【 ဆောင်းပါး 】၂၀၂၄ ခုနှစ်အတွက်အောင်မြင်တဲ့ စီမံချက် (Plan) ဘယ်လိုရေးမလဲ

【 ဆောင်းပါး 】၂၀၂၄ ခုနှစ်အတွက်အောင်မြင်တဲ့ စီမံချက် (Plan) ဘယ်လိုရေးမလဲ

ကျွန်တော် အရင်က ပြောခဲ့သလို Plan your work, Work your plan ဆိုတာကို ဘယ်တော့မှ မမေ့ပါနဲ့။ Plan မရှိရင် (Planless - ပလန်လက်ရင်) ပက်လက်လန်မယ် ဆိုတဲ့ စကားက ရယ်စရာလိုလို နဲ့ တကယ် အမှန်အကန် တန်ဖိုးလည်း သိပ်ရှိတဲ့ သတိပေးစကားတစ်ခွန်း ဖြစ်ပါတယ်။ လုပ်ငန်းတစ်ခု ရေရှည်ရပ်တည်ပြီး တိုးတက်ကြီးပွားချင်တယ်ဆိုရင် စီမံချက် (Plan) မရှိလို့ မရပါဘူး။ အစီအစဉ်တကျ ကြိုတင်ပြင်ဆင်ဖို့ ပျက်ကွက်တာဟာ ကျရှုံးဖို့အတွက် ကြိုတင်စီစဉ်နေတာနဲ့ အတူတူပဲ ဆိုတဲ့ စကားကိုလည်း သတိရနေဖို့ လိုပါတယ်။

စီမံချက် (Plan) ရေးရာမှာလဲ ကြီးကြီးကျယ်ကျယ်ကြီး မဟုတ်ပဲ လွယ်ကူရှင်းလင်းမှတ်လို့ရတာ ကျွန်တော်အရင်က တင်ပြခဲ့ပြီးပါပြီ။

-           ငါတို့ အခု ဘယ်မှာလဲ

-           ဘယ်ကို သွားချင်တာလဲ

-           အဲ့ဒီကို သွားဖို့ ဘာတွေလိုအပ်သလဲ

-           သွားချင်တဲ့ ဆီကို ရောက်ရင် ဘယ်လိုသိနိုင်မလဲ ဆိုတဲ့ ရိုးရှင်းတဲ့ အဆင့်လေးတွေနဲ့ ရေးဆွဲလို့ ရပါတယ်။

Plan တိုင်းအတွက် အရေးအကြီးဆုံး ပထမလုပ်ဆောင်ရမှာကတော့ “ငါတို့ အခု ဘယ်မှာလဲ” ဆိုတာကို အရင် သိအောင်ဖော်ထုတ်ရမှာ ဖြစ်ပါတယ်။ ၂၀၂၃ မှာ ငါတို့ ဘယ်နေရာတွေမှာ ‌အောင်မြင်ခဲ့လဲ၊ ဘယ်နေရာတွေ မှာ ကျရှုံးခဲ့လဲ ဆိုတာတွေကို ပြန်လည်သုံးသပ်ရမှာ ဖြစ်ပါတယ်။ အောင်မြင်ခဲ့တဲ့ အချက်တွေကို ၂၀၂၄ အတွက် ပိုအားစိုက်ပြီး လုပ်ဆောင်ရမယ့် လုပ်ငန်းတွေအဖြစ် အဓိကထားဆောင်ရွက်သင့်ပြီး၊ ကျရှုံးခဲ့ခြင်းရဲ့ အကြောင်းရင်းကို ရှာဖွေပြီး၊ ဒါမျိုးထပ်မံမဖြစ်‌အောင် ဂရုစိုက်စီစဉ်ရမှာ ဖြစ်ပါတယ်။ အောင်မြင်ခဲ့တယ် ဆိုရာမှာလည်း မိမိရဲ့ပြိုင်ဖက်တွေက ဂရုမစိုက်မိတဲ့ လုပ်ငန်းမှာ ကိုယ်က အားသာသွားတာဖြစ်နိုင်ပါတယ်။ ပြိုင်ဖက်တွေကပြန်လည် သုံးသပ်တဲ့အခါမှာလည်း သူတို့ ချို့ယွင်းအားနည်းခဲ့တာကို သိလာပြီး ကိုယ့်ကို အားနဲ့ပြန်လည် တိုက်ခိုက်လာနိုင်တာ ဖြစ်လို့ ဒီလို ဖြစ်လာရင် မိမိက ဘယ်လိုလုပ်မယ် ဆိုတာကိုလည်း  Plan B တို့၊ Contingency Plan တို့ အရေးပေါ်အစီအစဉ် ကြိုတင်ရေးဆွဲထားပြီး ခုခံကာကွယ်ဖို့ အသင့်ပြင်ထားသင့် ပါတယ်။

