【 ဆောင်းပါး 】 ချောင်းဆုံည၊ ချောင်းဆုံအလှ

【 ဆောင်းပါး 】 ချောင်းဆုံည၊ ချောင်းဆုံအလှ

၂၀၁၉ ခုနှစ် သင်္ကြန်တွင် ဇာတိမြေဘီလူးကျွန်းသို့ပြန်ရောက်တော့ မြင်သမျှများစွာသည် ကျနော့်အတွက် ဒါ၊ ဘီလူးကျွန်းမှဟုတ်ရဲ့လားဟု မေးခွန်းထုတ်ရသည်အထိ အံ့အားသင့်ရသည်။သံလွင်မြစ်ကူးတံတားကြီးကလည်း အဆင်သင့်။နိုင်လွန်ကတ္တရာလမ်းသည်လည်း အပေါက်အဖာမရှိ ချောမွေ့လို့။ညဘက်ရောက်တော့ လျှပ်စစ်မီးဝင်းပနေပုံက နေရထိုင်ရခက်သည်အထိ။နှစ်များစွာကြာ ကျနော်ဖြတ်သန်းခဲ့ဖူးသော ဘီလူးကျွန်းညတို့သည် မှောင်နဲ့မည်းမည်းဆိုတော့ တကယ့်ကိုတစ်မျိုးကြီး။

မှောင်နဲ့မည်းမည်းဆိုလို့ ဘီလူးကျွန်းတွင် လျှပ်စစ်မီးမရှိတာတော့မဟုတ်။ဘယ်ကာလကတည်းက ဘီလူးကျွန်းတွင် လျှပ်စစ်မီးစရတာလဲဟု ကျနော့်အဖေကိုမေးကြည့်တော့ လွန်ခဲ့သော ၆၆ နှစ်၊ သူ ၉ နှစ်သားအရွယ်ကတည်းကဟု ဆိုသည်။

‘ဖေဖေတို့ အခုအိမ်စဆောက်တဲ့နှစ်မှာ လျှပ်စစ်မီးစပေးတာပဲ။အိမ်ဆောက်တာ ၆၆ နှစ်ကြာပြီမို့ နှစ်အတိအကျပြောနိုင်တာ’ ဟု အဖေက နောက်ကြောင်းပြန်ပြသည်။

ကျနော့်အဖေ ၉ နှစ်သားအရွယ်မှာ ဖဆပလခေတ်။ဖဆပလခေတ်အတွင်း ညလုံးပေါက် လျှပ်စစ်မီးပေးခဲ့သည်ဟု သိရသည်။ကျနော့်အဖေ လူပျိုအရွယ် မဆလခေတ်ကိုရောက်တော့ ညလုံးပေါက်မီးမပေးနိုင်တော့။ကျနော်မှတ်မိစ မူလတန်းကျောင်းသားအရွယ် ၁၉၈၀ ပြည့်နှစ်ဝန်းကျင်ကိုရောက်တော့ မီးပေးခြင်းသည် ည ၆ နာရီမှ ၉ နာရီအထိသာ။အီးပီစီသဘောကောင်းသောရက်တချို့တွင် ည ၁၀ နာရီ အလွန်ဆုံး။မီးအားသိပ်မကောင်းသော်လည်း မီးချောင်းလင်းသည့်အဆင့်မို့ မဆိုး။ကျနော်လူပျိုပေါက်အရွယ် ၁၉၈၈ ခုနှစ်ဒီဘက်ရောက်တော့ လျှပ်စစ်ဖြင့်လင်းနေသောမီးလုံးမှာ ခရမ်းချဉ်သီးပမာမို့ လျှပ်စစ်မီးရသည်ဆိုရုံအဆင့်မျှ။

