【 ဆောင်းပါး 】 “အပေါင်းအသင်းကွန်ယက်”

【 ဆောင်းပါး 】 “အပေါင်းအသင်းကွန်ယက်”

ဒီအခန်းလေးက ဂျက်ဖ်ကီလာရဲ့ “စိတ်နေသဘောထားသည် အရာရာ” ဆိုတဲ့ စာအုပ်ရဲ့ နောက်ဆုံးသင်ခန်းစာဖြစ်ပါတယ်။ဒီအခန်းမှာ ဂျက်ဖ်ကီလာ အဓိကဆွေးနွေး လမ်းညွှန်ထားတာကတော့ ကျွန်တော်တို့ရဲ့ဘဝ ကောင်းကောင်းမွန်မွန် တိုးတက်မြန်ဆန်ဖို့ ကျွန်တော်တို့မှာ အသိုင်းအဝန်း အပေါင်းအသင်းကွန်ယက် ကောင်းကောင်းလိုတယ်ဆိုတာပါပဲ။

အဲဒီနေရာမှာလည်း ကိုယ့်အပေါင်းအသင်းတွေအပေါ်မှာ ကိုယ့်အကျိုးစီးပွား ရကောင်းစေဆိုတဲ့ စိတ်မျိုးနဲ့မဟုတ်ဘဲ၊ ကိုယ့်ဖက်က တတ်စွမ်းသမျှ သူတို့အကျိုးကို လိုလားတဲ့စိတ်နဲ့ ဖေးမကူညီပံ့ပိုးဖို့ တိုက်တွန်းထားတာပါ။ကိုယ်က သူတို့အပေါ်ကောင်းတဲ့အခါ သူတို့ကလည်း ကိုယ့်ကောင်းကျိုးအတွက်ဆို လိုလိုလားလား တုန့်ပြန်လာကြတာကို တွေ့ရတယ်ဆိုတာကို တင်ပြရင်း တစ်ဆက်တည်း အပေါင်းအသင်းကွန်ယက်ရဲ့ အကျိုးကျေးဇူးကြီးပုံ၊ အပေါင်းအသင်းကွန်ယက်ကို ဘယ်လိုတည်ဆောက်ထူထောင်ရမယ်ဆိုတာတွေကို သူ့ထုံးစံအတိုင်း ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးတွေရဲ့ အဆိုအမိန့်တွေ၊ လက်တွေ့ဘဝက အဖြစ်တွေနဲ့ ဝေဝေဆာဆာ စိတ်တက်ကြွဖွယ် တင်ပြထားတာလေးတွေ ကြည့်လိုက်ကြရအောင်။

သင်က အခြားလူတွေကို သူတို့လိုချင်တာရစေဖို့ ကောင်းကောင်းကူပေးခဲ့မယ်ဆိုရင် သင့်ဘဝမှာ သင်လိုချင်တာအားလုံး ရနိုင်ပါတယ်။

(ဇစ် ဇစ်ဂလာ)

ကျွန်တော် အလွတ်တမ်း မားကက်တင်းအညွှန်းစာတွေရေးတဲ့ စတူး‌ကေမန်နဲ့ ၁၉၉၀ ဆောင်းဦးပေါက်မှာ တွေ့လိုက်တာက ကျွန်တော့်စီးပွားရေးလုပ်ငန်းအပေါ် ထာဝရသက်ရောက်စေခဲ့တဲ့ ကွင်းဆက်တန်ပြန်အကျိုးသက်ရောက်မှုတွေ မယုံကြည်နိုင်စရာကောင်းလောက်အောင် ဖြစ်ပေါ်လာစေခဲ့တယ်။ဘာတွေဖြစ်ခဲ့တယ်ဆိုတာ သင့်ကိုပြောပြပါရစေ။

