【 ဆောင်းပါး 】“ နာဂသမန်း နှင့် တိမ်မြှုပ်နေသောအနွယ်တော်များ”

【 ဆောင်းပါး 】“ နာဂသမန်း နှင့် တိမ်မြှုပ်နေသောအနွယ်တော်များ”

လောကဓံတရားက သာမန်လူများကို မဆိုထားဘိ၊ မိမိကိုယ်မိမိရေမြေသနင်းပြည့်ရှင်မင်းဟု ပလ္လင်နှင့် တင်ပါးမြဲနေစဉ်က အထင်ရောက်ခဲ့ကြသည့် ၊ သက်ဦးဆံပိုင် ဘုရင်ဆိုသူများကိုပင် အလွတ်မပေးကြောင်း မနူဟာ မင်း၏ မြစ်တော် နာဂသမန်း၏ ဘဝက သက်သေခံပါသည်။
 
သထုံမနူဟာမင်းကို ပုဂံမင်း အနော်ရထာက စစ်အောင်နိုင်ပြီး မနူဟာမင်းနှင့်တကွ ပိဋကတ်တော်များကို အနော်ရထာက ပုဂံသို့ ပင့်ဆောင်ခဲ့ကြောင်း မြန်မာရာဇဝင်များတွင် မှတ်တမ်းတင်ထားပါသည်။
 
စစ်ရှုံးသူ နန်းကျဘုရင် မနူဟာသည် မြင်းကပါအရပ်တွင် နေထိုင်သွားရသည်။ မနူဟာဘုရားကို တည်ခဲ့သည်ဆိုသောအကြောင်းမှအပ မည်သည့်မှတ်တမ်းမှတ်ရာမျှ မတွေ့ရှိရပေ။ ဒဏ္ဍာရီဆန်သော မှတ်တမ်းကို မနူဟာမင်းအကြောင်းတွင်လည်း တွေ့ရှိရပါသည်။ မနူဟာမင်းသည် ဘုန်းတန်ခိုးကြီးသောကြောင့် စကားပြောရန် ပါးစပ်ဟလျှင် အာခံတွင်းမှ ဝင်းလက်ထိန်ပြောင်သော အာစက်လျှာစက် အရောင်ထွက်သည်ဟူ၏။ အနော်ရထာက ထိုအာစက်လျှာစက်ကို ကြောက်ရွံ့၍ မနောလင်ပန်းထဲတွင် ဘုရားဆွမ်းတော်ကျများကို ထည့်ပြီး ပွဲတော်အဖြစ် မနူဟာမင်းထံပို့သည်။ မသိ၍ မနူဟာမင်းဘုဉ်းပေးမိသောကြောင့် အာစက်လျှာစက်များ ပျောက်ကွယ်ကုန်၏ဟု ဆိုသည်။
 
နန်းကျဘုရင်အကြောင်း မွန်ရာဇဝင်တွင် အကျယ်တွေ့နိုင်ကောင်း၏ ဟုရှာဖွေမိပါသည်။ စစ်ကိုင်းမင်းကွန်းပိဋကတ်တိုက် (စာကြည့်တိုက်) ရှိ မွန်ရာဇဝင်လက်ရေးပေမူ ( ၁၇၈၄) ကို ပုံနှိပ်ထားသောစာအုပ်တွင် ဖော်ပြချက်အရ၊ သုဓမ္မဝတီမြို့ ( သထုံ) ၏ ၄၄ဆက်မြောက်ဘုရင်သည် မနူဟာဖြစ်၏။ မနူဟာသည် မိန်းမ လိုက်စားပြီး၊ မှန်ကန်စွာအားမထုတ်ခြင်းကြောင့် မနူဟာမင်းနှင့်ပြည်သူများ ဆုတ်ယုတ်လာပြီး တိုင်းနိုင်ငံလည်း ရွာကြီးအဆင့်မျှသာ ရှိတော့သည်။ သည်အခြေအနေတွင် အနော်ရထာလာရောက် တိုက်ခိုက်၍ မနူဟာ စစ်ရှုံး ကြောင်းမျှသာ ရေးသားထားသည်။
 
