【 ဆောင်းပါး 】 တိမ်လိုလွင့်လာသည့် တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ

【 ဆောင်းပါး 】 တိမ်လိုလွင့်လာသည့် တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ

ဘယ်နေရာ ဘယ်လောကမှာမဆို နာမည်ကြီးတဲ့လူတွေရှိနေပါတယ်။အမှန်တကယ်ပြောရရင် လူတစ်ယောက်ဟာ သူလုပ်တဲ့အလုပ်အပေါ်မှာပဲ အာရုံစိုက်လုပ်နေမယ်ဆိုရင် တစ်ချိန်ချိန်မှာအောင်မြင်လာနိုင်ပါတယ်။တကယ်လည်း ကိုယ်လုပ်တဲ့အလုပ်တစ်ခုမှာ ထူးချွန်ထက်မြက်နေတတ်ပါတယ်။ဒါပေမယ့် တစ်ခုထူးခြားတာကို ကျွန်တော်တွေးနေမိတယ်။
လုပ်ကိုင်နေရတဲ့ အလုပ်ခွင်ထဲမှာ ထူးချွန်အောင်လုပ်ဆောင်နိုင်တဲ့ လူတော်တွေ နာမည်မကြီးတာတွေကလည်း အင်မတန်ထူးခြားပါတယ်။နေရာမရကြလို့ပဲလားဆိုတာကိုတော့ မသိနိုင်ပါဘူး။မတော်ပဲ နာမည်ကြီးတဲ့လူတွေရှိနေတတ်တယ်။

အဲဒီလိုပါပဲ။လူတစ်ယောက်မှာရှိနေတဲ့ အရည်အချင်းကို တစ်ခြားလူတစ်ယောက်ကသိပြီး အခွင့်အရေးယူသွားတတ်တာကိုလည်း တွေ့နိုင်ပါတယ်။ရိုးသားမှုအပေါ်မှာ အခွင့်အရေးယူပြီး လူလည်ကျသွားတာပါပဲ။ကျွန်တော်တို့ ရုပ်ရှင်ဗီဒီယိုလောကမှာလည်း ဖြစ်နေကြတာတွေ အတော်များများရှိနေပါတယ်။

အနုပညာကိုအသုံးချပြီး အခွင့်အရေးယူသွားခံခဲ့ရခြင်း

ကျွန်တော်လည်း အဲဒီလိုအသုံးချခံခဲ့ရဖူးပါတယ်။ကျွန်တော့်တူတွေလုပ်ကိုင်ခဲ့တဲ့ ဗီဒီယိုထုတ်လုပ်ရေးမှာ မန်နေဂျာလုပ်ခဲ့တဲ့လူပါ။အဲဒီလူက ရုပ်ရှင်ဗီဒီယိုလောကမှာ အသိအကျွမ်းအလွန်များခဲ့တယ်။နာမည်ကြီး ရုပ်ရှင်ဗီဒီယိုမင်းသားရဲ့ မန်နေဂျာလည်း လုပ်ခဲ့ဖူးတယ်။အဲဒီလူကလည်း နာမည်ကြီးမင်းသမီးတစ်ယောက်ရဲ့ မန်နေဂျာလုပ်ပေးနေသေးတယ်။အဲဒီလူက ကျွန်တော့်ကိုချိန်းပြီး ရုပ်ရှင်ကားကြီးတစ်ကား ဇာတ်ညွှန်းရေးပေးပါလို့ ပြောတယ်။ကျွန်တော်ကလည်း “ရွှေမင်းသမီး” ရုပ်ရှင်ထုတ်လုပ်ရေးကရိုက်ခဲ့တဲ့ “ရှော့ခ်ရှိတဲ့အချစ်များ” ရုပ်ရှင်ကားကြီးကို ဇာတ်ညွှန်းရေးခဲ့ပြီး ဒီရုပ်ရှင်ဗီဒီယိုလောကထဲကို ရောက်လာခဲ့သူတစ်ယောက်ပါ။အဲဒါကိုလည်း အဲဒီလူကသိထားတယ်။

