【 နိုင်ငံတကာဆောင်းပါး 】 “ဘိုင်ဒင်၏ ကမ္ဘာ့ဒီမိုကရေစီတိုက်ပွဲ ပြည်တွင်းမှစတင်ရမည်”

【 နိုင်ငံတကာဆောင်းပါး 】 “ဘိုင်ဒင်၏ ကမ္ဘာ့ဒီမိုကရေစီတိုက်ပွဲ ပြည်တွင်းမှစတင်ရမည်”

အမေရိကန်၊ မဟာမိတ်များနှင့် တရုတ်နှင့် ရုရှားတို့အကြား အားပြိုင်မှုသည် စီးပွားရေးနှင့် စစ်ရေးဖြစ် သော်လည်း ယခုအပတ်တွင် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် က ထိုအားပြိုင်မှုကို အတွေးအခေါ်အားပြိုင်မှုအဖြစ် ပြောင်းလဲရန် နှစ်ရက်ကြာ ဒီမိုကရေစီ ထိပ်သီးဆွေးနွေးပွဲကို ယခုလက်ခံကျင်းပနေပြီဖြစ်သည်။
 
မိမိတို့ခေတ်၏ စိန်ခေါ်မှုသည် လူ့အခွင့်အရေးများနှင့် ဒီမိုကရေစီ နောက်ပြန်လျှောကျခြင်းကို ခွင့်ပြု၊ မပြု ဆိုသောကိစ္စနှင့် ဒီမိုကရေစီနိုင်ငံများသည် လူသားတိုးတက်မှုနှင့် လွတ်လပ်မှုချီတက်ပွဲကို ပြန်လည် ဦးဆောင်နိုင်ခြင်း ရှိ/မရှိဆိုသော ကိစ္စဖြစ်သည်ဟု ကမ္ဘာ့ခေါင်းဆောင် ၁၀၀ ကျော်ကို ဘိုင်ဒင် က ဗီဒီယိုဆွေးနွေးပွဲတွင် ပြောသည်။
 
ထိုထိပ်သီးဆွေးနွေးပွဲသည် ဘိုင်ဒင်၏ အမြင်တွင် ခေါင်းထောင်ထလာသော အာဏာရှင်စနစ်ကို တိုက်ခိုက်သည့် တိုက်ပွဲတွင် ဒီမိုကရေစီနိုင်ငံများ၏ သြဇာကို လက်နက်အဖြစ် အသုံးချရန် အားထုတ်မှုဖြစ်သည်ဟု မြင်ကြသည်။
 
သူသည် တရုတ် (သို့မဟုတ်) ရုရှားကို လူဆိုးများအဖြစ် ထုတ်ဖေါ်ပြောဆိုခြင်းမရှိသော်လည်း ထိုအစည်းအဝေးသို့ ထိုနိုင်ငံများကို ဖိတ်ကြားခြင်းမပြုပေ။သို့သော် ဟောင်ကောင် ဒီမိုကရေစီလှုပ်ရှားမှု၊ ထိုင်ဝမ်နှင့် ရုရှား နှင့် အဆင်မပြေဆုံးနိုင်ငံဖြစ်သည့် ယူကရိန်းတို့မှ ကိုယ်စားလှယ်များ ထိုထိပ်သီးအစည်းအဝေး တက်ရောက်သည်။
 
တရုတ်က ရန်လိုသော သံတမန်နည်းလမ်းဖြစ်သည့် ဝံပုလွေစစ်သည်တော်နည်းလမ်းဖြင့် အလျင်အမြန် တုံ့ပြန်သည်။ဘိုင်ဒင်သည် ပထဝီနိုင်ငံရေးအကျိုးအမြတ်ရရန် ထိပ်တိုက်တွေ့မှုနှင့် သွေးကွဲမှုများ ဖြစ်စေရေးအတွက် ထိုဒီမိုကရေစီ ထိပ်သီးဆွေးနွေးပွဲဟူသော အစည်းအဝေးကို ဗြောင်ကျကျခေါ်ယူခြင်းဖြင့် ဒီမိုကရေစီကို လက်နက်အဖြစ်သုံးလိုက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူတစ်ဦး ပြောသည်။
 