နန်းကျပြီးနောက်ပိုင်းကာလတွင် မနူဟာမည်သို့ ရှင်သန်နေထိုင်ကြောင်း ဘာမှမပါဝင်တော့ပေ။ သို့ဖြင့် မနူဟာ၏ အဆက်အနွယ်များအကြောင်း ရာဇဝင်မှတ်တမ်းတွင် မှားယွင်းရေးသားခြင်းများပင် ရှိခဲ့သဖြင့် မြစ်တော် နာဂသမန်း နှင့်လက်ဆက်ရသူ ရွှေအိမ်သည် ( နရပတိ၏သမီးတော်) ကို ကျန်စစ်သားမင်း၏ သမီးတော် နှင့်မှားယွင်း မှတ်တမ်းတင်ခဲ့ကြပေသည်။
 
နာဂသမန်း နှင့် နရပတိစည်သူ၏ သမီးတော် နှစ်ဦးစလုံး နန်းတွင်း၌ သိုသိုသိပ်သိပ်နေသွားကြဟန်တူ၏။ သူတို့အကြောင်း အထွေအထူးမှတ်တမ်းမရှိခြင်းကြောင့် သမိုင်းဆရာများက သူတို့တွင် သားသမီးရတနာမရှိဟု ရေးသားခဲ့ကြပါသည်။
 
သတင်းစာဆရာဦးသိမ်းမောင်ကို ယနေ့ခေတ်လူငယ်အများစုက သိရှိကြမည်မဟုတ်ပေ။ ဆရာကြီးသည် သမိုင်းပညာရှင်မဟုတ်သော်လည်း၊ ၁၉၄၂ ခုနှစ်ခန့်မှစ၍ မြန်မာသမိုင်းစာတမ်းများ၊ သမိုင်းနောက်ခံဝတ္ထုများကို ရေးသားခဲ့သူဖြစ်ပါသည်။ ဆရာကြီးက တောင်ငူ- ဟံသာဝတီမင်းဆက်ကို စတင်တည်ထောင်သူများမှာ မနူဟာ မင်း၏ အနွယ်တော်များဖြစ်ကြောင်း ရှေးဟောင်းတောင်ငူရာဇဝင်ကို ကိုးကားလျက် ပြန်လည်ဖော်ထုတ်ပေးခဲ့ပါသည်။
 
ဦးကုလားရာဇဝင်ရေးစဉ်က ကိုးကားခဲ့သော တောင်ငူရာဇဝင်ကို အရှင်ဉာဏသည်းခံကြီးက ရေးသား ပြုစုခဲ့သည်။ ဦးကုလားရာဇဝင်တွင် ဖော်ပြထားသည့် “အနန္တသူရိယအမတ်ကို မင်းကြီးက မိဖုရားငယ် တွင်မြင်သော ဇေယျသိင်္ခနှမတော်မင်းသမီးနှင့် စုံဖက်တော်မူ၍ ကြီးစွာသော အဆောင်အယောင်တို့ကိုလည်း ပေးတော်မူ၏ “ ဟူသော ရေးသားချက်များအရ ၊ အနန္တသူရိယ နှင့် ဇေယျသိင်္ခနှမတော်သည် မည်သူတို့နည်းဟု ဦးသိမ်းမောင် က ကျောက်စာ နှင့်ရာဇဝင်စာအုပ်များကို တိုက်ဆိုင်စစ်ဆေးခဲ့ပါသည်။
 
ဤတွင် တလိုင်းသိင်္ခပစ္စည်း ဟူသောဘွဲ့ကို အနန္တသူရိယဘွဲ့မရမီကပင်ရခဲ့ပြီး၊ ကျောက်စာများတွင် နာဂသမန်းဟုအမည်ရေးထိုးခံရသူဖြစ်ကြောင်း တွေ့ရှိရသည်။ အနန္တသူရိယ၏ သခင်သည် နရပတိစည်သူမင်းကြီးဖြစ်သည်။ နာဂသမန်း၏ ကောင်းမှုများအနက်၊ အထင်ရှားဆုံးက နန်းဘုရားဖြစ်သည်။
 
ဇေယျသိင်္ခနှမတော်ဆိုရာ၌ နောင်တွင်ထီးလိုမင်းလိုမင်းဟုလည်းကောင်း၊ နားတောင်းများမင်းဟုလည်းကောင်း ထင်ရှားလာမည့်၊ ဇေယျသိင်္ခမင်းသား နှင့် အဖေတူ မအေကွဲ နှမတော် ရွှေအိမ်သည်ဖြစ်သည်ဟု ဦးသိမ်းမောင်က ထောက်ပြပါသည်။ ရွှေအိမ်သည် သည် နရပတိစည်သူ၏ မိဖုရားငယ် စောစနေ ကဖွားမြင်သူဟုဆိုပါသည်။
 
