ဖာရင်ဟိုက် ပိုမြင့်ခဲ့တယ် ဆိုပါတယ်။ဒီထုတ်ပြန်ချက်တွေမှာပဲ ရာသီဥတုဆိုးရွားမှုကို ဆိုးဆိုးဝါးဝါးခံနေရတဲ့ အာရှဒေသရဲ့အပူချိန်က ဇူလိုင်လမှာ ကမ္ဘာ့စံချိန်တင်ခဲ့ပါတယ်။

ဒီလိုစံချိန်တင်ချိန်မှာ မြေထဲပင်လယ်ဒေသက ဆိုးဆိုးဝါးဝါး အပူချိန်မြင့်တက်နေခဲ့ပါတယ်။အီတလီမှာဆိုရင် တောင်ပိုင်း စစ္စလီကျွန်းမှာ တောမီးလောင်ခဲ့တာတွေက မြေထဲပင်လယ်မှာ အပူချိန်မြင့်တက်ပြီး လေပူတွေ တိုက်ခတ်တာတွေနဲ့ အဓိကသက်ဆိုင်နေခဲ့ပါတယ်။စစ္စလီကျွန်းတောမီးကြောင့် ဥရောပရဲ့ တစ်နေ့တာအပူဆုံး စံချိန်သစ်တင်ခဲ့တာအထိ အပူချိန်မြင့်တက်ခဲ့ပါတယ်။ဩဂုတ် ၁၂ ရက် စစ္စလီကျွန်းရဲ့ အပူဆုံးစံချိန်သစ်က  ၄၈.၈ ဒီဂရီစင်တီဂရိတ် (၁၁၉.၈၄ ဒီဂရီဖာရင်ဟိုက်) အထိ မြင့်တက်လာခဲ့တာပါ။ဒီလို ကမ္ဘာတစ်ဖက်ခြမ်းမှာ စံချိန်တင်အပူချိန်မြင့်တက်နေချိန်မှာ အာရှနဲ့ အာဖရိက နိုင်ငံတစ်ချို့မှာ ရာသီဥတုကပြောင်းကပြန်တွေဖြစ်ပြီး မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုတွေဖြစ်ခဲ့တာ တွေ့ခဲ့ရပါတယ်။

အာဖရိက ဆာဟာရဒေသက ကုန်းတွင်းပိတ် အနောက်အာဖရိကနိုင်ငံတစ်ခုဖြစ်တဲ့ နိုင်ဂျာမှာဆိုရင် ပုံမှန် အားဖြင့် မိုးရာသီက ကာလတိုလေးတစ်ခုသာရှိပြီး မိုးရေချိန်ကလည်း အလွန်နည်းပါတယ်။ပုံမှန်ဆိုရင် ဇွန်လမှ သြဂုတ်လအထိ သုံးလပဲရှိတာပါ။ရာသီဥတုဖောက်ပြန်မှုတွေကြောင့် မကြာသေးမီနှစ်တွေစပြီး ထူးထူးခြားခြား မိုးရွာသွန်းမှုအားကောင်းခဲ့လို့  ယခုနှစ်မှာ ရေကြီးမှုတွေ ဆက်တိုက်ဖြစ်နေပါတယ်။ရာသီဥတုကြောင့် မိုးရာသီမှာ မိုးရွာသွန်းမှုပုံစံက ပြောင်းလဲလာနေပါတယ်။နှစ်စဉ်ရေကြီးမှုတွေ မြေပြိုမှုတွေ ကြုံနေရတဲ့ တရုတ်မှာဆိုရင် ပြီးခဲ့တဲ့ ဇူလိုင်လကဆိုရင် အလယ်ပိုင်း ဟီနန်မှာ သမိုင်းတစ်လျှောက် အဆိုးရွားဆုံးရေကြီးခဲ့လို့ လူ ၃၀၀ ကျော်အထိ သေဆုံးခဲ့ရပါတယ်။ယခုရက်သတ္တပတ်ထဲမှာဆိုရင်လည်း ဩဂုတ် ၉ ရက်က တရုတ်နိုင်ငံအနောက်တောင်ပိုင်း စီချွမ်ပြည်နယ်မှာရေကြီးလို့ ဒေသခံ ၈၀၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့ရသလို အဓိကမြစ်တွေ ရေမျက်နှာပြင်မြင့်တက်နေလို့ စောင်ကြည့်ရတဲ့အထိဖြစ်ခဲ့ပါတယ်။ဩဂုတ် ၁၂ ရက်မှာဆိုရင် ဟီဘေးပြည်နယ်မှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးလို့ ၂၁ ဦးသေဆုံးပြီး လေးဦးပျောက်ဆုံးခဲ့ပါတယ်။