ကျွန်တော်ရေးရမယ့် ရုပ်ရှင်ဇာတ်ညွှန်းက ‘အိန္ဒိယ’ ဇာတ်ကား။အရင် “ရှော့ခ်ရှိတဲ့အချစ်များ” ရုပ်ရှင်ကားကြီးကလည်း ‘အိန္ဒိယ’ ဇာတ်ကားပါပဲ။အရင် အိန္ဒိယဇာတ်ကားတုန်းက မြန်မာစာတန်းထိုးပါခဲ့တယ်။ကျွန်တော့်ဇာတ်လမ်းကို ကိုယ့်အတွေးနဲ့ပြန်ပြင်ရေးပြီး စကားပြောတွေကိုလည်း ပြန်ပြင်ရေးလို့ရခဲ့တယ်။အခု ဇာတ်လမ်းရော၊ ဇာတ်ညွှန်းပါရေးရမယ့် ‘အိန္ဒိယ’  ရုပ်ရှင်ကားက မြန်မာစာတန်းထိုးမပါဘူး။ဇာတ်ကားကိုသေချာကြည့်ပြီး ဇာတ်လမ်းကိုအရင်ရေးရမယ့်သဘောပေါ့။နောက်ပြီး အိန္ဒိယဟိန္ဒူကားလည်းမဟုတ်ဘူး။ကျွန်တော်တို့ခေါ်ခဲ့ကြတာကတော့ “ကုလယ်” လူမျိုး ရုပ်ရှင်ကား။ကျွန်တော်တို့ဆီမှာ မီးနင်းပွဲလုပ်ကြတဲ့လူမျိုးပေါ့။

ကျွန်တော့်ကို ဇာတ်ညွှန်းရေးပေးပါလို့ ပြောတဲ့လူကလည်း အဲဒီလူမျိုးဆိုတော့ ကျွန်တော်ရေးရမယ့်ဇာတ်ကား ဇာတ်ကြောင်းကို ပြောပြတယ်။အဲဒီလို နိုင်ငံခြားကားကိုကော်ပီကူးပြီးယူရတဲ့ ရုပ်ရှင်ကားမှာ ကျွန်တော့်အနေနဲ့ ဇာတ်လမ်းနာမည်မခံချင်ဘူး။ “ရှော့ခ်ရှိတဲ့အချစ်များ” ရုပ်ရှင်ကားကြီးတုန်းကလည်း ဇာတ်လမ်းကို ကျွန်တော်ပြန်ပြင်ရေးခဲ့ပေမယ့် ဇာတ်လမ်းအမည်မခံခဲ့ဘူး။အခုလည်း ဒီရုပ်ရှင်ဇာတ်ကားနာမည်ကို ကျွန်တော်မခံဘူးလို့ပြောလိုက်တယ်။ဟုတ်တယ်လေ။သူက သူ့လူမျိုးရုပ်ရှင်ကားကို သူပြောပြမှ သေသေချာချာ ကျွန်တော်သိရတာလေ။

အဲဒီဇာတ်ညွှန်းရေးဖို့အတွက် ကမ်းနားလမ်းနဲ့ ကုန်သည်ကြီးလမ်းထောင့်မှာရှိတဲ့ ဟိုတယ်မှာ အခန်းငှားပေးခဲ့တယ်။ဇာတ်ကားထဲက တစ်ချို့စကားတွေကို သူပြောပြတယ်။အဲဒီဟိုတယ်မှာ ဇာတ်ညွှန်းအကြမ်းရေးပြီးသွားတယ်။ကျွန်တော့်အိမ်မှာ ဇာတ်ညွှန်းအချောကို ပြန်ရေးပေးရတယ်။ကျွန်တော်က အဲဒီရုပ်ရှင်ကားဇာတ်ညွှန်းရေး သူ့နာမည်ခံရမယ်ပေါ့။နောက် အဲဒီရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီကရိုက်မယ့် မင်းသမီးနေရာမှာ အဲဒီလူ မန်နေဂျာလုပ်ပေးနေတဲ့ မင်းသမီးက ဇာတ်လမ်းနဲ့ပိုလိုက်တယ်ဆိုပြီး ကျွန်တော့်ကိုပြောခိုင်းတယ်။အဲဒီမင်းသမီးပြောင်းပြီးရိုက်မယ့်ကိစ္စကတော့ အဆင်ပြေသွားတယ်။နောက် အဲဒီရုပ်ရှင်ဇာတ်ကားကြီး ရုံတင်တဲ့အခါ ဇာတ်ညွှန်းရေးသူနာမည်က ကျွန်တော်မဟုတ်ဘူး။
အဲဒီရုပ်ရှင်ဇာတ်ကားကိုရိုက်ပေးတဲ့ ဒါရိုက်တာကပဲ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာဖြစ်သွားတယ်။