အခုလိုပြန်လည် သုံးသပ်တဲ့အခါ အသုံးအဝင်ဆုံး  tool ကတော့ SWOT analysist သုံးသပ်နည်းပဲ ဖြစ်ပါတယ် (Strength အားသာချက်, Weakness အားနည်းချက်, Opportunity အခွင့်အလမ်း နဲ့ Threat  အနှောင့်အယှက်အဟန့်အတား ဆိုတာတွေကို သတိရနေဦးမယ်ထင်ပါတယ်) ။ SWOT နဲ့ ပြန်လည် သုံးသပ်တဲ့အခါ မိမိတို့ နေ့တဒူဝ လုပ်ရင်းကိုင်ရင်း မျက်စေ့လျှမ်းခဲ့တဲ့ လုပ်ငန်းစဉ်တွေကို မြင်လာနိုင်မှာ ဖြစ်ပါတယ်။ မိမိဘယ်နေရာတွေမှာ အားနည်းခဲ့ပြီး တိုးတက်အောင် ဘာတွေလုပ်သင့်လည်း ဆိုတာတွေကိုပါ တွေ့မြင်လာနိုင်မှာ ဖြစ်ပါတယ်။ ထို့အတူ မိမိရဲ့ ပြိုင်ဖက်တွေရဲ့ အားသာချက်ကြောင့် မိမိကို ရိုက်ခတ်လာနိုင်တဲ့ Threat တွေ၊ ဖြစ်ပေါ်လာနိုင်တဲ့ နိုင်ငံရဲ့ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး တို့က ရိုက်ခတ်လာနိုင်တဲ့ Threat တွေကိုလည်း ကြိုတင်မျှော်မြင်ပြီး ရှောင်ရှားမယ် ဒါမှမဟုတ် တန်ပြန်ထိုးဖောက်မယ် ဆိုတာကို စဉ်းစားဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၂၃ ရဲ့ အဖြေကိုကြည့်ပြီး ဘယ်လိုလုပ်တာက အလုပ်ဖြစ်တယ်၊ ဘာက အလုပ်မဖြစ်ဖူး၊ နောင်မလုပ်ပဲ ရှောင်သင့်တယ်၊ ဒါမှမဟုတ် နည်းစနစ် ပြောင်းသင့်တယ် ဆိုတာကိုပါ တွေ့မြင်လာမှာ ဖြစ်ပါတယ်။ 

ဒီလို ၂၀၂၃ ကို ပြန်လည်သုံးသပ်ပြီး “ငါတို့ အခုဘယ်မှာလဲ” ဆိုတာကို သိလာပြီးတဲ့ နောက် “ဘယ်ကို သွားချင်တာလဲ” ဆိုတဲ့ အချက်ကို စဉ်းစားဖော်ထုတ်ရမှာ ဖြစ်ပါတယ်။ မိမိရဲ့ တံဆိပ်ကို ပိုသိလာအောင် Brand Awareness လုပ်မှာလား၊ (မိမိသုံးခဲ့တဲ့ လူမှုကွန်ယက်၊ တီဗွီကြော်ငြာ၊ အရောင်းမြှင့်တင်ရေး လှုပ်ရှားမှု စတဲ့ ပလက်ဖောင်းတွေထဲက ဘယ်ပလက်ဖောင်းကို ပိုအားထည့်မယ်) ဈေးကွက် ဝေစု ပိုရလာအောင် Distribution ပိုလုပ်မှာလား၊ (လက်ကားသမားတွေရဲ့အားကို ပိုသုံးမှာလား၊ လက်လီသမားတွေရဲ့ အားကိုပိုသုံးမှာလား၊ မိမိ တံဆိပ်ကို ရောင်းချနိုင်မယ့် ဆိုင်အမျိုးအစားသစ်တွေရှာမှာလား- ဥပမာ အရင်က ရောင်းချလေ့မရှိတဲ့ ဓာတ်ဆီဆိုင်လို နေရာမျိုးမှာ စတိုးဆိုင်ဖွင့်ပြီးရောင်းတာမျိုး၊ ရွှေဆိုင်တွေ၊ ဖုန်းဆိုင်တွေမှာ ဝယ်သူကို ဧည့်ခံဖို့ အချိုရည်ရောင်းချတာမျိုး၊) ရောင်းအားကောင်းအောင် ပရိုမိုးရှင်း နည်းလမ်းသစ်တွေနဲ့ ထိုးဖောက်မှာလား (Cross Channel Promotion လို့ခေါ်တဲ့ မိမိကုန်ပစ္စည်း နဲ့ လိုက်ဖက်တဲ့ အခြားကုန်ပစ္စည်းနဲ့ တွဲရောင်းတာမျိုး- ဥပမာ ကြက်ကြော်တစ်တုံးဝယ်ရင် အချိုရည်တစ်ဘူး လက်‌ဆောင်ပေးတာမျိုး) တွေကို စဉ်းစားပြီး အဲ့ဒီအတွက် အစီအစဉ် (Plan ) ရေးဆွဲရမှာ ဖြစ်ပါတယ်။