၁၉၉၂ တုန်းက စတူးက Think & Grow Rich Newsletter (စဉ်းစားတွေးခေါ်ပြီး ချမ်းသာပါ သတင်းစာစောင်)မှာ သတင်းဆောင်းပါးတွေကို အလွတ်တမ်းရေးပေးနေခဲ့ပါတယ်။စတူးရဲ့ အကြံပေးချက်အရ အဲဒီစာစောင်ကနေ ကျွန်တော့်အကြောင်း ဆောင်းပါး - ရှေ့နေဘဝကနေ စိတ်ဓာတ်မြှင့်တင်ရေး ဟောပြောသူဘဝကို ဘယ်လိုကူးပြောင်းလာခဲ့တယ်ဆိုတဲ့အကြောင်း ရှေ့မျက်နှာစာမှာ ဖော်ပြဖို့ လုပ်ခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲ အဲဒီစာစောင်နဲ့ ကျွန်တော့်ရဲ့ “စိတ်နေသဘောထားသည် အရာရာ” အမှတ်တရ လက်ဆောင်ပစ္စည်းလေးတွေ တွဲရောင်းဖို့ သဘောတူစာချုပ်တစ်ခုကိုလည်း ချုပ်ဆိုခဲ့ပါတယ်။အမှတ်တရ လက်ဆောင်ပစ္စည်းခုရေ ထောင်နဲ့ချီပြီး ရောင်းခဲ့ရပါတယ်။

“စဉ်းစားတွေးခေါ်ပြီး ချမ်းသာပါ” သတင်းစာစောင်ကနေ ကျွန်တော့်ကိုယ်ပိုင်ဆောင်းပါးတွေကိုလည်း စတင်ပုံနှိပ် ထည့်သွင်းဖော်ပြလာခဲ့ပါတယ်။အကျိုးဆက်တစ်ခုအနေနဲ့ အဲဒီစာစောင်ရဲ့ ပရိသတ်တွေက ကျွန်တော့်ကို ဖုန်းနဲ့ဆက်သွယ်လာကြပြီး ဟောပြောပွဲလုပ်ပေးဖို့ ငှားတာတွေလည်း ရရှိခဲ့ပါတယ်။သူတို့စာစောင်ကို လပေးနဲ့ဖတ်နေတဲ့ ဂျင်မ်ဒိုနိုဗန်ဆိုတဲ့၊ အဲဒီတုန်းက နယူးယောက်မှာနေတဲ့ စာဖတ်ပရိသတ်တစ်ဦးဆီက စာကိုလည်းရခဲ့တယ်။သူနဲ့လည်း ခင်မင်တဲ့မိတ်ဆွေဖြစ်ခဲ့တယ်။ဂျင်မ်က ကျွန်တော့်ကို INTI Publishing & Resource Books (အင်တီ စာအုပ်ထုတ်ဝေနှင့် အကျိုးပြုစာပေများ) နဲ့ မိတ်ဆက်ပေးခဲ့တယ်။
သင်အခုဖတ်နေတဲ့ ဆောင်းပါးတွေပါတဲ့ စာအုပ်ကို ထုတ်ဝေသူပဲပေါ့။ဒါနဲ့ ဂျင်မ်ကိုယ်တိုင်ကလည်း — “ပျော်စရာဘဝ လက်စွဲ” (Handbook To A Happier Life နဲ့ “ဒါဟာ သင့်ဘဝ - ဝတ်စုံပြည့် ဇာတ်တိုက်နေတာ မဟုတ်ဘူး” (This Is Your Life, Not A Dress Rehearsal) ဆိုတဲ့ ကိုယ့်ဒူးကိုယ်ချွန် စာအုပ်‌ကောင်းနှစ်အုပ်ကို ရေးသားခဲ့သူပါ။

သင်က အကောင်းမြင်စိတ်ရှိပြီး စိတ်အားထက်သန် တက်ကြွသူဆိုရင် လူတွေက သင်နဲ့အတူတူ သူတို့ရဲ့အချိန်တွေကို ကုန်ဆုံးချင်ကြမှာပါ။