တရုတ်မိုးလေဝသစီမံခန့်ခွဲမှုအဖွဲ့မှ ထုတ်ပြန်သော ၂၀၂၁ ခုနှစ် တရုတ်ရာသီဥတုပြောင်းလဲခြင်းစာအုပ် (Blue Book) အရ ၁၉၆၁ မှ ၂၀၂၀ အကြား၌ ပြင်းထန်သောမိုးရွာသွန်းမှုမှာ တဖြည်းဖြည်းမြင့်တက်လာတယ် ဆိုပါတယ်။ရေကြီးမှုက တရုတ်နိုင်ငံတစ်ခုတည်းဖြစ်နေတာမဟုတ်ပါဘူး။ဥရောပမှာဆိုရင် တောမီးလောင်မှုကို ရင်ဆိုင်နေရတဲ့ တူရကီဆိုရင် နိုင်ငံတောင်ဘက် ကမ်းရိုးတန်းတွေဘက်မှာ တောမီးလောင်နေပေမယ့် မြောက်ဘက် ပင်လယ်နက်ဒေသမှာ ဩဂုတ် ၁၂ ရက်က မိုးရွာသွန်းမှုကြောင့် ရုတ်တရက်ရေကြီးပြီး လမ်းတွေ တံတားတွေပျက်စီးပြီး ဒေသခံတွေကို နေရာရွှေ့ပြောင်းရတဲ့အထိဖြစ်ခဲ့တာ တွေ့ရပါတယ်။

ဂျပန်ဆိုရင်လည်း ဩဂုတ် ၁၄ ရက်မှာ မိုးသည်းထန်စွာရွာသွန်းလို့ ဂျပန်အနောက်ပိုင်း နာဂါဆာကီစီရင်စုမှာ မြေပြိုမှုတွေဖြစ်လို့ တစ်ဦးသေဆုံးပြီး နှစ်ဦးပျောက်ဆုံးခဲ့ပါတယ်။နိုင်ငံရဲ့နေရာအချို့မှာ စံချိန်တင်မိုးရွာသွန်းမှုနှင့် ကြုံတွေ့နေရလို့ ဂျပန်အာဏာပိုင်တွေက လူဦးရေတစ်သန်းလောက်ကို သတိပေးထားပါတယ်။နိုင်ငံတိုင်း အထူးသဖြင့် အာရှဒေသမှာ မုတ်သုန်ရာသီနဲ့ မုန်တိုင်းရာသီက တွဲနေတဲ့အတွက် မိုးရာသီဝင်လာတိုင်း ရေကြီးတာက ဘယ်လိုပဲကြိုတင်ကာကွယ်သည်ဖြစ်စေ ဖြစ်ပေါ်နေတဲ့အတွက် ရေကြီးမှုတွေ နိုင်ငံတိုင်းမှာဖြစ်နေခဲ့ပါတယ်။သဘာ၀ဆိုင်ရာပြဿနာက ယခုနောက်ပိုင်းမှာ နိုင်ငံတိုင်းအတွက် သတိထားစရာကိစ္စဖြစ်လာနေပါပြီ။

