【 ရသ အက်ဆေး 】 အရုပ်ကြိုးပြတ် ….. စိတ်များ

【 ရသ အက်ဆေး 】 အရုပ်ကြိုးပြတ် ….. စိတ်များ

သူဆုံးပြီတဲ့ ……။
 
ဘယ်တော့မှ ပြန်မတွေ့ရမှန်းသိတဲ့အခါ စိတ်ကလဲပြိုသည်။အဝေးမှာ … ဟိုးအဝေးမှာ။အဲဒီအရပ်မှာ သူ့ကို ဘယ်သူတွေက ဘယ်လိုများ ………။
 
ဖျပ်ကနဲ လက်သွားသော အလင်းကို ဖမ်းဆုပ်ရသလို ……။ထိုသို့သောနေ့များသည် ဘ၀တွင် ထိရှစွာ နင့်ကနဲ …။သူနှင့် ကျနော်သည် အနားတွင်ရှိသော မဖတ်ဖြစ်သည့် စာအုပ်များလို။မရှိတော့သည့်အခါ အရာရာသည် လွမ်းဆွတ်စရာ။ကျနော်တို့ ဆုံမှတ်တစ်ခုတွင် ဘယ်သောအခါမှ မတွေ့ဖြစ်တော့ပြီဖြစ်သည်။
 
                                                      (၁)
 
ထိုညက ဆူးလေမှတ်တိုင်သည် သံစည်းရိုးများဖြင့် လူသူကြဲပါးနေသည်။ဆူးလေလမ်းမသည် ညတွင် အထီးတည်းကျန်နေသည်။လမ်းမပေါ် ဘယ်သူမှ ရပ်မနေသလို လမ်းမဘေးတွင် လဲလျောင်းနေသည့် ကလေးငယ်အချို့၊ လူကြီးတချို့က ပလက်ဖောင်းပေါ်။အရာရာသည် ဆိတ်ငြိမ်စွာ။
 
သူက ကျနော့်ဘေးနားမှာ အိပ်နေသည်။သူ့ဘေးတွင် ခွေးတစ်ကောင်က ခွေကာ။အစီခံနားကပ်နေသည့် ဆေးလိပ်တိုသည် ကျနော်တို့နှစ်ယောက်ကြား တစ်ခုတည်းသော ဆက်သွယ်ရာ။သူက ဟိုးမြေလတ်ဒေသမှ လာသူ။ကျနော်က တောင်အမြင့်တွေရှိရာ အရှေ့ဘက်ဒေသမှ။သူနှင့် ကျနော့်ကြား တူညီချက်က နေစရာမရှိခြင်း နှင့် တစ်စုံတစ်ခုအပေါ် ယုံကြည်ခြင်းသာ။ညဉ့်နက်လာသည့်အခါ သူ့ရင်ထဲမှ ဖြစ်ချင်သော ဆန္ဒများက တိုးတိတ်သွားသလို ကားများဖြတ်မောင်းသံက ပိုကျယ်လာသည်။ထိုညက သူအိပ်နေသော်လည်း ကျနော့်စိတ်က တောင်ယာတဲများရှိရာ တောင်ကုန်းများ ဟိုဘက်မှာ။
 
                                                      (၂)
 
အရာရာသည် မနေ့ကနှင့် မတူစွာ လျင်မြန်စွာပြောင်းလဲသွားခဲ့သည်။မြို့စွန်တစ်ခုတွင် သူအတွက် ခိုနားရာတစ်ခု ရသွားပြီဟု သတင်းသဲ့သဲ့ကြားရသည်။သူ့ကို တစ်ခါတရံ မြို့ပတ်ရထား၏ ညဘက် နောက်ဆုံးရထား အတက်၊ အဆင်းမှာ ဆေးလိပ်ဖွာလျက်။တစ်ခါတရံ လပြည့်ဝန်းကဖီးက ထောင့်လေးတွင် လူတချို့နှင့် ရယ်မောဝိုင်းဖွဲ့လျက်။တစ်ခါတရံတွင် ပန်းဆိုးတန်းလမ်းမ စာအုပ်ဟောင်းဆိုင်ဘေးက ဗျပ်ထိုးလဘက်ရည်ခုံတွင် ထိုင်ကာ လဘက်ရည်ငုံလျက်။သူနှင့် သူစိမ်းဆန်လွန်းသော ရန်ကုန်နှင့် တစ်သားတည်းဖြစ်ရန် သူအားထုတ်နေဟန်က သူ့ရဲ့ အဇ္ဇုတထဲ စီးမျောနေသည်။
 