ဒီမိုကရေစီနှင့် လွတ်လပ်မှုသည် မြင့်မြတ်သည့် စံများဖြစ်ပြီး စစ်အေးတိုက်ပွဲအတွင်းက လွန်စွာထိရောက် သော ကြွေးကြော်သံများဖြစ်သော်လည်း အမေရိကန်နှင့်အနောက်နိုင်ငံများသည် ဆိုဗီယက်ယူနီယံကို တိုက်ခိုက် စဉ်က အလုပ်ဖြစ်ခဲ့သည့် ကမ္ဘာကို လွတ်လပ်သောအပိုင်းနှင့် မလွတ်လပ်သောအပိုင်းအဖြစ် ခွဲခြားသည့် သေနင်္ဂဗျူဟာကို ထပ်မံ သုံးနိုင်/မသုံးနိုင်နှင့် သုံးသင့်/မသုံးသင့်ဆိုသည့် မေးခွန်းများရှိနေသည်။
 
နောက်ပြန်‌လျှောကျခြင်းဆိုသည့် ဘိုင်ဒင်၏ စကားလုံးက အမေရိကန်ပြည်ထောင်စုနှင့် ၎င်း၏ ဒီမိုကရေစီစနစ် ဂုဏ်သိက္ခာသည် ညှိုးနွမ်းနေကြောင်း တိတ်တဆိတ်ဝန်ခံနေသည်။
 
ဝန်ကြီးချုပ် စကော့မောရစ်ဆင်ကလည်း ဇွန်လကမိန့်ခွန်းတစ်ခုတွင် အလားတူပြောသည်။
 
“မိမိတို့၏စိန်ခေါ်မှုသည် လွတ်လပ်မှုကိုအားပေးသောကမ္ဘာ့စနစ်ကို အားဖြည့်ပြုပြင်မွမ်းမံ ကျားကန်ပေးရန်မှတပါး အခြားမဟုတ်ပေ” ဟု သူပြောသည်။
 
လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်အတွင်း ဒီမိုကရက်တစ် အနောက်ကမ္ဘာသည် ဘဏ္ဍာရေးအကျပ်အတည်းအများအပြားကြောင့် မှောက်လျှက်လဲပြီး အီရတ်နှင့် အာဖဂန်မှ စစ်ပွဲများတွင် ၎င်း၏ရင်းမြစ်များကို ဖြုန်းတီးခဲ့သည်။
 
ဒေါ်နယ်ထရမ့်သည် ဇန်နဝါရီလ ၆ ရက်နေ့က လွှတ်တော်အဆောက်အအုံကို ဝင်ရောက်စီးနင်းခြင်းကို လှုံ့ဆော်ခြင်းဖြင့် ဒီမိုကရေစီနှင့်ပတ်သက်သည့် အမေရိကန်၏ ကတိကဝတ်ကို တိမ်သလ္လာဖုံးစေခဲ့သောကြောင့် လွတ်လပ်မှုနိုင်ငံတော်သည် ငှက်ပျောသီး သမ္မတနိုင်ငံတစ်ခုနှင့် တူညီသွားသည်။
 
တစ်ချိန်တည်းတွင် တရုတ်နိုင်ငံ အလျင်အမြန်တိုးတက်မှုသည် စီးပွားရေးတိုးတက်မှုတွင် ဒီမိုကရေစီပါဝင်ပတ်သက်ခြင်းမရှိသော စီးပွားရေးတိုးတက်မှုလမ်းကြောင်းကို ပြသနေသည်။
 