ဦးကုလားရာဇဝင်တွင် တွေ့ရသည့် ဖော်ပြပါရေးသားချက်များကို အရှင်ဉာဏသည်းခံကြီးရေးသားသော တောင်ငူရာဇဝင်နှင့် တိုက်ဆိုင်စစ်ဆေးသောအခါ တောင်ငူရာဇဝင်၌ နာဂသမန်း ကို နန္တသူရိယဟုရေးသားသည်။ ယင်းသည် ဦးကုလားတွင်ရေးသော အနန္တသူရိယပင်ဖြစ်သည်။ နရပတိစည်သူမင်းကြီး တိုင်းခန်းလှည့်လည်တော် မူစဉ်၊ မြတ်စောညီနောင်ဘုရားအကြောင်းကို ဥဿပဲခူးမင်းထံမှကြားသိရသည်။ တောင်ငူ သို့ဆန်တက်ပြီးရှာဖွေရာ၊ ခြုံနွယ်ပိတ်ပေါင်းဖုံးလွှမ်းနေသော စေတီပျက်ညီနောင်ကိုတွေ့၍ နန္ဒသူရိယအမတ်ကို တာဝန်ပေးပြီး ပြန်လည်တည်စေသည်ဟု တောင်ငူရာဇဝင်တွင် ဖော်ပြထားပါသည်။
 
ဆက်လက်၍ နန္ဒသူရိယတွင် သားတစ်ဦးရှိ၏။ အမည်ကား မင်းစောလှဖြစ်ပြီး မွန်-မြန်မာကပြားဖြစ်သည်။ ဆွာချောင်းအနီးရှိ ကမ်းပါးမြင့်ရွာစားဖြစ်သည်။ မင်းစောလှ၏သား သဝန်လကျာ်။ သဝန်လကျ်ာအင်အားတောင့်တင်းလာသည်ကို စိုးရိမ်သောကြောင့် မုတ္တမမင်းက နှိမ်နှင်းသည်။ သဝန်လကျ်ာ ကိုလည်း ဖမ်းဆီးသွားသည်။ သဝန်လကျ်ာ မကွယ်လွန်မီ သားတော် သဝန်ကြီး နှင့် သဝန်ငယ်ကို တီးတိုးမှာကြားခဲ့သည့်အတိုင်း သားတော် နှစ်ပါး သည် မုတ္တမဘုရင်ထံမှ ထွက်ပြေးကြသည်။ ထိုနောက် ပုဂံလက်အောက်ခံအဖြစ် တောင်ငူမြို့ငယ်ကို တည်ထောင်နေထိုင်ကြသည်။ တောင်ငူငယ် စည်ကားလာ၍ လူနေကျပ်တည်းလာရာ တောင်ငူကြီးနေရာသို့ ပြောင်းရွှေ့ခဲ့သည်ဟူ၏။ ဤကားတောင်ငူရာဇဝင် အစပေတည်း။
 
ကေတုမတီ ခေါ် တောင်ငူမင်းဆက် ၃၀ ခန့်ရှိပြီး မင်းကြီးညိုသည် နောက်ဆုံးမင်းဆက်ဖြစ်ပါသည်။ ဦးကုလားရာဇဝင်ရေးသားရာ၌ တောင်ငူရာဇဝင်ကိုလည်း ကိုးကားခဲ့သည် ဆိုစေကာမူ နာဂသမန်းနှင့်ရွှေအိမ်သည်တို့တွင် သားတော်တစ်ပါးရှိကြောင်း မဖော်ပြခဲ့ပေ။
 