(ဂျက်ဖ် ကီလာ)

နောက်ပြီး ဒီ သိပ်ကောင်းတဲ့အဖြစ်တွေ ဖြစ်ခဲ့ရတာဟာ ကျွန်တော် စတူးကေမန်ရဲ့  အပေါင်းအသင်းကွန်ယက်ထဲကို တံခါးခေါက်ဝင်ခဲ့လို့၊ နောက် “စဉ်းစားတွေးခေါ်ပြီး ချမ်းသာပါ သတင်းစာစောင်”ရဲ့ ကွန်ယက်ထဲ၊ နောက် ဂျင်မ် ဒိုနိုဗန်ရဲ့ကွန်ယက်ထဲကို ဝင်ရောက်ခဲ့လို့ပါပဲ။အပေါင်းအသင်းကွန်ယက်တွေရဲ့ ခွန်အားက အံ့မခန်းစရာအပြည့်ပါပဲ။

တကယ်လို့ ရွေးချယ်ခွင့်ရှိခဲ့မယ်ဆိုရင် အောင်မြင်မှုကို မြန်မြန်လိုချင်တာလား၊ ဖြည်းဖြည်းချင်းနောက်ကျမှ လိုချင်တာလား။ကောင်းပြီ၊ အပေါင်းအသင်းကွန်ယက်က သင့်ကြိုးစားအားထုတ်မှုနဲ့ သင့်ခြေလှမ်းတွေကို အရှိန်မြှင့်ပေးမယ့်၊ ရလဒ်မြန်မြန်ရစေမယ့် နည်းလမ်းတစ်ခုပါပဲ။တိုတိုပြောရရင် ခိုင်မာတဲ့ပေါင်းသင်းဆက်ဆံ ရေး ထူထောင်နိုင်လေလေ၊ သင့်အောင်မြင်မှုအတွက် အခွင့်အလမ်းက ပိုကျယ်ပြန့်လေလေပါပဲ။

          အပေါင်းအသင်းကွန်ယက်ရဲ့ အကျိုးကျေးဇူးများ

သင့်အောင်မြင်မှုက သင်နဲ့အတူ စတင်လှုပ်ရှားလာပြီဆိုတာနဲ့ လူအများနဲ့ ဆက်နွယ်ပေါင်းသင်းဆက်ဆံခြင်းရဲ့ ရလဒ်တစ်ခုအနေနဲ့ သင်ကလည်း ပိုမိုမြင့်မားတဲ့ အနေအထားတစ်ခုကို မြင့်တက်သွားမှာဖြစ်ပါတယ်။ရိုးရိုးလေးပြောရရင် သင်တစ်ယောက်တည်း ကိုယ့်ဖာသာလုပ်နေရုံနဲ့တော့ အောင်မြင်မှုအကြီးကြီးကိုရနိုင်မှာ မဟုတ်ပါဘူး။ဒါကြောင့် အပေါင်းအသင်းဆက်ဆံရေးကွန်ယက်က အရမ်းအရေးကြီးပါတယ်။ဒီဆောင်းပါးရဲ့ မူလရည်ရွယ်ချက်အတိုင်း အပေါင်းအသင်းကွန်ယက်ကို အဓိပ္ပာယ်ဖွင့်ဆိုရမယ်ဆိုရင် “နှစ်ဦးနှစ်ဖက် အကျိုးစီးပွားအတွက် လူအများနှင့် ပေါင်းသင်းဆက်ဆံရေး တိုးတက်မြှင့်တင်ခြင်း”လို့ ပြောရပါမယ်။စီးပွားလုပ်ငန်းနယ်ပယ်မှာတော့ ပေါင်းသင်းဆက်ဆံရေးကွန်ယက်ကနေ အောက်ပါအကျိုးကျေးဇူး ရရှိစေပါတယ်။