ရေကြီးမှုတွေနဲ့ တောမီးတွေကြောင့် လုံးချာလည်လိုက်နေတဲ့ ယခုရက်သတ္တပတ်မှာ ဩဂုတ် ၁၄ ရက်က ဟေတီမှာ ရုတ်တရက် ငလျင်ကြီးတစ်ခုလှုပ်ခဲ့လို့ ယခုရက်သတ္တပတ်ဟာ သဘာ၀ဘေးတွေကြောင့် ထိခိုက်မှုများခဲ့တဲ့ ရက်သတ္တပတ်ဖြစ်ခဲ့ပါတယ်။သမ္မတလုပ်ကြံခံလို့ ယာယီဝန်ကြီးချုပ်ဖြစ်သူဦးဆောင်မှုနဲ့ နိုင်ငံကိုဦးဆောင်နေရတဲ့ ဟေတီမှာ စနေနေ့က ရစ်ချ်တာစကေး ၇ ဒသမ ၂ ရှိတဲ့ ငလျင်က လူနေထူထပ်သည့် ပို့အူပရင့်စ် မြို့တော် အနောက်ဘက်ပိုင်းကို ဗဟိုပြုလှုပ်ခတ်ခဲ့လို့ ဘုရားကျောင်းများ၊ စီးပွားရေးလုပ်ငန်းများ၊ စာသင် ကျောင်းများနဲ့ လူနေအိမ်တွေ ပြိုကျပျက်စီးခဲ့လို့ လူ ၃၀၀ ကျော်သေဆုံးခဲ့ပြီး ရာနှင့်ချီကာ အပျက်အစီးများ အောက် ပိတ်မိခဲ့ပါတယ်။ဟေတီမှာက ၂၀၁၀ ပြည့်နှစ် ဇန်နဝါရီလကလည်း ပြင်းအား ရစ်ချ်တာစကေး ၇.၀ ရှိ ငလျင်လှုပ်ခတ်ခဲ့လို့ လူပေါင်း ၂၀၀,၀၀၀ ကျော် သေဆုံးကာ ၃၀၀,၀၀၀ ခန့် ဒဏ်ရာရခဲ့ဖူးပါတယ်။ဒါ ၁၁ နှစ်အကြာမှာ ပြန်ဖြစ်တာဖြစ်လို့ နိုင်ငံရေးနဲ့ လူမှုရေးမတည်ငြိမ်တဲ့ ဟေတီအတွက် ကြီးမားတဲ့ပြဿနာပါပဲ။

ရာသီဥတုပြောင်းလဲလာခြင်းက လူတွေ ဘယ်လိုပဲခေတ်မီတိုးတက်အောင်လုပ်လုပ် အလွယ်တကူဖျက်ဆီးလို့ရတယ်ဆိုတာ တရုတ်နဲ့ ဂျပန်မှာဖြစ်နေတဲ့ ရေကြီးမှုတွေ၊ တူရကီ၊ ဂရိလို နိုင်ငံတွေမှာဖြစ်နေတဲ့ တောမီးတွေကိုကြည့်မယ်ဆိုရင် မြင်နိုင်မှာဖြစ်ပါတယ်။ဒီကြားထဲ ဟေတီလိုနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ ငလျင်တွေရဲ့ ဖျက်စွမ်းအားတွေကိုကြည့်မယ်ဆိုရင် ကမ္ဘာအတွက် ရာသီဥတုပြောင်းလဲခြင်းကို ထိန်းချုပ်ဖို့ဆိုတာ အရေးတကြီးလိုနေပြီဆိုတာကို မြင်နိုင်မှာဖြစ်ပါတယ်။ရှေ့လျှောက် ဘယ်လောက်ထိ ရာသီဥတုနဲ့ သဘာ၀ဘေးတွေကြောင့် လူတွေ ဘယ်လောက်ထိ ဒုက္ခရောက်ကြဦးမလဲဆိုတာ ရင်တမမစောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