အဲ့ဒီနောက် “အဲ့ဒီကို သွားဖို့ ဘာတွေလိုအပ်သလဲ” ဆိုတာကို ဆက်လက် စဉ်းစားရေးဆွဲရပါမယ်။ ဒီအဆင့်မှာက မိမိလုပ်ရမယ့် အလုပ်တွေကို အသေးစိတ် ခွဲထုတ် စီစဉ်ဖို့လိုပါတယ်။ ဒီနေရာမှာ 3Ms လို့ ‌ခေါ်တဲ့ (Men လူအင်အား၊ Money ငွေကြေးဘတ်ဂျက်၊ Minutes အချိန်- timeline စချိန်၊ ဆုံးချိန်၊ ကြာချိန်) တွေကို ပြည့်စုံအောင်တွက်ချက်ဖို့လိုပါတယ်။ လူအင်အား- လူသစ်တွေထပ်ခန့်မှာလား၊ ရှိပြီးသားလူတွေကို သင်တန်း အသစ်ပေးမှာလား၊ ရာထူးတာဝန် တိုးပေးမှာလား၊ လူနှစ်ယောက်နဲ့ ပြီးရမယ့်အလုပ်ကို သုံးလေးယောက် လုပ်နေတာမျိုး မဖြစ်အောင်၊ ဖင်ပေါ့တဲ့ တစ်ယောက်ထဲကိုပဲ ဖိခိုင်းပြီး ကျန်လူတွေ လတ်လျား လတ်လျား ဖြစ်မနေအောင် စီမံခန့်ခွဲ ဖို့ လိုပါတယ်။

ငွေကြေးဘတ်ဂျက် - လုပ်ငန်းအမျိုးအစား ခေါင်းစဉ်အလိုက် အသုံးစားရိတ်တွေ တွက်ချက်ပြီး ဘတ်ဂျက် ပြင်ဆင်ထားရပါမယ်။ လုပ်ရင်းကိုင်ရင်း ငွေမလောက်ရင် လုပ်ငန်းအောင်မြင်ဖို့ အခက်အခဲ အတားအ ဆီးဖြစ် သွားနိုင်ပါတယ်။ ဒါပေမယ့်လည်း ဘတ်ဂျက်ရှိသမျှ အကုန်သုံးမပစ်သင့်ပဲ၊ မကုန်သင့်တာ မကုန်အောင် အလေအလွင့် နည်းအောင် လုပ်ဆောင်တာကလည်း အမြတ်များအောင် တနည်းအားဖြင့် လုပ်ဆောင်ရာကျတယ်ဆိုတာကိုရော သတိချပ်သင့်ပါတယ်။ (ချွေတာလိုက်တဲ့ အသုံးစားရိတ်ကို ဝန်ထမ်းတွေအတွက် ဆုကြေး ဘောနပ်စ် ပိုပေးဖို့ အသုံးချနိုင်ပါတယ်)။