တရုတ်နိုင်ငံတွင် လူထုရွေးကောက်ပွဲ သို့မဟုတ် လွတ်လပ်စွာပြောဆိုခွင့်မရှိသော်လည်း လွန်စွာများပြားလှသော ပြည်သူများကို စောင့်ရှောက်ထားခြင်းသည် တရုတ်နိုင်ငံအမြင်တွင် ဒီမိုကရေစီဖြစ်ကြောင်း တရုတ် ကွန်မြူနစ်ပါတီက ပြောကြားလိုက်ပြီး ဘိုင်ဒင်၏ မိန့်ခွန်းကို တုံ့ပြန်သည်။
 
ဥပမာအားဖြင့်ဆိုရပါက တရုတ်နိုင်ငံသည် အမေရိကန်ကဲ့သို့ လူ ၈ သိန်းနီးပါး သေဆုံးခြင်းမရှိဘဲ ကိုဗစ်နိုင်တင်းကို ထိန်းချုပ်နိုင်သည်။
 
အမြင်တစ်ခုအရ တရုတ်နိုင်ငံသည် ဒီမိုကရေစီဖြစ်သည်ဆိုသည့် ပြောဆိုချက်သည် လှည့်စားခြင်းသက်သက် ဖြစ်သော်လည်း တရုတ်နိုင်ငံ၏ အောင်မြင်မှုကိုမြင်ပြီး ဆုပ်ကိုင်မရသော နိုင်ငံရေးသဘောတရားများထက် လူနေမှုအဆင့်အတန်းမြင့်မားခြင်းကို ပိုမိုလိုလားသော နိုင်ငံများတွင် ပဲ့တင်ထပ်နိုင်သည်။
 
ဒီမိုကရေစီအလံအောက်တွင် တရုတ်ကိုဆန့်ကျင်ရန် နိုင်ငံများကိုစုစည်းရန် ကြိုးပမ်းသည့် အခြားပြဿနာ တစ်ခုမှာ သေနင်္ဂဗျူဟာအရ အဓိကကျသည့် နိုင်ငံအများအပြားမှာ ဝင်ရောက်လာနိုင်ခြင်းမရှိခြင်းဖြစ်သည်။
 
အရှေ့တောင်အာရှနိုင်ငံမျာအနက် မလေးရှား၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့ကိုသာ ထိပ်သီးဆွေးနွေးပွဲသို့ ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။
 
စင်္ကာပူနိုင်ငံအပါအဝင် အခြားအရှေ့တောင်အာရှနိုင်ငံများကို ဖယ်ထုတ်ထားခြင်းဖြင့် အမေရိကန်ပြည်ထောင်စုက ထိုနိုင်ငံများအနေဖြင့် ဒီမိုကရေစီအရေး အားထုတ်မှု ပိုမိုလုပ်ရန် သတင်းစကားပေးရန် ရည်ရွယ်ခဲ့သော်လည်း တစ်ချိန်တည်းတွင်လည်း ထိုနိုင်ငံများကို ဆန့်ကျင်လိုက်သလိုဖြစ်ပြီး တရုတ်နှင့် ပိုမိုနီးစပ်သွားစေခဲ့သည်။
 
ထိုသို့လုပ်ခြင်းကြောင့် အမေရိကန်သည် ကြောင်သူတော်ကြွက်သူခိုးဖြစ်သည်ဆိုသည့် စွပ်စွဲချက်ကို ဖြစ် စေသည်။
 
အမေရိကန်ပြည်ထောင်စုနှင့် သြစတြေးလျတို့သည် ၎င်းတို့၏ မဟာမိတ်နိုင်ငံများမှ လူ့အခွင့်အရေးချိုးဖောက်မှုများကို မကြာခဏဆိုသလို မသိကျိုးကျွံပြုနေတတ်သည်။
 
တရုတ်ကို အပြင်းအထန်ဆန့်ကျင်သည့် ဖိလစ်ပိုင်နိုင်ငံကို ဖိတ်ကြားရခြင်း အကြောင်းအရင်းမှာ လက်တွေ့နိုင်ငံရေး ဖြစ်ပုံရသည်။ဖိလစ်ပိုင်နိုင်ငံတွင် သမ္မတ ဒူတာတေး က လူထောင်ပေါင်းများစွာကို တရားစီရင်မှုမဲ့ သတ်ဖြတ်သည်ဟု လူ့အခွင့်အရေးအဖွဲ့များက စွပ်စွဲခံရသော နိုင်ငံတစ်ခုဖြစ်နေသည်။
 