လျှပ်စစ်အီးပီစီရုံးမှာ ဘီလူးကျွန်း၊ ချောင်းဆုံမြို့ အရှေ့ပိုင်းရပ်ကွက်တွင်ရှိသည်။သံလွင်မြစ်ကြီးက အခြားမြို့များနှင့် ကုန်းမြေအဆက်အစပ်မရှိအောင် ကာဆီးထားသဖြင့် ဘီလူးကျွန်းလျှပ်စစ်မှာ မဟာဓာတ်အားလိုင်းမှလာသော လျှပ်စစ်တော့မဟုတ်။ဂျန်နရေတာမီးစက်အကြီးကြီးဖြင့် မီးပေးခြင်းဖြစ်သည်။ထို့ကြောင့် အီးပီစီရုံးအနီးရှိ အိမ်များမှာ ညဘက်မီးပေးသည်နှင့်တစ်ပြိုင်နက် မီးစက်သံဆူဆူညံညံကြီး၏ နှောက်ယှက်မှုဒဏ်ခံရပြီ။မီးစက်သံကဆူရုံတင်မက မလည်ချင်ဘဲလည်နေရသလို အိပ်ချင်မူးတူးအသံမျိုးမို့ ကြားရနားဝမှာ ခါးလှသည်။

လျှပ်စစ်မီးက အိမ်ပေါက်စေ့ရတာတော့မဟုတ်။ချောင်းဆုံ အရှေ့ပိုင်းရပ်ကွက်၊ အနောက်ပိုင်းရပ်ကွက်နှင့် အနီးဝန်းကျင် ရွာသုံး၊ လေးရွာမှ အိမ်တချို့သာ။ကျနော်တို့လမ်းတွင်ဆို ကျနော်ငယ်ငယ်က နှစ်အိမ်သာ လျှပ်စစ်မီးရသည်။သို့သော် ည ၉ နာရီဆို အိမ်မီးရော လမ်းမီးပါပိတ်ပြီမို့ အမှောင်ထဲ လက်နှိပ်ဓာတ်မီး တဝင်းဝင်းလုပ်ကြရသည်။ထို့ကြောင့် ညဘက်လမ်းသလားလေ့ရှိသော လူငယ်တိုင်းတွင် လက်နှိပ်ဓာတ်မီးတစ်လက်ရှိခြင်းသည် စတိုင်တစ်ခုပမာ။

ထိုသို့ မီးလာတော့လည်း မှုန်ဝါးဝါး၊ ခဏနေတော့ မီးပျက်သွားအခြေအနေမို့ ဘုရားပွဲရှိသည့်နေရာနှင့် ဘုရားပွဲရှိသည့်အချိန်ကလွဲ ဘီလူးကျွန်းညတို့သည် ခြောက်ကပ်မြဲ။ချွင်းချက်အနေနှင့် ရုပ်ရှင်ပြသည့်ညတို့တွင်မူ ချောင်းဆုံအရှေ့ပိုင်း၌ စိုစိုပြေပြေရှိသည်။

များသောအားဖြင့် ရုပ်ရှင်ပြသည့်ရက်မှာ ကျောင်းပိတ်ရက်နှင့်တိုက်ကာ သောကြာ၊ စနေနှင့် တရားဝင်ရုံးပိတ်ရက်မတိုင်ခင် ညတို့တွင်ဖြစ်သည်။ရုံတင်ပြသတော့မည့်ကားသစ်ကို ညနေ ၄ နာရီဝန်းကျင်တွင် မြင်းလှည်းပေါ် လော်စပီကာတပ်ကာ လိုက်ကြော်ငြာသည်။ရုပ်ရှင်ကြော်ငြာလက်ကမ်းစာစောင်ကိုလည်း မြင်းလှည်းပေါ်မှ ပစ်ချပေးလေ့ရှိသဖြင့် ကျနော်တို့ကလေးများ လိုက်ကောက်လေ့ရှိသည်။