လုပ်ငန်းတိုင်း မှာ စချိန်၊ ဆုံးချိန်၊ ကြာချိန် အတိအကျ သတ်မှတ်ထားပြီး သတ်မှတ်ချိန်မှာ ပြီး‌အောင် ဆောင်ရွက်ဖို့လည်း အရေးကြီးပါတယ်။ အခုလို အသေးစိတ် Plan ရေးဆွဲ တဲ့ နေရာမှာ များသော အားဖြင့် စီမံ အုပ် ချုပ်သူတွေက သူတို့ဖာသာ စဉ်းစား သူတို့ဖာသာ ဆုံးဖြတ်ပြီး အောက်ကို ချပြ အကောင်အထည် ဖော်စေတဲ့ နည်း ကိုပဲ သုံးလေ့ရှိကြတယ်။ နေ့တဓူဝ လုပ်ငန်းခွင်မှာ လက်တွေ့ လုပ်ဆောင် နေတဲ့ မိမိဝန်ထမ်း အရင်းအ မြစ်ကြီး တစ်ခုလုံး ရဲ့ အလွန်အဖိုးတန်တဲ့ အကြံဉာဏ်တွေကို ရယူဖို့ မေ့လျော့နေတတ်ကြတယ်။ မြေပြင်မှာ လက်တွေ့ အကောင်အထည်ဖော်ရတဲ့ လူတွေရဲ့ လိုလားတက်ကြွတဲ့ စိတ်ဟာ မိမိလုပ်ငန်း/ ကုမ္ပဏီ အောင်မြင်မှု အတွက် အလွန် အရေးပါတယ် ဆိုတာကို အမြဲ သတိရှိပါ။ အပြင်က ပညာရှင်တွေကို ခေါ်ပြီး အကြံဉာဏ် ပေးခိုင်းတာထက် မိမိရဲ့ အတွင်းအင်အားကြီးကို အသုံးချတာက ပိုပြီး ပညာရှိရာရောက်ပြီး၊ စားရိတ်လည်း သက်တာတဲ့ အပြင် သူတို့ရဲ့ အကြံဉာဏ်ပါဝင်ပြီး သူတို့ လုပ်ချင်တာကို လုပ်ရတဲ့အတွက် မိမိဝန်ထမ်းတွေရဲ့ တက်ကြွတဲ့၊ စိတ်ပါဝင်စားမှုရှိတဲ့ လုပ်အားကို လည်း ရရှိစေပါတယ်။ ဒါကြောင့် မိမိက ဦးဆောင်ရမယ့် လုပ်ငန်းဖြစ်သော်လည်း မိမိ ဝန်ထမ်းတွေရဲ့ အကြံဉာဏ်၊ သူတို့ရဲ့ သဘောထားကိုပါ ရယူပြီး Plan ဆွဲ စီမံပါလို့ တလက်စတည်း အကြံပေးလိုက်ပါရစေ။

ပြီးရင် ပါဝင်ဆောင်ရွက်ရမယ့် လူတိုင်း၊ ဝန်ထမ်းတိုင်း plan ကို သေသေချာချာ သိစေရပါမယ်။ ဒါမှ ကုမ္ပဏီ၊ အဖွဲ့အစည်းရဲ့ ပန်းတိုင်၊ လုပ်ငန်းစဉ် စတာတွေကို သိထားကြပြီး အဲ့ဒီအတိုင်း ဖြစ်အောင် တာဝန်သိသိနဲ့ ပါဝင် ဆောင်ရွက်လာကြမှာ ဖြစ်ပါတယ်။ လုပ်ငန်းစဉ်တစ်ခု စတင် အကောင်အထည်ဖော်ကာနီးတိုင်းလည်း ပါဝင်မယ့်သူတွေကို အစည်းအဝေးခေါ်ပြီး သူတို့ တစ်ဦးချင်း လုပ်ရမယ့် တာဝန်ဝတ္တရားတွေကို ရှင်းပြပြီး အသေးစိတ် သိရှိစေရပါမယ်၊ Key Performance Indicator (KPI) လို့ခေါ်တဲ့ သူတို့ရဲ့ အလုပ်၊ လုပ်ရည်ကိုင်ရည်ကို တိုင်းတာမယ့် အချက်တွေကို အသိပေးပြောပြပြီး၊ လိုအပ်ရင် မွမ်းမံသင်တန်းပေးတာမျိုး လုပ်ဆောင်ရပါမယ်။