အာရှစစ်ရေးအားပြိုင်မှုနှင့် အာဖဂန်ဘေး

ကိုဗစ်နဲ့ ကမ္ဘာကြီးတစ်ခုလုံး လုံးပမ်းနေရချိန်မှာ အရှေ့တိုင်းနိုင်ငံတစ်ခုဖြစ်ပြီး ဘာသာရေးအစွန်းရောက်တွေများပြားတဲ့ အာဖဂန်မှာ အစွန်းရောက် တာလီဘန်တွေ ပြန်လည်အာဏာရလာတာကို တွေ့ရပါတယ်။ဒါဟာ အမေရိကန်သမ္မတဟောင်း ထရမ့်ရဲ့ အမေရိကန်တပ်တွေ အာဖဂန်ကနေဆုတ်ခွာဖို့ အစီအစဉ်ကိုဆက်ခံပြီး ယခုဩဂုတ်လကုန်မှာ အပြီးဆုတ်ခွာမယ်ဆိုပြီး အစီအစဉ်ဆွဲခဲ့တာပါ။

ဒီကာလမတိုင်ခင်ကတည်းက ကာတာမှာ အာဖဂန်အစိုးရနဲ့ တာလီဘန်တွေကြား အမေရိကန်အထူးကိုယ်စားလှယ်ရဲ့ ကမကထပြုမှုနဲ့ တွေ့ဆုံနေတာကြာနေပါပြီ။ဒီလိုတွေ့ဆုံဆွေးနွေးမှုဟာ ထရမ့်လက်ထက်က စခဲ့တာဖြစ်ပြီး ဘိုင်ဒန်လက်ထက်မှာ ရက်သတ်မှတ်ချက်ထွက်လာတဲ့အခါ ဆွေးနွေးမှုဟာ ပုံစံပြောင်းလာခဲ့ပြီး တာလီဘန်တို့က အာဏာခွဲဝေရေးမှာ တင်းတင်းမာမာရှိခဲ့ပါတယ်။နောက်ပိုင်းမှာတော့ အမေရိကန်တပ်တွေ ရုပ်သိမ်းဖို့နီးလာတာနဲ့အမျှ အခွင့်ကောင်းယူပြီး ထိုးစစ်တွေနဲ့ ပြည်နယ်အနှံ့ဆင်နွှဲကာ ထိန်းချုပ်ခဲ့ရာကနေ ယခုမှာတော့ အာဖဂန်မြို့တော် ကဘူးလ်အထိတက်သိမ်းပြီး အာဖဂန်ဟာ လွန်ခဲ့တဲ့ နှစ် ၂၀ အမေရိကန်တပ်တွေ မဝင်လာခင် တင်းကျပ်တဲ့ ဘာသာရေးနဲ့ အုပ်ချုပ်တဲ့ခေတ်ကို ပြန်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။