ရုပ်ရှင်ရုံက ချောင်းဆုံမြို့ပေါ်တွင် တစ်ရုံတည်း။ချောင်းဆုံအရှေ့၊ ဘုရားကြီးကုန်းသင်္ချိုင်းအဝတွင် တည်ရှိသည်။ကျနော်တို့ တောရုပ်ရှင်ရုံတွင် အထူးတန်းမရှိ၊ ထိုင်ခုံနံပါတ်မရှိ၊ ကြမ်းပိုးကိုက်သော သစ်သားခုံတန်းရှည်တွင် ဦးရာလူစနစ်ဖြင့်အားပေး။ရုပ်ရှင်ကားမပြမီ တုန်ခြင်းမှုန်ခြင်းသည်းခံပါဟူ၍ စာတန်းထိုးလေ့ရှိပြီး တုန်လာမှုန်လာ ဖလင်ပြတ်သွားပါက ကျနော်တို့တောသားများက သည်းခံစိတ်ကင်းစွာဖြင့် အော်ကြဟစ်ကြမြဲဖြစ်သည်။မင်းသားကနိုင်ပြီဟေ့ဆို အားရဝမ်းသာ။မင်းသမီးကို လူဆိုးကနှိပ်စက်သည့်အခန်းရောက်တော့ အော်ကြဟစ်ကြ။
မြန်မာကားတို့၏ထုံးစံအတိုင်း ဇာတ်လမ်းဆုံးခါနီး ပြည်သူ့ရဲတို့လာပြီဟေ့ဆို လက်ခုပ်သံတဖြောင်းဖြောင်းမြည်ကာ လက်သီးလက်မောင်းတန်းကြသည်။

ရုပ်ရှင်ပြီးချိန်မှာ ည ၁၀ နာရီကျော်မို့ လမ်းမီးမရှိ၊ အိမ်မီးလည်းမရှိ လမိုက်ညများဆို မှောင်အတိဖုံးလို့။ဘာပဲဖြစ်ဖြစ် ပန်ကာပင်မရှိသော ရုပ်ရှင်ရုံထဲ ၂ နာရီကျော်ကြာ ချွေးဒီးဒီးကျခဲ့သမျှ ရုံအပြင်ပြန်ရောက်သည်နှင့် အေးစက်လေကြောင့် လန်းရမြဲဖြစ်သည်။ပျိုပျိုအိုအိုများက ရုပ်ရှင်ကောင်းလျှင်ကောင်းသလို ပြောလို့မကုန်။အစ်ကိုကာလသားများက ထပ်ချပ်မကွာ မထိတထိ ဝင်ရောလို့ရသူကရော။ခလုတ်တိုက်မလဲအောင် လက်နှိပ်ဓာတ်မီးအလင်းရောင်ကိုလည်း အားပြုလျှောက်ရသေးသည်။

တချို့ကဓာတ်ခဲအားကုန်မည်စိုးသဖြင့် လက်နှိပ်ဓာတ်မီးကို လိုလျှင်ထိုး၊ မလိုလျှင်ပြန်ပိတ်။အထူးသတိပြုရတာက ဓာတ်မီးကို သူများမျက်နှာမထိုးမိစေရန်ဖြစ်သည်။ဓာတ်မီးဖြင့်မျက်နှာထိုးခြင်းကို စော်ကား ခြင်းဟု ယူဆကြသဖြင့် ရန်မီးပွားလိုသူများကလွဲ မျက်နှာပေါ်မထိုးကြ။ထားတော့။