ထို့ပြင် “ တစ်ရံရောအခါ ကြက်ယက်ဘုရားနှစ်ဆူကို ထီးတော်တင်မည်ဟူ၍ ရွှေဖောင်တော်နှင့်ဆန်၏။ ငရန်မန်-ငထွေးဟူသော သူရဲကောင်းတစ်ယောက်သည် ရေဝယ် ဆင်း၍ ငုတ်ပြီးသော် သံလျက်နှင့်ထိုးကျပ်၍ မိကျောင်းသေလေသည်။ ယင်းကဲ့သို့ ကျားကို တစ်ယောက်ချင်း သတ်စေသည်။ ဆင်ကို တစ်ယောက်ချင်းသတ်စေသည်။ မင်းကြီးလည်းရန်အောင်ဖန်များသူဖြစ်၍ အနန္တသူရိယ ဟူသော အမည်ပေးတော်မူသည်။ . . . အနန္တသူရိယအမတ်သည် ပစ္စုပ္ပန်မျက်မှောက်၌လည်း ငါ၏အမှုတော်ကို ကြိုးစားအားထုတ်၍ ထမ်းပေသည်။ သံသရာအဆက်ဆက်၌ အကျိုးများမည့် အကြောင်းကိုလည်းပြုပေသည်။ သည်သူကဲ့သို့ အကျိုးကိုလိုလားသောသူ မရှိပြီဟု မိန့်တော်မူပြီးလျှင် မိဖုရားငယ်တွင်မြင်သော ဇေယျသိင်္ခ နှမတော် မင်းသမီးနှင့် စုံဖက်တော်မူ၍ . . . စသဖြင့်သာ ရေးသားဖော်ပြထားသည်။
 
ထို့ကြောင့် နန်းကျဘုရင် မနူဟာ၏မြစ်တော်ကို နာဂသမန်းဟု လူသိများသော်လည်း၊ ငရန်မန်-ငထွေး သည် နာဂသမန်းဖြစ်ကြောင်း ကျောက်စာ အထောက်အထားများနှင့် တိုက်ဆိုင်စစ်ဆေးယူရခြင်းဖြစ်သည်။ နရပတိစည်သူ၏ မိဖုရားငယ် စောစနေတွင် ရွှေအိမ်သည်၊ စည်းခုံသည်၊ ကျောင်းတော်သည်၊၊ ရွှေချူသည် ဟူသော သမီးတော်လေးပါးထွန်းကားခဲ့သည်။ နရပတိမင်းက သူရဲကောင်း အနန္တသူရိယ ကို သမီးတော် ရွှေအိမ်သည်နှင့်စုံဖက်သည်ဟု မရေးသားရဲဘဲ ဇေယျသိင်္ခနှမတော်ဟု သွယ်ဝိုက်ရေးသားခြင်းက၊ မိဖုရားငယ် နှင့် မိဖုရားငယ်က မွေးဖွားသူများကို မိဖုရားခေါင်ကြီးနှင့် တောင်နန်း၊ မြောက်နန်းမိဖုရားများက ဖွားမြင်သည့် သမီးတော်များကဲ့သို့ အရေးတယူမပြုဝန့်ကြောင်း တွေ့ရှိနိုင်ပါသည်။
 
မနူဟာ၏မြစ်တော်ခမျာ မင်းထံပါး အသက်ကိုပဓာနမထား အမှုတော်ထမ်းရကြောင်း၊ မိကျောင်းကို အသေသတ်ပြရခြင်း၊ ဆင်ကျားစသည်တို့ကို တစ်ဦးတည်းတိုက်ခိုက်နှိမ်နှင်းရခြင်းများက ပြသကြပါသည်။ မနူဟာသည် အနော်ရထာလက်မှလွတ်မြောက်ရန်ကြံစည်ခဲ့သော်လည်း မလွတ်မြောက်ခဲ့ပေ။ နောင်တွင် မနူဟာစိတ် လျှော့ပြီး လက်ဝတ်ရတနာများကို ရောင်းချကာ မနူဟာဘုရားကိုတည်ခဲ့သည်ဟု ရေးသားကြပါသည်။
 
မနူဟာ၏ သားတော်၊ မြေးတော်များလည်း အင်အားစုပြီး ပုန်ကန်ရန်ကြိုးစားခဲ့ကြပေမည်။ ထို့ကြောင့် မနူဟာကျောက်စာတွင် နရပတိစည်သူ၏ လောင်းတော်ကို မနူဟာမင်း၏မြေးတော် အသဝတ်ဓမ္မ က ပုပ္ပါးအရပ်၌ ဝှက်သည်။ နရပတိစည်သူက ပြန်ယူစေပြီး အသဝတ်ဓမ္မ၏သားတော် နာဂသမန်းနှင့် သမီးတော်ရွှေအိမ်သည်ကို ပေးစေတော်မူသည်ဟု ရေးထိုးထားသည်။ မနူဟာကျောက်စာကို မနူဟာ၏ အဆက်အနွယ်များက ရေးထိုးခြင်းကြောင်း ဖော်ပြပုံရှင်းလင်းပေသည်။ ဦးကုလားရာဇဝင်တွင် ထိုသို့ရှင်းလင်းစွာမရေးသားခြင်းက ထိုခေတ်၏ အနေအထားကြောင့်ဟုယူဆရပါသည်။
 