အာဖဂန်ကို တာလီဘန်တွေ ပြန်မသိမ်းခင် နိုင်ငံတကာအခင်းအကျင်းကို ပြန်ကြည့်မယ်ဆိုရင် ဒါဟာ အမေရိကန်တပ်တွေ ဆီးရီးယားကနေ ဆုတ်ခွာသလိုမျိုးနဲ့ တူနေတာကို တွေ့ရပါတယ်။တစ်ခုပဲရှိတာက အာဖဂန်ကနေဆုတ်ခွာမှုမှာ နိုင်ငံတကာသံတမန်တွေပါနေတဲ့အတွက် အနည်းငယ် ဗရုတ်ဗရက်ကျသလိုဖြစ်ခဲ့ပြီး တာလီဘန်တွေလက်အောက်မှာ မနေချင်တဲ့ ပညာတတ်တွေကပါ အာဖဂန်ကနေစွန့်ခွာကြတဲ့အတွက် အတော်လေးရုပ်ပျက်ဆင်းပျက်နိုင်ခဲ့တာကို တွေ့ရပါတယ်။တစ်ခုထူးတာက ကဘူးလ်ကို သိမ်းတယ်လို့မပြောဘဲ ကဘူးလ်မြို့ထဲမှာ တပ်ပေါင်းစုံ ရှုပ်ရှက်ခတ်မယ့်အနေအထားနဲ့ တိုက်ပွဲကို တာလီဘန်တွေ ရှောင်ထွက်ခဲ့တာက နိုင်ငံတကာအတွက် အံအားသင့်စရာအဖြစ်ပါပဲ။တကယ်ပဲ တာလီဘန်တွေက နိုင်ငံတကာလက်ခံနိုင်တဲ့ အစိုးရတစ်ရပ်ဖြစ်အောင်လုပ်ဖို့ ရည်ရွယ်နေပြီလားဆိုတာ စော‌ကြောစရာဖြစ်လာခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ အစွန်းရောက် အကြမ်းဖက်လုပ်ရပ်တစ်ခုခုဖြစ်လာရင် ဆက်နွယ်မှုတစ်ခုမဟုတ် တစ်ခုရှိနေတတ်တဲ့ အယ်ကေးဒါးလ်တွေ၊ အိုင်အက်စ်လို့ခေါ်တဲ့ အစ္စလာမ္မစ်နိုင်ငံတော်တပ်ဖွဲ့တွေ၊ နောက် အစွန်းရောက် အကြမ်းဖက်သမားတွေကို နေရာပေးထားတဲ့ ကိုယ်ကိုယ်တိုင်လည်း အစွန်းရောက် အကြမ်းဖက်တတ်တဲ့သူတွေက နိုင်ငံတစ်ခုကို အကြမ်းဖက်တဲ့နည်းနဲ့ အာဏာကိုရယူလာတာ ကမ္ဘာအတွက် အတော်လေးထိတ်လန့်စရာကောင်းသလို ဒီအကြမ်းဖက်သမားတွေအုပ်ချုပ်တဲ့နိုင်ငံနဲ့ဆက်စပ်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေအတွက်တော့ ဒီအဖြစ်အပျက်က ထိတ်လန့်စရာထက် အတော်လေးကျောချမ်းစရာအဖြစ်ပါပဲ။

အာဖဂန်နဲ့ ကမ္ဘာကို အကြမ်းဖက်နေတဲ့သူတွေကို နှိမ်နင်းတဲ့အနေနဲ့ အာဖဂန်ကိုသိမ်းပြီး နှစ် ၂၀ ကျော် ဒီမိုကရေစီကျကျအုပ်ချုပ်နိုင်အောင်လုပ်ပေးခဲ့တဲ့ အနောက်အုပ်စု‌ အထူးသဖြင့် အမေရိကန်ရဲ့ အာဖဂန်အခန်းကဏ္ဍဟာ ပြီးဆုံးသွားပြီဖြစ်လို့ ဒီအာရှဒေသတွင်း အထူးသဖြင့် အလယ်အာရှနဲ့ အနောက်အာရှရဲ့ လုံခြုံရေးက ဒေသတွင်းနိုင်ငံကြီးတွေဖြစ်တဲ့ တရုတ်၊ ရုရှားနဲ့ အိန္ဒိယတို့အပေါ် တာဝန်ကျလာခဲ့ပြီဖြစ်သလို ကမ္ဘာ့အင်အားကြီးနိုင်ငံနေရာကို ရည်ရွယ်နေတဲ့ တရုတ်နိုင်ငံအတွက်လည်း အမေရိကန်အလွန် အာဖဂန်ရဲ့ အနာဂတ်အခန်းကဏ္ဍမှာ ဘယ်လောက်ထိပါဝင်နိုင်မလဲ ဘယ်လောက်ထိဒေသတွင်းဟန်ချက်ကို ထိန်းနိုင်မလဲဆိုတာ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