ရုပ်ရှင်မရှိသောညများတွင် တခြားဘာရှိသလဲဆိုတော့ များသောအားဖြင့် ဘာမှမရှိ။လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့ စသည်ဖြင့် နိုင်ငံတော်အဆင့်သမိုင်းဝင်နေ့အချို့တွင် ဗလာရုပ်ရှင်ပွဲများရှိတတ်သည်။ကျနော်မူလတန်းအရွယ်က လွတ်လပ်ရေးနေ့ရောက်တိုင်း ချောင်းဆုံအားကစားကွင်းတွင် ချက်ချင်းကစား၊ ချက်ချင်းပြီးသည့် အားကစားပြိုင်ပွဲစုံ။မီတာ ၅၀၊ ၁၀၀ စသည်ဖြင့် ပြေးပွဲအစုံ။အလျားခုန်၊ အမြင့်ခုန်၊ သံလုံးပစ်။ကလေးအရွယ်သပ်သပ်၊ လူငယ်အရွယ်သပ်သပ်။မည်သူမဆိုဝင်ပြိုင်နိုင်ပြီး ပ၊ ဒု၊ တ အနိုင်ရသူများကို ချက်ချင်း ငွေသားဆုချီးမြှင့်လေ့ရှိသည်။ကျနော်ကအတန်အသင့်အားကစားထူးချွန်သူမို့ မရဘူးဆို ဆုသုံး၊ လေးဆု။

ညရောက်လျှင် ချောင်းဆုံအားကစားကွင်း၌ပင် ပိတ်ကားထောင်ကာ ဗလာရုပ်ရှင်ပြလေ့ရှိသည်။မနက်အားကစားပွဲတုန်းက ဆုကြေးရထားသဖြင့် စားချင်ရာစားရန် အိတ်ကတ်ထဲငွေအပြည့်။အနည်းဆုံး ရုပ်ရှင် ၃ ကား ပြလေ့ရှိသဖြင့် ကျနော်တို့တောသားများ မပြီးမချင်း မငိုက်တမ်း မထတမ်း အကြိုက်ကြီးကြိုက်။

မဆလခေတ် ပြည်ထောင်စုနေ့ဝန်းကျင်နေ့များတွင်တော့ အားကစားကွင်းပတ်လည်တွင် ပြခန်းမျိုးစုံခင်းကျင်းလေ့ရှိပြီး ဗလာရုပ်ရှင်လည်းပြလေ့ရှိသည်။ရုပ်ရှင်မပြမီ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဥက္ကဌ ဦးနေဝင်း၏ ခရီးစဉ်အချို့ဆိုလား၊ မှတ်တမ်းရုပ်ရှင်။ မပြီးနိုင်မစီးနိုင်ပြနေသဖြင့် ကျနော်တို့စိတ်ညစ်ကြရ။ ‘ရုပ်ရှင်ပြပါတော့ဗျို့’ ဆိုသည့် အော်သံကိုလည်း ကြားရတတ်သည်။

ကျန်ညများကတော့ ဘုရားပွဲရောက်မှသာ လှုပ်လှုပ်ခတ်ခတ်၊ ဆူဆူညံညံ။တပို့တွဲလ ဆွမ်းလောင်းပွဲအပြီးတွင် ချောင်းဆုံအနောက် မင်းကျောင်းရှေ့ကွင်းတွင် ဗလာဇာတ်ပွဲ။တပေါင်းလဆို ချောင်းဆုံအရှေ့၊ ဘုရားကြီးကုန်း ဝင်းဂလုံဘုရားပွဲ။သူသည်လည်း ၇ ည ၇ လီ ဗလာဇာတ်ပွဲမို့ ကြိတ်ကြိတ်တိုးလို့။ပြီးလျှင် ချောင်းဆုံနှင့်မဝေးသော ကွမ်သဲရွာဘုရားပွဲ။သင်္ကြန်ရောက်ပြီဆို ချောင်းဆုံနှင့်နီးသော ကုလားတို့နှင့် မုရစ်ကြီးရွာ ဘုရားပွဲ။ချောင်းဆုံမြို့ပေါ်တွင်လည်း မြင့်မိုရ်တောင်ဘုရားပွဲ။ဘုရားပွဲတိုင်းတွင် အနည်းဆုံး ၂ ည ဗလာဇာတ်ပွဲသွင်းလေ့ရှိသမို့ ပျော်ရရွှင်ရ ဟန်ရေးပြရ ပွဲလည်းကြည့်ရသည်။

