【 နည်းပညာ 】 Google ရဲ့ ကွေးညွတ်စမတ်ဖုန်း ယခုနှစ်ကုန်တွင် ထွက်ရှိလာဖွယ်ရှိနေ

【 နည်းပညာ 】  Google ရဲ့ ကွေးညွတ်စမတ်ဖုန်း ယခုနှစ်ကုန်တွင် ထွက်ရှိလာဖွယ်ရှိနေ

ကွေးညွတ်စမတ်ဖုန်းဈေးကွက်ထဲကို Google ဝင်ရောက်တော့မယ့် သတင်းတွေ  ထွက်ပေါ်နေခဲ့တာ အချိန်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။

လက်ရှိသတင်းထွက်ပေါ်လာမှုအရ Google Pixel Fold ကွေးညွတ်စမတ်ဖုန်းကို ယခု ၂၀၂၁ ခုနှစ် နှစ်ကုန်မှာ ထွက်ရှိလာဖွယ်ရှိတယ်လို့ သိရပါတယ်။

Google ရဲ့ ကွေးညွတ်စမတ်ဖုန်း သတင်းဟာ Senior Director ဒေးဗစ် နာရန်ဂျို (David Naranjo) ဆီကနေ ထွက်ပေါ်လာတာဖြစ်ပြီး Google Pixel Fold မှာ LTPO OLED မျက်နှာပြင်ကို အသုံးပြုထားဖွယ်ရှိတယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ် နှစ်စပိုင်းမှာတော့ မထွက်ရှိသေးတဲ့ Pixel စမတ်ဖုန်းတွေရဲ့ အချက်အလက်တွေ မော်ဒယ်လ်တွေ ပေါက်ကြားလာခဲ့ဖူးပြီး အဆိုပါမော်ဒယ်လ်တွေထဲကမှ GPQ72 မော်ဒယ်လ်နဲ့ "Passport" လို့ အမည်ရတဲ့ နာမည်ဝှက်နဲ့ စမတ်ဖုန်းတစ်လုံးကို မြင်တွေ့ခဲ့ရပါတယ်။ "Passport" ဆိုတဲ့ အမည်ဝှက်ဟာ ကွေးညွတ်လို့ရတဲ့ စမတ်ဖုန်းကို ရည်ရွယ်တာဖြစ်နိုင်တယ်လို့ Pixel ပရိတ်သတ်တွေနဲ့ နည်းပညာပညာရှင်တွေက ယူဆခဲ့ကြပါတယ်။

Google Pixel Fold ကွေးညွတ်စမတ်ဖုန်းမှာ မျက်နှာပြင်အောက် ကင်မရာမြှုပ်နှံထားတဲ့ နည်းပညာ (under-screen camera) ပါဝင်လာနိုင်တယ်လို့လည်း သတင်းတွေကဆိုထားပြီး၊ ၇.၆ လက်မရှိတဲ့ Samsung ကုမ္ပဏီရဲ့ မျက်နှာပြင်နည်းပညာကို အသုံးပြုထားဖွယ်လည်းရှိတယ်လို့ သိရပါတယ်။

Damien
စက်တင်ဘာ - ၂၂