အမေရိကန်နဲ့ အနောက်နိုင်ငံတွေက တာလီဘန်တွေ မြို့ထဲဝင်လာတဲ့ တနင်္ဂနွေမှာဘဲ ကဘူးလ်ကနေ တက်သုတ်ရိုက်ဆွဲထုတ်နေသလို ကဘူးလ်လေဆိပ်ကို အမေရိကန်တပ်ဖွဲ့ဝင် ၆ ထောင်နဲ့ ထိန်းချုပ်ကိုင်တွယ်ဖို့ကြိုးစားနေပါတယ်။ဒါ့အပြင် ဗြိတိသျှတပ်ဖွဲ့တွေလည်း ရှိနေကြပြီဖြစ်သလို၊ ပြင်သစ်နဲ့ ဂျာမနီတို့ကလည်း စစ်လေယာဥ်တွေ စေလွှတ်ထားကာ တာလီဘန်တွေ ကဘူးလ်မြို့ထဲဝင်လာချိန်မှာ၊ သံရုံးဝန်ထမ်းတွေအပါအဝင် အနောက်နိုင်ငံသားတွေ မြို့ကနေ စွန့်ခွာနေကြဆဲဖြစ်ပါတယ်။တာလီဘန်တွေကတော့ နိုင်ငံသားတွေကို လက်စားမချေဘူး၊ ပုံမှန်အတိုင်းနေဖို့ပြောပေမယ့် အာဖဂန်နိုင်ငံသားတွေကတော့ တာလီဘန်ခေတ်ကိုကြုံဖူးတဲ့အတွက် တင်းကြပ်တဲ့ ဘာသာရေးစနစ်နဲ့အုပ်ချုပ်တာကို မခံနိုင်တဲ့အတွက် အစောပိုင်းကတည်းက နိုင်ငံကနေထွက်ခွာနေကြတာပါ။ဒါကြောင့်လည်း အစောပိုင်းကတည်းက ပါကစ္စတန်နယ်စပ်ဖွင့်ထားဖို့ အမေရိကန်ဘက်က တိုက်တွန်းခဲ့နေခဲ့သလို နယ်စပ်ကနေ တာဂျစ်ကစ္စတန်ကိုဝင်ရောက်မှုတွေ ရှိနေခဲ့တာပါ။

အမေရိကန်တပ်တွေ နောက်ဆုံးဆုတ်ခွာမယ့်ရက်မတိုင်ခင်မှာဘဲ တာလီဘန်တွေရဲ့ ၁၀ ရက်ကြာ ထိုးစစ်က အရမ်းမြန်ပြီး အတားအဆီးမရှိခဲ့တဲ့အတွက် အတော်လေးအံဩစရာပါပဲ။ဒါ့အပြင် တာလီဘန်တွေကို ဒီလောက်ထိ လွယ်လွယ်ကူကူ ကဘူးလ်အထိပေးတက်လာတာ သမာရိုးကျဖြစ်ကောဖြစ်ရဲ့လားဆိုတာ စဉ်းစားချင်စရာပါပဲ။အမေရိကန်အနေနဲ့ သူ့ကိုကာပြန်ပြီး ရုရှားနဲ့ပေါင်းတဲ့ တူရကီကို ဆီးရီးယားစစ်ထဲကျွံဝင်အောင် ရုရှားကိုလည်း ဆီးရီးယားစစ်ထဲကျွံဝင်အောင် လုပ်ခဲ့သလိုမျိုး ယခုအာဖဂန်မှာလည်း တရုတ်နဲ့ ရုရှား၊ ပါကစ္စတန်တို့ကို စစ်ကျွံဝင်အောင်လုပ်နေပြီလားဆိုတာ စဉ်းစားချင်စရာဖြစ်လာပါတယ်။