•    ဖောက်သည်အသစ်များ (သို့မဟုတ်) လုပ်ငန်းကို ဦးဆောင်သူများကို ရရှိစေတယ်။
•    အလုပ်အကိုင်အခွင့်အလမ်းများ တိုးမြှင့်ပေးတယ်။
•    အ‌ရေးကြီးတဲ့အခါတွေမှာ လိုအပ်တဲ့ သင့်တော်သူများ ရှာဖွေနိုင်ရန် ကူညီပေးတယ်။
•    ပြဿနာများကို ဖြေရှင်းပေးနိုင်မယ့် အရင်းအမြစ်များနဲ့ တန်ဖိုးရှိတဲ့ သတင်းအချက်များကို ပံ့ပိုးပေးတယ်။

          ကိုယ်ပိုင်အင်ပါယာလေးအတွင်းမှာ အပေါင်းအသင်းကွန်ယက်က သင့်အတွက် ဘာတွေလုပ်ပေးနိုင်သလဲဆိုတော့ ….

•    လူမှုဆက်ဆံရေး ပိုမိုကျယ်ပြန့်လာစေဖို့အတွက် သင့်ကို မိတ်ဆွေသစ်များဖြင့် မိတ်ဆက်ပေးနိုင်တယ်။
•    လူမျိုးကွဲများ၊ ယဉ်ကျေးမှုနဲ့ အတွေးအခေါ် နောက်ခံမတူတဲ့ လူများနဲ့ မိတ်ဆွေဖြစ်အောင် ကူညီပေးနိုင်တယ်။
•    အဖိုးတန်သတင်းအချက်အလက်များနဲ့ အရင်းအမြစ်များကို ပံ့ပိုးပေးနိုင်တယ်။
•    စိတ်ဓာတ်ခွန်အား တိုးတက်လာအောင် ပံ့ပိုးပေးနိုင်တယ်။

          အုပ်စု (၄) စု

ကဲအခု ပေါင်းသင်းဆက်ဆံရေးကွန်ယက်က ကိုယ့်အတွက် ဘာလုပ်ပေးနိုင်လဲ သိပြီဆိုတော့ မေးရမှာက - ကျွန်တော်တို့ရဲ့  အပေါင်းအသင်းကွန်ယက်ရဲ့ ထိရောက်အောင်မြင်အောင်လုပ်နိုင်စွမ်း မြှင့်တင်ဖို့အတွက် ဘာလုပ်ဖို့လိုမလဲ၊ ဘာလုပ်သင့်လဲဆိုတာပါပဲ။ဒီနေရာမှာ ကျွန်တော်သိထားတဲ့ ထိရောက်တဲ့ စွမ်းအားမြှင့်နည်းလမ်း (၁၆) သွယ်ကို မျှဝေခွင့်ပြုပါ။ပိုပြီးရိုးရှင်းစွာ မှတ်သားနိုင်ဖို့ ကျွန်တော်က တူတဲ့ အုပ်စု (၄) စု ဖွဲ့ထားပါတယ်။

(၁) စိတ်နေသဘောထားနဲ့ ဆောင်ရွက်ချက်၊
(၂) ထောက်ခံညွှန်းဆိုသူများ၊
(၃) ဆက်သွယ်ရေးပုံစံနဲ့  
(၄) နောက်ဆက်တွဲ လုပ်ဆောင်ရန်များတို့ဖြစ်ပါတယ်။

