【 ဆောင်းပါး 】နှစ်ကူးကာလမှာ ခရီးသွားသူများ

【 ဆောင်းပါး 】နှစ်ကူးကာလမှာ ခရီးသွားသူများ  

မြန်မာနိုင်ငံမှာ နှစ်သစ်ကူးသင်္ကြန်ကာလဟာ တစ်နှစ်ပတ်လုံး ရုံးပိတ်ရက်ရှည်ရလို့ ပိတ်ရက်အများဆုံး ကာလဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း ဒီကာလအတွင်းမှာ နေရပ်ပြန်သူတွေနဲ့ အနယ်နယ်အရပ်ရပ်ကို အပျော်ခရီး ထွက်သူတွေများတဲ့ကာလလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံလိုပဲ အိမ်နီးချင်းတရုတ်နိုင်ငံမှာလည်း နှစ်သစ်ကူးကာလရောက်ပြီဆိုတာနဲ့ ရက်ရှည်ပိတ်ရက်ရသလို အဲ့ဒီကာလမှာပဲ နေရပ်ပြန်သူတွေနဲ့ ပြည်တွင်း၊ပြည်ပကို ခရီးလှည့်လည်သွားလာမှုတွေ များတဲ့အချိန် ကာ လ ဖြစ်ပါတယ်။

တရုတ်နှစ်ကူးချိန်ကာလမှာ တရုတ်နိုင်ငံမှ ခရီးသွားတွေဟာ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် လှည့်လည်သွားလာကြသလို နေရပ်ပြန်သူတွေလည်း များတဲ့ကာလဖြစ်ပါတယ်။

တရုတ်နှစ်သစ်ကူးပွဲတော်ရဲ့ အဓိကကျတဲ့ အခန်းကဏ္ဍကလည်း မိသားစုပြန်လည်ဆုံတွေ့နိုင်ရေးဖြစ်တယ်လို့ ဆိုပါတယ်။ အခြေအနေအရ မိဘတွေဟာ နယ်မြို့လေးတွေ၊ ရွာတွေမှာ ကျန်ရစ်နေခဲ့ပြီး သားတွေသမီးတွေကတော့ မြို့တွေမှာ အလုပ်သွားလုပ်ကြတာဖြစ်လို့ နေရပ်ကိုစွန့်ခွာပြီး မြေခြားရေခြားမှာလုပ်ကိုင်နေသူတွေဟာလည်း မိမိတို့ရဲ့ မိသားစုဝင်တွေ ဆွေမျိုးတွေနဲ့ ပြန်ဆုံကြဖို့ နှစ်သစ်ကူးကာလမှာ ခရီးသွားကြတာ ဖြစ်ပါ တယ်။

နှစ်သစ်ကူးမှာ ညစာကို လက်ဆုံစားကြဖို့အတွက် နယ်တွေပြန်ဖို့ ရထား၊ ကား၊ လေယာဉ်၊ သင်္ဘော အစရှိတဲ့ သယ်ယူပို့ဆောင်ရေးယာဉ် လက်မှတ်တွေကို နှစ်ကူးမတိုင်ခင် နှစ်လလောက်ကတည်းက ကြိုတင်ဝယ်ယူ ထားနိုင်မှ ပြန်ဖို့အဆင်ပြေကြတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံမှာ ကိုဗစ်-၁၉ ကမ္ဘာ့ကူးစက်ရောဂါ စတင်ခဲ့ပြီးနောက်ပိုင်း လပေါင်းများစွာ သွားလာခွင့် ကန့်သတ်ခံခဲ့ရတဲ့ သူ့နိုင်ငံသားတွေကို ပြည်ပခရီးသွားလာခွင့်ကို နှစ်သစ်ကူးကာလ မတိုင်ခင်မှာပဲ တရုတ်အစိုးရက  ခွင့် ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။

ဇန်နဝါရီ ၇ ရက်နေ့မှစ၍ တရုတ်နိုင်ငံတွင် ရက်ပေါင်း ၄၀ ကြာ တရုတ်နှစ်သစ်ကူးနွေဦးပွဲတော်ကာလ သယ်ယူပို့ဆောင်ရေးစတင်ခဲ့ပြီး ဒါဟာ တစ်ကမ္ဘာလုံးမှာ နှစ်စဉ်လူဦးရေအများဆုံး ရွှေ့ပြောင်းခရီးသွားလာမှု ဖြစ်ပါတယ်။ တရုတ်ရဲ့ ကိုဗစ်-၁၉ စီမံခန့်ခွဲမှု မူဝါဒများ ပြောင်းလဲပြီးနောက် များစွာသောနိုင်ငံများအနက် အထူးသဖြင့် အရှေ့ တောင်အာရှနိုင်ငံများက တရုတ်ခရီးသွားများကို လက်ခံကြိုဆိုခဲ့ကြပါတယ်။

ယခု ဇန်နဝါရီလ ပထမပတ်အတွင်းမှာပဲ တရုတ်နိုင်ငံ၏ ခရီးသွားသူဦးရေ ၃၄.၇၃ သန်းကျော် ရှိခဲ့ပြီး ၂၀၂၂ ခုနှစ် ကာလတူထက် ၃၈.၉ ရာခိုင်နှုန်းတိုးလာခဲ့ပါတယ်။ ထိုင်းအစိုးရကတော့ ထိုင်းနိုင်ငံထဲကို တရုတ်ခရီးသွား ဧည့်သည်ဦးရေ ၅ သန်းခန့် ဝင်ရောက်ဖို့ မျှော်လင့်ထားပြီး လက်ရှိမှာ နေ့စဉ်တရုတ်ခရီးသွားတွေ ထောင်သောင်းချီ ဝင်ရောက်နေတယ်လို့ ဆိုပါတယ်။