ပုံမှန်အတိုင်းဆို ဒီလိုဆုတ်ခွာမှုက အဆင့်တိုင်းတက်လာရမှာဖြစ်ပေမယ့် ယခုလို အထိအခိုက်မရှိသလောက် တာလီဘန်တွေ ကဘူးလ်ထိဝင်လာ၊ ထိတွေ့မှုကိုရှောင်ကြဆိုတာ ကြိုတင်ဇာတ်တိုက်ထားသလို ဖြစ်နေလို့ပါပဲ။အဓိကအားဖြင့် အာဖဂန်မှာ တာလီဘန်တွေအာဏာရလာတာကို အနောက်အုပ်စုက အသိအမှတ်ပြုမှာ မသေချာပေမယ့် ဒေါ်လာ ၆၀ ဘီလီယံတန် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြန် (CPEC) စီမံကိန်းရှိနေတဲ့ တရုတ်အတွက်ကတော့ အာဖဂန်အခြေစိုက် အရှေ့တာကစ္စတန်အစ္စလာမ်မစ်လှုပ်ရှားမှုအဖွဲ့ (ETIM) ရဲ့ ရန်က စိုးရိမ်စရာဖြစ်သလို ယခင်ကတည်းက ပါကစ္စတန်မှာရှိတဲ့ တရုတ်ရဲ့အကျိုးစီးပွားကို ခြိမ်းခြောက်နေတဲ့ ဒီစစ်သွေးကြွအုပ်စုဟာ တရုတ်အနောက်ပိုင်း ရှင်ကျန်းဒေသကို မတည်မငြိမ်ဖြစ်အောင် ဦးတည်ပြုလုပ်နေတဲ့အဖွဲ့ပါ။ဒီအဖွဲ့အပါအဝင် အကြမ်းဖက်အုပ်စုအမျိုးမျိုးကို တာလီဘန်တွေက အာဖဂန်ကိုသိမ်းဖို့အတွက် အားကိုးနေရတဲ့အတွက် တရုတ်အတွက် တာလီဘန်တွေ အာဏာရလာတာ ရှင်ကျန်းဒေသအတွက် ခေါင်းခဲစရာဖြစ်လာမှာ အသေအချာပါပဲ။ဒီအတွက် ကဘူးလ်ကိုတာလီဘန်တွေ မြန်မြန်ဝင်ပြီး အုပ်စုတွေအကြား အာဏာခွဲဝေရေးပြဿနာတက်ပြီး သူသက်တမ်းမကုန်ခင်မှာ အာဖဂန်ပြည်တွင်းစစ်ဖြစ်ပြီး တရုတ်ကို အနောက်ဘက်ကနေ အစ္စလာမ္မစ်အစွန်းရောက်တွေနဲ့ ဖိအားပေးထားဖို့ အမေရိကန်နဲ့ အနောက်အုပ်စုက ‘ဟ’ ပေးခဲ့သလားဆိုတာ စဉ်းစားချင်စရာပါ။

ဒီအတွက် ရှေ့ဆက် အမေရိကန်တပ်တွေထွက်သွားတဲ့ အာဖဂန်မှာ ပြည်တွင်းစစ်သာ စခဲ့ပြီဆိုရင် ဒီမီးတောက်ဟာ တရုတ်-ရှင်ကျန်းနဲ့ ရုရှား-ချေချင်းညာကို အပူဟပ်ဖို့ အသေအချာပါပဲ။ဒီအတွက် ရှေ့လာမယ့် ရက်သတ္တပတ်တွေမှာ အမေရိကန်လိုလားတဲ့ သမ္မတဟောင်း ဟာမစ်ကာဇိုင်းပါတဲ့ အာဖဂန်ယာယီကောင်စီရဲ့ အလုပ်လုပ်ပုံတွေကို စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

မင်းထက်
ဩဂုတ် - ၁၆