          စိတ်နေသဘောထားနဲ့ ဆောင်ရွက်ချက်

၁။ အောင်နိုင်ရေး စိတ်နေသဘောထား ထားရှိခြင်း - ပေါင်းသင်းဆက်ဆံရေးလို့ ဆိုလိုက်ပြန်ရင်လည်း “စိတ်နေသဘောထားသည် အရာရာ” လို့ပဲ ဆိုရပြန်မယ်။သင်က အကောင်းမြင်စိတ်နဲ့ စိတ်အားထက်သန်မှုရှိမယ်ဆိုရင် လူတွေက သင့်အတွက် အချိန်ပေးဖို့ ဝန်လေးကြမှာ မဟုတ်ဘူး။ကူညီချင်စိတ်ဖြစ်ကြမှာပါ။တကယ်လို့ သင်က မှုန်တေတေနဲ့ အပျက်သဘောဆောင်တဲ့စိတ်ပဲရှိနေမယ်ဆိုရင် လူတွေက သင့်ကိုရှောင်ကြမှာပါ၊ နောက်ပြီး သင့်ကို သူတို့ရဲ့ သူငယ်ချင်းတွေနဲ့ လုပ်‌ဖော်ကိုင်ဖက်တွေနဲ့ ဆက်သွယ်မိတ်ဆက်ပေးဖို့ ဝန်လေးကြမှာပါ။

၂။ အုပ်စုတွေ အသင်းအဖွဲ့တွေမှာ တက်ကြွစွာပါဝင်ခြင်း - ထိရောက်တဲ့ အပေါင်းအသင်းကွန်ယက်နဲ့ ပေါင်း သင်းဆက်ဆံရေး ထူထောင်တာဟာ ပေးစရာရှိတာကို အချိန်မီ ကိုယ့်နာမည်ကို လုပ်ငန်းရှင်စာရင်းစာအုပ်ထဲမှာ စာရင်းသွင်းတာတို့၊ ဆုံစည်းပွဲတွေမှာ မျက်နှာပြတာတို့ထက် ပိုပါတယ်။ကိုယ်က အဖွဲ့အတွက် အချိန်ပေးတယ်၊ အဖွဲ့ကောင်းကျိုးအတွက် စိတ်ပါလက်ပါ ကြိုးစားလုပ်ပေးတယ်ဆိုတာတွေကို ပေါ်လွင်အောင် လုပ်ပြဖို့ လိုပါတယ်။

သင်ဘာတွေလုပ်ပေးနိုင်လဲ။အခုမှစတဲ့သူအနေနဲ့ သင်ဟာ ကော်မတီရဲ့ အလုပ်တွေကို စေတနာ့ဝန်ထမ်း လုပ်ပေးနိုင်ပါတယ်၊ အရာရှိတစ်ယောက်အနေနဲ့ ဒါမှမဟုတ် အမှုဆောင်ဘုတ်အဖွဲ့ဝင်တစ်ယောက်အနေနဲ့ဖြစ်ဖြစ်ပေါ့။သင်က အင်္ကျီလက်မောင်းပင့်ပြီး အလုပ်တစ်ခုခု လုပ်ပြတာကို ကျန်တဲ့အဖွဲ့ဝင်တွေ တွေ့လာရင် သင့်အပေါ်မှာ လေးစားလာမှာဖြစ်တယ်။သူတို့အနေနဲ့ သင့်ပေါင်းသင်းဆက်ဆံရေး အရည်အချင်း၊ သင့်စရိုက်၊ သင့်တန်ဖိုးနဲ့ ယုတ်စွအဆုံး သင့်စိတ်နေသဘောထားကိုပါ သိခွင့် လေ့လာခွင့်ရသွားမှာပါ။