ထို့အတူ မလေးရှားအနေဖြင့်လည်း တရုတ်ခရီးသွားများအပေါ် ကန့်သတ်ချက်ထားရှိမည်မဟုတ်ဘဲ ယခုနှစ်အတွင်း တရုတ်ခရီးသွား ၃ သန်းခန့်ကို လက်ခံဖို့မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

ကမ္ဘောဒီးယားကလည်း တရုတ်ခရီးသွားများကို အခြားခရီးသွားများနှင့် တန်းတူလက်ခံသွားပြီး တရုတ်ခရီးသွား ၂ သန်း လက်ခံသွားရန် ရည်မှန်းထားတယ်လို့ ဆိုပါတယ်။ ကပ်ရောဂါမတိုင်မီတွင် ကမ္ဘောဒီးယားသို့ နှစ်စဉ် တရုတ်ခရီးသွား ၂ သန်းကျော်ဝင်ရောက်ခဲ့ပြီး ဒါဟာကမ္ဘောဒီးယားနိုင်ငံ နိုင်ငံတကာခရီးသွားဝင်ရောက်မှုရဲ့ ၄၀ ရာခိုင်နှုန်းခန့် ဖြစ်ပါတယ်။ 

အလားတူ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ မတိုင်မီက တရုတ်နိုင်ငံသားခရီးသွားဧည့်သည်ဝင်ရောက်မှုက ၄ ဒသမ ၃ သန်းခန့် ဝင်ရောက်မှု ရှိခဲ့တဲ့ မြန်မာနိုင်ငံအနေနဲ့ တရုတ်ခရီးသွားဧည့်သည်တွေ အများအပြား ဝင်ရောက် လာမယ်လို့ မျှော်မှန်းထားကြောင်း ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေက ပြောဆိုထားပါတယ်။

အင်ဒိုနီးရှားကလည်း တရုတ်ခရီးသွားများအပေါ် တူညီသော မူဝါဒဖြင့် ဆက်ဆံသွားမယ်လို့ ပြောဆိုထားသလို ဗီယက်နမ် ကျန်းမာရေးတာဝန်ရှိသူများက တရုတ်ခရီးသွားများအပေါ် ကန့်သတ်ချက်များ မပြုလုပ်ရန် အစိုးရကို တိုက်တွန်းထားတယ်လို့ ဆိုပါတယ်။

ဖိလစ်ပိုင်တွင်လည်း တရုတ်ခရီးသွားများအပေါ် တင်းကျပ်မှုများမပြုလုပ်ဘဲ လက်ရှိကျန်းမာရေးလုပ်ငန်းစဉ်များသည် လုံလောက်သောကြောင့် နယ်စပ်များကိုဖွင့်ပေးကာ တရုတ်ခရီးသွားများကို ကြိုဆိုကြောင်း သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက ဆိုထားပါတယ်။ 

ကပ်ရောဂါမတိုင်မီ ၂၀၁၉ ခုနှစ်မှာ အာဆီယံ၁၀ နိုင်ငံသို့ ခရီးသွားခဲ့သော တရုတ်ခရီးသွား ၃၂ သန်း ရှိပြီး ၂၀၂၀ခုနှစ် မှာ ၄ သန်းသို့ လျော့ကျခဲ့ပေမယ့် ယခုအခါ ခရီးသွားစည်းမျဉ်းများ လျှော့ချပေးသောကြောင့် အာရှ-ပစိဖိတ် ခရီးသွားလုပ်ငန်း ပြန်လည်နာလန်ထူရေးကို အားဖြည့်ပေးနိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။ 

တရုတ်နိုင်ငံ ပို့ဆောင်ရေးနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ခန့်မှန်းချက်အရ အခုနှစ် တရုတ်နိုင်ငံရဲ့ နှစ်သစ်ကူးခရီး သွားလာမှုကာလ (ဇန်နဝါရီလ ၇ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိ)အတွင်း ခရီးသည် စုစုပေါင်းပမာဏမှာ လူဦးရေ ၂၀၉၅ သန်းခန့် ဖြစ်တယ်လို့ ဆိုထားပါတယ်။

တစ်ကမ္ဘာလုံးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေနဲ့ အသွားအလာ ပိတ်ပင်မှုတွေကြောင့် ခရီးသွားလုပ်ငန်းတွေမှာ ကြီးမားတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ခဲ့ရပြီး တရုတ်ခရီးသွားဦးရေကျဆင်းမှုကြောင့် တရုတ်ခရီးသွား အဓိကဝင်ရောက်တဲ့နိုင်ငံတွေမှာ ငွေကြေးပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။

ဒါကြောင့် နှစ်သစ်ကူးကာလနဲ့အတူ တရုတ်ခရီးသွားတွေရဲ့ ခရီးသွားလာမှုကြောင့် ၂၀၂၃ ခုနှစ်မှာ ခရီးသွားလုပ်ငန်းပြန်လည်ဦးမော့လာနိုင်တဲ့အပြင် တရုတ်စီးပွားရေးသည်လည်း အလျင်အမြန်နာလန်ထူလာနိုင်သလို ကမ္ဘာလုံးဆိုင်ရာစီးပွားရေးအတွက် တွန်းအားအသစ်ဖြစ်လာနိုင်တယ်လို့လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။ 

                                  ခန့်မောင်