ဒီနောက် ကျန်တဲ့ အဆင့်ကတော့ “သွားချင်တဲ့ နေရာကို ရောက်ရင် ဘယ်လိုသိမလဲ” ဆိုတဲ့ လုပ်ငန်းစဉ်‌လေးပဲ ဖြစ်ပါတယ်။ ဒီ အဆင့်မှာတော့ မိမိ လုပ်ငန်းကို ရေးဆွဲ Plan your work ပြီးပြီဖြစ်လို့ work your plan လို့ဆိုရမယ့် အဲ့ဒီ Plan အတိုင်း လုပ်သွားရုံပါပဲ။ ဒီနေရာမှာ လိုအပ်တာက Monitoring နဲ့ Controlling ဖြစ်တဲ့ မိမိ စီစဉ်ထားတဲ့ အတိုင်း လုပ်မလုပ်၊ ဖြစ်မဖြစ်၊ အလုပ်ဖြစ်မဖြစ် မျက်ခြေမပြတ် စောင့်ကြည့် ကြပ်မပြီး၊ လိုအပ်ရင် လိုအပ်သလို ချိန်ညှိ လုပ်ဆောင် အကောင်အထည် ဖော်သွားရမှာ ဖြစ်ပါတယ်။

ဒီ နည်း နဲ့ Plan ရေးဆွဲ အကောင်အထည်ဖော်ရင် ၂၀၂၄ သာမက ဘယ်ခုနှစ်သက္ကရာဇ် အတွက်ပဲဖြစ်ဖြစ် အောင်မြင်မှုကို ဆောင်ကျဉ်းပေးလာမယ့် အစီအမံ တွေကို ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ မိမိ ရဲ့ ရှေ့လုပ်ငန်းစဉ် ပန်းတိုင်ကို သတ်မှတ်ရာမှာ SMART Goal နဲ့ ချိန်ညှိဖို့ လိုတာကိုလည်း သတိပေးချင်ပါတယ်။ မိမိ ရေးဆွဲမယ့် ၂၀၂၄ plan က Specific -တိကျရမယ်၊ Measurable - တိုင်းတာနိုင်ရမယ် (ရှုံးသလား မြတ်သလား ‌အောင်မြင်မလား မှတ်ကျောက်တိုက်သလို စစ်ဆေးခံနိုင်ရမယ်၊ Attainable  - လက်တွေ့ အကောင်အထည် ဖော်နိုင်ပြီး၊ အောင်မြင်နိုင်ခြေရှိရမယ်၊ Relevant - ဆက်စပ်ပတ်သက်မှု ရှိရမယ်၊ (၂၀၂၃ တုန်းက အမြတ်ငွေ ကျပ်သိန်းတစ်သောင်းရခဲ့ပြီး၊ ၂၀၂၄ မှာ အမြတ်ငွေ ဒေါ်လာ သိန်းတစ်သောင်း ဖြစ်ရမယ် ဆိုပြီး ဖြစ်နိုင်ချေမရှိတဲ့ စိတ်ကူးယာဉ် စီမံချက် plan မဖြစ်စေရဘူး)၊ Timebound - အချိန်ကာလ အတိအကျ သတ်မှတ်ချက်ရှိရမယ်။ ဆိုတော့ SMART Goal နည်းလမ်းနဲ့ သတ်မှတ်လိုက်တဲ့ ရည်မှန်းချက်ကို ဥပမာ ပြပါဆိုရင် ၂၀၂၄ မှာ အမြတ်ငွေ ၁၅ ရာခိုင်နှုန်းတိုးတက်ဖို့အတွက် လက်ရှိ ဝန်ထမ်းအင်အား အယောက် ၃၀၀ နဲ့ မိမိတို့ ထုတ်ကုန်ကို တစ်လ ပျမ်းမျှခုရေ တစ်သိန်း ဖြစ်အောင်တိုးမြှင့် ရောင်းချမယ်။ ဆိုတဲ့ ပန်းတိုင်မျိုး သတ်မှတ်ရမယ်လို့ ဆိုလိုတာဖြစ်ပါတယ်။

Opinion Leaders ရဲ့ စာရှုသူ ပရိသတ် အားလုံး ၂၀၂၄ မှာ လွယ်ကူချောမွေ့တဲ့ လုပ်ငန်းအစီအမံ (Plan) တွေ ‌ရေးဆွဲချမှတ်နိုင်ပြီး၊ မိမိ ကုမ္ပဏီ အဖွဲ့အစည်းအတွက်ရော၊ အဖွဲ့ဝင်တိုင်းအတွက်ပါ အကျိုးအမြတ်များစွာနဲ့ ပျော်ရွှင်ချမ်းမြေ့ အောင်မြင်မှုကို ဆောင်ကျဉ်း အကောင်အထည် ဖော်နိုင်ကြတဲ့ စွမ်းဆောင်ရှင်များ ဖြစ်ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။

သက်ထွန်း (သျှမ်း)