သရုပ်ဆောင်မင်းသား ဒွေးရဲ့ညီ ဖိုးရန်အောင်ရဲ့ အနုပညာခံစားမှု

ကျွန်တော်ဟိုတယ်ပေါ်မှာ ဇာတ်ညွှန်းရေးနေတဲ့အချိန်မှာ သူငယ်ချင်း ဖိုးရန်အောင် ရောက်လာသေးတယ်။သူ့အစ်ကို ဒွေးရှိနေတုန်းက အမြဲတမ်းအခန်းငှားထားတဲ့ ဟိုတယ်ဆိုတော့ ဟိုတယ်မန်နေဂျာရော၊ ဝန်ထမ်းတွေနဲ့ပါ ရင်းနှီးခင်မင်နေကြတယ်။အခု ဖိုးရန်အောင်ကတော့ သူ့အစ်ကို ဒွေးနာမည်ကိုပြောပြီး ဒီရုပ်ရှင်ဗီဒီယိုလောကမှာ လုပ်မစားခဲ့ဘူး။ဖိုးရန်အောင် က ရုပ်ရှင်ဗီဒီယိုဒါရိုက်တာ မဖြစ်လာပေမယ့် အဲဒီလူလည်ကတော့ ရုပ်ရှင်ကားရိုက်တဲ့ ဒါရိုက်တာဖြစ်နေပြီ။အဲဒီလူက အတန်းပညာလည်း သိပ်မတတ်ဘူး။အနုပညာခံစားမှုလည်းမရှိဘူး။ဖိုးရန်အောင် က စက်မှုတက္ကသိုလ်ဆင်း အင်ဂျင်နီယာတစ်ယောက်ဖြစ်သလို၊ အနုပညာခံစားမှုလည်း နက်နက်ရှိုင်းရှိုင်းရှိတယ်။

ကျွန်တော်တို့ ပြင်ဦးလွင်မှာရိုက်တဲ့ ဗီဒီယိုကားတစ်ကားဖြစ်တဲ့ “ချစ်ခြင်းသီအိုရီ” ဇာတ်ကားက ဖိုးရန်အောင်ရေးတဲ့ ဇာတ်လမ်းပါ။ကျွန်တော်ဇာတ်ညွှန်းရေးပြီး ဒါရိုက်တာကိုနေပိုင်ရိုက်တဲ့ ကျော်ရဲအောင်၊ ရဲအောင်၊ စိုးမြတ်သူဇာနဲ့ ကလေးသရုပ်ဆောင် ယွန်းယွန်းတို့ ပါဝင်သရုပ်ဆောင်ခဲ့ကြတယ်။ဖိုးရန်အောင်ရေးတဲ့ “ချစ်ခြင်းသီအိုရီ” ဇာတ်လမ်းဟာ သာမန်အချစ်ဇာတ်လမ်းလို့ ပြောလို့မရပါဘူး။လူ့လောကမှာဖြစ်တတ်တဲ့ လူတွေရဲ့သဘာဝကိုရေးထားတဲ့ ဇာတ်လမ်းပါ။သူက အနုပညာခံစားမှုနက်ရှိုင်းတယ်။သူ့လောက် အနုပညာခံစားမှုသိပ်မရှိတဲ့ ဖိုးရန်အောင်ညီအရင်း ‘သားညီ’ တောင် ရုပ်ရှင်ဗီဒီယိုဒါရိုက်တာဖြစ်နေပြီ။ ‘သားညီ’ လောက် အနုပညာမရှိတဲ့ မင်းသားမန်နေဂျာလုပ်တဲ့လူတောင် ရုပ်ရှင်ဗီဒီယိုဒါရိုက်တာ လုပ်စားနေပြီ။

ကျွန်တော်ပြောချင်တာက တကယ်အရည်အချင်းရှိတဲ့လူတွေ နာမည်မကြီးကြပဲ၊ အခွင့်အရေးယူပြီးလုပ်စားနေတဲ့လူတွေ နာမည်ကြီးနေကြတာကို ပြောချင်တာပါ။လူ့လောကမှာ ဒီလိုအဖြစ်အပျက်တွေ များစွာရှိနေတတ်ပါတယ်။

တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ ရုပ်ရှင်အကြောင်း

ဒါရိုက်တာနေပိုင် ရိုက်ကူးခဲ့တဲ့ “တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ” ရုပ်ရှင်ကားကြီးက ဒါရိုက်နေပိုင်ရဲ့ ပထမဦးဆုံးရုပ်ရှင်ကားကြီးပါ။အဲဒီရုပ်ရှင်ကားကြီးမှာ ဒါရိုက်တာနေပိုင်ရဲ့ အရည်အချင်းကို သိလိုက်ရတယ်။သရုပ်ဆောင်မင်းသမီး “နဝရတ်” ကိုယ်တိုင် အရင်းအနှီးထုတ်ပြီးရိုက်ခဲ့တဲ့ ရုပ်ရှင်ကားကြီးပါ။ “နဝရတ်” ကိုယ်တိုင် နှစ်ကိုယ်ခွဲသရုပ်ဆောင်ခဲ့ပြီး၊ ဟိန်းဝေယံ၊ နေအောင်၊ ရဲအောင်၊ ဇော်ဦး၊ ထွန်းထွန်းဝင်း၊ ဦးဝင်းမြိုင်၊ ထွန်းအိန္ဒြာဗို၊ ခင်မို့မို့အေး၊ သန်းသန်းဆင့် စတဲ့ဝါရင့်သရုပ်ဆောင်တွေ ပါဝင်ခဲ့တယ်။ကလေးသရုပ်ဆောင် ယွန်းယွန်းလဲ နှစ်ကိုယ်ခွဲပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

“တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ” ဝတ္ထုဇာတ်လမ်းက စာရေးဆရာမသျှင်မရဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပါ။ဝတ္ထုဇာတ်လမ်းအတိုင်း ဇာတ်ညွှန်းရေးသူ အကယ်ဒမီ (ဦး) ငြိမ်းမင်း က ဝတ္ထုဇာတ်လမ်းအတိုင်းမရေးပဲ သူပြောချင်တဲ့စကားတွေအများကြီး ပါဝင်ရေးထားတာတွေ့ရတယ်။ကျွန်တော်သတိထားလိုက်မိတာက အဲဒီခေတ်မှာ အကယ်ဒမီရသွားသူတွေ အတော်များများက နိုင်ငံတော်အစိုးရကြိုက်တဲ့ ဇာတ်လမ်းတွေ၊ ဇာတ်ညွှန်းတွေ (စကားပြောတွေ) ပါတတ်တာကို တွေ့ရတယ်။ဒါရိုက်တာကိုနေပိုင် က (ဦး) ငြိမ်းမင်း ရေးထားတဲ့ ဇာတ်ညွှန်းကို မကြိုက်ခဲ့ဘူး။တစ်ခန်း တစ်ခန်းဟာ စကားပြောတွေနဲ့ရှည်ပြီး လေးမျက်နှာလောက်ရှိနေတယ်။ဒါရိုက်တာ နေပိုင် က စကားပြော ထိထိမိမိနဲ့ပြောတာကို သဘောကျတတ်ပြီး ကင်မရာရိုက်ချက်ကို ပိုအလေးထားတတ်သူတစ်ယောက်။

ရိုက်ကွင်းဇာတ်ညွှန်းအရ ဇာတ်ကားကိုရိုက်ခဲ့ရခြင်း

ဒါရိုက်တာကိုနေပိုင် က ဇာတ်ညွှန်းအခန်းစဉ်ကို ပြန်ခွဲခိုင်းပြီး ဇာတ်ညွှန်းအစအဆုံး ပြန်ရေးပေးခိုင်းတယ်။နောက် “တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ” ရုပ်ရှင်ကားကြီးကို ရန်ကုန်မှာစရိုက်ခဲ့ရတယ်။ကိုနေပိုင် က ကရိန်းတွေ၊ ထော်လီတွေနဲ့ ရိုက်ချက်တွေကို သေချာတွေးပြီးရိုက်ခဲ့သလို၊ သရုပ်ဆောင်တွေကို ကျွန်တော်ဇာတ်ညွှန်းဒိုင်ယာလော့ချပေးပြီး သရုပ်ဆောင်မှုတွေရဲ့ အလိုအပိုတွေကို ဇာတ်လမ်းအခန်းတိုင်း ပြောဆိုနေရတယ်။ဝါရင့် အကယ်ဒမီရ သရုပ်ဆောင်တွေဖြစ်နေပေမယ့် ကျွန်တော်ပြောတာကို အလေးထားခဲ့ကြတယ်။ရန်ကုန်မှာရိုက်တဲ့ရိုက်ကွင်းတွေမှာ အဓိကကင်မရာမင်းအဖြစ် ကိုဇော်မြင့်နဲ့ တွဲဘက်ကင်မရာမင်းအနေနဲ့ ကိုမိုးဇော် က တာဝန်ယူခဲ့ရတယ်။