ထိုပြဿနာသည် သြစတြေးလျအတွက်လည်း အကျပ်အတည်းဖြစ်စေသည်။မောရစ်ဆင်သည် ဒီမိုက ရေစီအကြောင်းပြောသော်လည်း ဗီယက်နမ်မှ သဘောထားတင်းမာသော ကွန်မြူနစ် ဗီယက်နမ် ခေါင်းဆောင် ငုယင်ဆွန်ပက် ကို မိတ်ဆွေကောင်းအဖြစ်သူပြောသည်။
 
ထိုသို့သော စကားပြောပွဲတော်များတွင် ဒီမိုကရေစီကို မြှင့်တင်အားပေးနေခြင်းသည် နေရာတစ်ခုရှိနေသော် လည်း အမေရိကန်ပြည်ထောင်စုနှင့် ၎င်း၏ မဟာမိတ်များသည် ၎င်းတို့၏ ဂုဏ်သိက္ခာကို ပြန်လည်တည်ဆောက်ရန်နှင့် ၎င်းတို့၏မူများကို လိုက်နာပြီး ဒီမိုကရေစီကို အားပေးရန်အတွက် လုပ်ဆောင်စရာများစွာရှိသည်။
 
အထူးသဖြင့် အမေရိကန်နိုင်ငံသည် ၎င်း၏ ဒီမိုကရေစီအိမ်ကို စနစ်တကျဖြစ်အောင် လုပ်ရမည်ဖြစ်သည်။ရီပတ်ဗလစ်ကန်ပါတီ၏ ပုန်ကန်သော နည်းပိရိယာယ်များသည် ဇန်နဝါရီလ ၆ ရက်နေ့တွင် ရွေးကောက်ပွဲစနစ်ကို ချောက်ကမ်းပါးစွန်းသို့ ရောက်သွားစေသည်။အမေရိကန်ပြည်ထောင်စုနှင့် အခြားနေရာများမှ နိုင်ငံရေးအငြင်းပွားမှု၏ ပြင်းထန်မှုနှင့် ဘက်လိုက်မှုသည် ဒီမိုကရေစီကို လေးစားလိုက်နာမှုကို ထိခိုက်စေသည်။
 
အမေရိကန်ပြည်ထောင်စု၊ သြစတြေးလျနှင့် အခြားစိတ်တူကိုယ်တူနိုင်ငံများသည် ကိုဗစ်နိုင်တင်း ကာကွယ်ဆေး၊ ရာသီဥတုပြောင်းလဲမှုနှင့် စီးပွားရေးတိုးတတက်မှုစသည့် ပြဿနာများတွင် ကောင်းမွန်သော ကမ္ဘာ့နိုင်ငံသားများ ဖြစ်ကြောင်းလည်း ပြသရန်လိုသည်။
 
ဒီမိုကရေစီနိုင်ငံများသည် ၎င်းတို့ပြည်သူများအကျိုးကို ဆောင်ရမည်ဖြစ်သည်။၎င်းတို့သည် လူမှုသဟဇာတဖြစ်မှုနှင့် စီးပွားရေးတိုးတက်ချမ်းသာမှုအတွက် ပုံသေနည်းတစ်ခုကို ပြန်လည်ရှာဖွေရမည်ဖြစ်သည်။
 
ဒီမိုကရေစီသည် ပိုမိုကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ဖြစ်သောကြောင့် ရေရှည်တွင် အောင်မြင်မည်ဖြစ် သော်လည်း အားထုတ်မှုများ ပိုမိုလုပ်ဆောင်ရန် လိုနေသေးသည်
 
(Ref : Biden’s battle for global democracy must start at home: The Press Democrat)
 
Linko
ဒီဇင်ဘာ - ၁၀