မတော်မရော်ဘောင်းဘီကိုဝတ်ကာ ကင်းဗတ်စီးပြီး ဖိနပ်ပေါက်နေသဖြင့် ကွတတဖြစ်နေသော ကိုရွှေတောသားတချို့၏ မျက်နှာကိုကြည့်လိုက်တော့လည်း ပေါင်ဒါအဖွေးသား။လူအုပ်ကြီးကြား ဟီးဟီးဟားဟားဖြင့် ချွေးကလည်းအတောင့်လိုက်ကျလို့။

ပြဿနာက လောင်းကစားဝိုင်းများကို တရားဝင်ဖွင့်လှစ်ခွင့်ပြုထားခြင်းပင်။များသောအားဖြင့် အနီထောင်ဝိုင်းနှင့် ဂလုတ်ဂလုတ်ဝိုင်း။
ဘုရားပွဲရန်ပုံငွေလိုလို၊ လောင်းကစားဝိုင်းအကောက်ငွေမရလျှင် ဇာတ်ပွဲသွင်းဖို့ ငွေကြေးအခက်အခဲရှိသလိုဖြင့် သက်ဆိုင်ရာအာဏာပိုင်တို့၏ ရိုက်စားခွင်ဖြစ်သည်။တကယ်တော့ ဇာတ်ပွဲသွင်းရန် ကုန်ကျစရိတ်ကို အိမ်တိုင်းကထည့်ဝင်ပြီးသား။

တချို့ဆို စပါးရိတ်သိမ်းပြီးတာမှ ဘာမှမကြာသေး။ရှိသမျှ စပါးအကုန် လောင်းကစားဝိုင်းတွင် ကုန်သွားသဖြင့် မိသားစုနှင့်ချီ စိတ်ဆင်းရဲ ဒုက္ခရောက်ကြရသည်။သို့သော် လောင်းကစားဝိုင်းတို့သည် ခေတ်အဆက်ဆက်မို့ ဘုရားပွဲဆို လောင်းကစားဝိုင်းထည့်သွင်းခြင်းသည် အစဉ်အလာလိုလို။ပြီးခဲ့သည့် ၄-၅ နှစ်ကမှ ကျနော်တို့ ဘီလူးကျွန်းဘုရားပွဲများတွင် လောင်းကစားဝိုင်း အရှိန်သေခဲ့သည်။

ယခုဆို ဘီလူးကျွန်းညတို့သည် လျှပ်စစ်မီးထိန်ထိန်သာနေသလို ဖျော်ဖြေရေးမျိုးစုံဖြင့် လှနေပြီဖြစ်၍ ပိတ်ကားထောင် ဗလာရုပ်ရှင် ပါးရှားသွားပြီဖြစ်သော်လည်း ဘုရားပွဲတို့သည်ရှိမြဲ။ဘုရားပွဲတို့၏အစဉ်အလာမပျက် ညဘက်ဆို ဗလာဇာတ်ပွဲရှိမြဲ။ကျနော်တို့တောသားများမှာ အင်တာနက်ဖွင့်ပြီး ဗီဒီယိုနှင့် ရုပ်ရှင် အလွယ်တကူကြည့်နိုင်ပြီဖြစ်သော်လည်း ဗလာဇာတ်ပွဲကို အစွဲကြီးစွဲနေသဖြင့် စည်ကားမြဲ။
လောင်းကစားမပါသော ဘုရားပွဲဖြစ်ရန်တော့လိုသည်။လောင်းကစားဆိုသည်မှာ ဘုရားမကြိုက်၊ တရားမကြိုက်၊ ရိုးဂုဏ်မြင့်ဘီလူးကျွန်းသားတို့မကြိုက်။မကြိုက်သောအရာများကို ကျနော်တို့ပြတ်ပြတ်ငြင်းရဲရန်လိုသည်။ယင်းသည် ကျနော်တို့၏ ဂုဏ်သိက္ခာကြီးမြတ်မှုပင်ဖြစ်သည်။

ငြိမ်းဆက်
Photo Credit : mapio-net
သြဂုတ် - ၇