ရန်ကုန်ရိုက်ကွင်းတွေပြီးမှ ကျွန်တော်တို့ စစ်ကိုင်းမြို့ကိုတက်ခဲ့တယ်။စစ်ကိုင်းတောင်ပေါ်မှာရှိတဲ့ ဘုရားတွေစုံအောင် ရိုက်ခဲ့ရတယ်။စစ်ကိုင်းမြို့ ဘုန်းကြီးကျောင်းမှာ ကျွန်တော်တို့တည်းခိုရတယ်။ဘုန်းကြီးကျောင်းဆိုပေမယ့် အဲကွန်းတပ်ထားတဲ့အခန်းတွေက ဟိုတယ်အခန်းတွေလိုပါပဲ။စစ်ကိုင်းတောင်ရိုက်ကွင်းမှာ အဓိက ကင်မရာမင်းကတော့ ပြောင်းသွားတယ်။ကိုဇော်မြင့် က အခြေအနေတစ်ခုကြောင့် စစ်ကိုင်းတောင်အထိ မလိုက်နိုင်ခဲ့ဘူး။အဓိက ကင်မရာမင်းအဖြစ် ကိုကျော်ညွန့် က တာဝန်ယူရိုက်ပေးခဲ့တယ်။တွဲဘက်ကင်မရာမင်းကတော့ ပင်တိုင် ကိုမိုးဇော်ပါပဲ။

စစ်ကိုင်းတောင်ပေါ်မှာ ကရိန်းနဲ့ရိုက်ချက်တွေက အတော်ကြီးကိုကောင်းခဲ့တယ်။ “တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ” ရုပ်ရှင်ကားကြီးရိုက်နေချိန် စစ်ကိုင်းတောင်ပေါ်မှာ မြွေစိမ်းတွေ ခဏခဏတွေ့ရတယ်။မခိုင်ကြီး (ထွန်းအိန္ဒြာဗို) ပြောတာက အဲဒီမြွေစိမ်းတွေ ခဏခဏတွေ့နေတာ ထူးခြားတယ်တဲ့။ဒီရုပ်ရှင်ကားကြီးအောင်မြင်မယ့် နိမိတ်ပေါ့။ပါဝင်သရုပ်ဆောင်နေတဲ့ မင်းသမီး နဝရတ်ကိုလဲ “တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ” ရုပ်ရှင်ကားကြီးနဲ့ အကယ်ဒမီရမယ်လို့ မျှော်မှန်းခဲ့တယ်။ဒါရိုက်တာကိုနေပိုင်လဲ အကယ်ဒီရနိုင်သလို ထွန်းအိန္ဒြာဗို၊ ခင်မို့မို့အေး၊ ဦးဝင်းမြိုင်တို့လဲ အကယ်ဒမီရနိုင်တယ်။ပြဿနာက ကင်မရာမင်းနှစ်ယောက်ဖြစ်နေတာ။ဇာတ်ညွှန်းကတော့မရနိုင်ပါဘူး။မူလဇာတ်ညွှန်းကို ရုပ်ရှင်အစည်းအရုံး အကယ်ဒမီရွေးချယ်ရေးအဖွဲ့ကို တင်ပေးရမှာ။မူလဇာတ်ညွှန်းနဲ့ ရိုက်ကွင်းဇာတ်ညွှန်းက လုံးဝမတူဘူးမဟုတ်လား။ကျွန်တော်ရေးထားတဲ့ ဇာတ်ညွှန်းအတိုင်း ကလေးသရုပ်ဆောင် ယွန်းယွန်း ကို အသေအချာသင်ပြပေးခဲ့တယ်။ယွန်းယွန်းကလည်း ကျွန်တော့်ကို ဦးလေးတစ်ယောက်လို အတော်ခင်မင်သွားခဲ့တယ်။

မြတ်လှိုင်း
သြဂုတ် - ၁၅