စတူးကေမန်အကြောင်း နည်းနည်းပြန်သွားကြရအောင်။သူကကြော်ငြာအေဂျင်စီတွေနဲ့ အဆက်အသွယ်ရချင်ခဲ့တယ်၊ ဒီတော့ သူက လောင်း အိုင်ယာလန် ကြော်ငြာကလပ်မှာ ၁၉၉၄ ခုနှစ်မှာ အသင်းဝင်ခဲ့တယ်။စစချင်းပဲ စတူးက အသင်းရဲ့ တွေ့ဆုံဆွေးနွေးပွဲတွေကို တက်ရောက်ခဲ့တယ်။အသင်းရဲ့ ပရော့ဂျက်အမျိုးမျိုးမှာ သူ့ကို စေတနာ့ဝန်ထမ်း ဝင်လုပ်ပေးဖို့ ပြောရင်လည်း သူလက်ထောင်ခေါင်းငြှိမ့်ပါပြီးသားပဲ။သူတက်တက်ကြွကြွ ပါဝင်ခဲ့တယ်။သူအသင်းဝင်ဖြစ်ပြီး ခြောက်လလောက်ကြာတဲ့အခါမှာ သူ့ကို လူတစ်ယောက်က ချဉ်းကပ်ပြီး “ခင်ဗျားအကြောင်း အကောင်းတွေချည်းပဲ ကြားရတယ်။ခင်ဗျားက အလုပ်အရမ်းလုပ်ပြီး အမြဲတက်ကြွလန်းဆန်းနေတယ်တဲ့။ခင်ဗျား ကျွန်တော်တို့အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာအဖွဲ့ဝင်လုပ်ဖို့ စိတ်ဝင်စားမလား” လို့ မေးလာပါတယ်။သင်ထင်တဲ့ အတိုင်းပါပဲ၊ စတူးက ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်တာပေါ့။နောက် သိပ်မကြာခင်မှာပဲ သူ့စီးပွားရေးဟာ သိသိသာသာကြီး တိုးတက်အောင်မြင်လာတာကို သူမြင်လာရပါတယ်။ ၁၉၉၉ နှစ်ဦးပိုင်းမှာ စတူး ကျွန်တော့်ကိုပြောပြတာက သူ့လက်ရှိစီးပွားရေးရဲ့  ၅၀ ရာခိုင်နှုန်းကို စိစစ်ကြည့်ရင် သူ ‌လောင်း အိုင်ယာလန် ကြော်ငြာကလပ်ကနေ သိလာတဲ့ မိတ်တွေဆီကရလာတဲ့ အလုပ်တွေပါတဲ့၊ ဒါကထိရောက်တဲ့ အပေါင်းအသင်းကွန်ယက်ကနေ ကြီးမားတဲ့ရလဒ်တွေကို အချိန်တိုအတွင်းမှာ ရနိုင်တယ်ဆိုတဲ့ သက်သေပါပဲ။

၃။ သင့် အပေါင်းအသင်းကွန်ယက်ထဲက လူတွေကို ကူညီဖေးမပါ - သူတပါးကို ကူညီဖေးမခြင်းဟာ သင့်အပေါင်းအသင်းကွန်ယက်ကို ထူထောင်တဲ့ နေရာ၊ ကွန်ယက်ကနေ အကျိုးထူးရစေတဲ့နေရာမှာ အရေးပါလှပါတယ်။“ဒီကနေ ငါဘာရနိုင်မလဲ” လို့ စဉ်းစားမယ့်အစား “ငါအခြားသူတွေကို ဘယ်လိုကူညီဖေးမရမလဲ” လို့ သင်အမြဲစဉ်းစားသင့်ပါတယ်။သင်သာ “ပေးဆပ်သူ” မဟုတ်ပဲ “ရယူသူ” သက်သက် ဖြစ်နေခဲ့မယ်ဆိုရင် သင်တစ်ခုခုအရေးကြုံလာတဲ့အခါ သင့်အပေါ် လိုလိုချင်ချင် ကူညီမယ့်သူမတွေ့ဘဲ ဖြစ်တတ်ပါတယ်။တစ်ပါးသူကို အစွမ်းကုန် လိုလိုချင်ချင်ကူညီဖို့ အမြဲအဆင်သင့်ရှိတာဟာ ကောင်းကျိုးတန်ပြန်ရရှိစေဖို့ အကောင်းဆုံးနည်းလမ်းပါပဲ။ သင့်အပေါင်းအသင်းကွန်ယက်ထဲက လူတွေကို ဘယ်လိုကူညီဖေးမမလဲ။စီးပွားရေးမှာ ဦး‌ဆောင်နေသူတွေ၊ ဖောက်သည်ဖြစ်မယ့် အလားအလာရှိသူတွေကို လမ်းညွှန်မိတ်ဆက်ပေးခြင်းဖြင့် စတင် လိုက်ပါ။အဲဒါအပြင် သင့်အပေါင်းအသင်းကွန်ယက်ထဲက တစ်ယောက်ယောက်စိတ်ဝင်စားမယ့် ဆောင်းပါးတို့၊ သတင်းအချက်အလက်တို့တွေ့ရင် အဲဒါကို အဲဒီမိတ်ဆွေဆီရောက်အောင် ပို့ပေးလိုက်ပါ။