ထိုကျောက်စာ၌ပင် အသဝတ်ဓမ္မ ပုပ္ပါးအရပ်တွင်လူအင်အားစုပြီး တစ်စင်ထောင်မည်ကို စိုးရိမ်ပေမည်။ ထို့ကြောင့် အသဝတ်ဓမ္မ၏ မြစ်တော်ကို မထင်မရှားမိဖုရားငယ်ကဖွားသည့် သမီးတော်နှင့်လက်ဆက်စေပြီး မနူဟာ၏မြေးနှင့် ခမည်းခမက်တော်ကာ ရန်အေးစေခြင်းဖြစ်ပေမည်။
 
အဆိုပါ မွန်မြန်မာချစ်ကြည်ရေး ကို နှောင်းကာလတွင် ရာဇဝင်ပြန်တင်ရာ၌ အလွဲလွဲအချော်ချော် ကျန်စစ်သား၏ သမီးတော်နှင့် မနူဟာ၏မြေးတော်ဟု မှားယွင်းခြင်းဖြစ်ပေမည်။ မည်သို့ဆိုစေ မျက်မှောက်သမိုင်း သုတေသီတို့ ကျေးဇူးကြောင့် အမှတ်မှားနေသော သမိုင်းကြောင်းများကို ပြန်လည်ထောက်ပြပေးကြခြင်းကြောင့်၊ မိမိလူမျိုး မိမိရာဇဝင်မှန်ကို ယနေ့ခေတ်လူတို့ သိခွင့်ရကြပါသည်။
 
မနူဟာမင်း၏ အဆက်အနွယ်များ ဖခင်မှသား၊ သားမှမြေး၊ မြေးမှမြစ် လက်ထက်ထိ မင်းဆက်ပြန် မထူထောင်နိုင်ဘဲ၊ တီလက်ထက်ရောက်မှသာ တောင်ငူမင်းဆက်ကို ပြန်စနိုင်ခဲ့ကြပါသည်။ ရာဇပလ္လင်ကို တစ်ကြိမ် လက်လွတ်ပြီးပါက တော်ရုံနှင့်နာလန်ပြန်မထူနိုင်ပုံကို တွေ့ကြရပါမည်။ ထိုနည်းတူ မနူဟာတို့၏ သားစဉ်မြေး ဆက် သူတို့၏ နန်းကျမှုကို လက်ဆင့်ကမ်းလာကြပြီး မလျော့သော ဇွဲလုံ့လဖြင့် တီလက်ထက်တွင် ရာဇပလ္လင် ပေါ်ပြန်တက်ကြပုံကလည်း မှတ်သားဖွယ်ဖြစ်ပါသည်။
 
သမိုင်းသုတေသီတို့ ဆက်စပ်ဆွဲထုတ်ပြမှသာ နန်းကျဘုရင်မနူဟာ၏ အနွယ်များ အကြောင်းပုံပေါ်လာခြင်းဖြစ်ပါသည်။ သို့မဟုတ်ပါက မနူဟာနွယ် သွေးသားများကို နောက်လူတို့ မသိနိုင်ကြတော့ပေ။ အာဏာ၏ တန်ခိုးကြီးပုံကို အာဏာမဲ့ဘဝကား မှတ်တမ်းပါမဲ့ရပုံကို၊ နာဂသမန်း၏ သားတော် မြန်မာရာဇဝင်တွင် အဖျောက်ခံရခြင်းက သက်သေဖြစ်ပါသည်။
 
 
ခင်နှင်းဦး
 
 
မှတ်ချက် ။။ နန္ဒသူရိယ ( နာဂသမန်း) နှင့် မျက်ဖြေလင်္ကာရေးသူဟု အထင်ခံရသော အနန္တသူရိယ အမတ်မတူပါ ။ သီးခြားပုဂ္ဂိုလ်များသာဖြစ်ပါသည်။
(၂၀၁၉ စိတ်ကူးချိုချိုက ပုံနှိပ်ခဲ့သည့် အငြင်းပွားစရာသမိုင်းပြဿနာများ စာအုပ်ပါဆောင်းပါးကို စာရေးသူခွင့်ပြုချက်အရ ပြန်လည်ဖော်ပြပါသည်)
 
 
Photo Credit:KLOOK