ရယူသူက မရတတ်ဘူး၊ ပေးဆပ်သူကသာ ရရိုးထုံးစံရှိတယ်။

(ယူဂျင်းဘန်ဂျ်)

နက်ဝပ်လုပ်တဲ့ သူကောင်းကောင်းကိုစဉ်းလိုက်လိုက်ရင် ခေါင်းထဲကို အရင်ဆုံးရောက်လာတာကတော့ မတ်ခ်လီဘလန့် ဆိုသူပါပဲ။မတ်ခ်က လုပ်ငန်းတိုးချဲ့ချင်တဲ့ စီးပွားရေးသမားတွေ၊ ကိုယ့်ကုန်ပစ္စည်း/ဝန်‌ဆောင်မှုကို ပိုရောင်းကောင်းစေချင်တဲ့ အရောင်းသမားတွေကို သရုပ်ပြအကြံပေးတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ကျွန်တော်က လူတော်တော်များများကို မတ်ခ်ဆီသွားဖို့ တိုက်တွန်းခဲ့တယ်။ဘာလို့လဲ။သူက သူများအကျိုးကို လိုလားတဲ့ ပါရမီရှင်တစ်ယောက်ဖြစ်တဲ့အပြင် သူက ကျွန်တော့်ကို တကူးတကအားပေးခဲ့ပြီး ကျွန်တော့်စီးပွားရေး ထူထောင်နိုင်အောင် ကူညီဖေးမပေးခဲ့သူဖြစ်လို့ပါ။မတ်ခ်က သူ့အသိုင်းအဝန်းကွန်ယက်ထဲက ကျွန်တော့်ကိုကူညီနိုင်မယ့် ရာထူးအနေအထားရှိသူတွေနဲ့ ကျွန်တော့်ကို ဆက်သွယ်မိတ်ဆက်ပေးခဲ့တယ်။သူသရုပ်ပြအကြံပေးတဲ့အခါတွေမှာလည်း ကျွန်တော့်ရဲ့အလုပ်ကိုပါ ထည့်သွင်းတိုက်တွန်း ပြောပြပေးခဲ့တယ်။မတ်ခ်က ပေးဆပ်ခြင်း၊ ပေးဆပ်ခြင်း၊ ပေးဆပ်ခြင်းတွေသာ အာရုံထားတဲ့လူတွေထဲက တစ်ယောက်ပါ။ဒါကြောင့်လည်း လူတွေက မတ်ခ်ကို ကူညီဖို့ ဝန်မလေးကြပါဘူး။ဒါကလည်း သူ့စီးပွားရေး အောင်မြင်တိုးတက်ခြင်းရဲ့ အကြောင်းတစ်ခုဖြစ်ပါတယ်။သမ္မာကျမ်းထဲမှာပါသလို “ပေးဆပ်ပါ၊ ပြန်လည်ပေးဆပ်ခြင်းကလည်း သင့်အတွက်ရောက်ရှိလာမှာပါ”။

ဒါဟာအမှန်တရားပဲ။

ဆက်လက်ဖော်ပြပါမည်။

သက်ထွန်း (သျှမ်း)