၂၀၂၀ ခုနှစ် နောက်ဆုံးလများတွင် သူ့ကို အားတက်ရွှင်လန်းနေသော မျက်ဝန်းများဖြင့် တွေ့ခဲ့ရသည်။ဆိပ်ကမ်းသာလမ်းက ဝိုင်တူးဒီတွင် သူ၏အသံက လွင်နေသည်။ကျနော့်ကို တစ်ဘက်ဝိုင်းကနေ လက်လှမ်းပြသည်။သူ့တွင် သံယောဇဉ်တွေ တိုးလာတော့မည်ဟု ကျနော့်ဝိုင်းကို ကူးလာပြီး တိုးတိုးဆိုသည်။အနုပညာတစ် ဖက် ဝမ်းရေးတစ်ဖက်တွင် သံယောဇဉ်က ချိန်ခွင်လျှာတစ်ဖက်စွန်းကို ပိုလေးစေခဲ့ပြီဟု ဆိုသည်။သို့သော် သူပျော်နေဟန်။အရာရာသည် လျင်မြန်စွာပြိုကျသွားသည်။မနက်များသည့် အနီရောင်စွန်းထင်းစွာ။ညများသည် စိုးထိတ်မှုများဖြင့်။ရန်ကုန်သည် ယခင်ကထက် ပိုသားရိုင်းဆန်လာသည်။ထိုရက်များသည် လများဆီသို့၊ လများမှ နှစ်များဆီသို့။မိသားစုများ၊ အပေါင်းအဖော်များ၊ ချစ်ခင်ရသူများ မဆုံနိုင်သော ခရီးလမ်းများဆီ။တကွဲတပြား ……။
 
                                                      (၃)
 
ဘယ်အရာကိုမှ မကြားရခြင်းသည် ကျနော်တို့အတွက် ကောင်းသောနေ့ဖြစ်မည်ဟု ဘယ်တုန်းကမှ မထင်ခဲ့။တစ်ခါတရံ ကြားရသည့် သတင်းဆိုးများသည် ကြားရဖန်များတော့ ခံစားတတ်မှုသည် အသားမာတက်ကာ ထုံလာသည်။လမ်းများသည် သွေ့ခြောက်စွာ။ကားများပေါ်တွင် ခံစားမှုမဲ့စွာ သွားလာနေသူများကို တွေ့ဖန်ရများလာသည်။တစ်ဦးနှင့် တစ်ဦး တစ်ခါမှ မတွေ့ခဲ့ဖူးသလို။ချစ်ခြင်းကြင်နာခြင်းနှင့် သနားစာနာ တတ်ခြင်းသည် လူများရှိရာအရပ်မှ တစ်ယူဇနာမက ဝေးကွာသွားခဲ့သည်။
 
သူ့အကြောင်းကို ကျနော်မကြားခဲ့ရတာ ကြာခဲ့ပြီ။ဟိုမှာလိုလို ဒီမှာလိုလို … မတိကျ မရေရာခြင်းများဖြင့်။ဟိုးအဝေးမှ လာခဲ့သူခြင်းအတူတူ သူ့အရပ် သူ့ရွာ ပြန်သွားပြီဆိုသည့် သတင်းသဲ့သဲ့ကြားရသည်။ကျနော်ကတော့ သားရဲတောကနေ မပြန်နိုင်သေး။ကျနော့်ရိုးတွင်းချင်ဆီထဲ သူရဲဘောကြောင်ခြင်းများက အချိန်ပြည့် စီးဝင်လှည့်ပတ်နေချိန်တွင် ချစ်ခဲ့ရသော ကြယ်များသည် တဖြုတ်ဖြုတ် ကြွေကျသည်။ကျနော့်အတွက် ကြေကွဲရသော နေ့ရက်များနှင့် ကိုယ့်ကိုယ်ကိုယ် စက်ဆုပ်ရသော နေ့ရက်များသည် တစစများလာသည်။
 
သူဆုံးပြီတဲ့ …။
 
ကျနော် သူ့ကို ဘယ်တုန်းက နောက်ဆုံးမြင်ခဲ့ရသလဲဆိုသည်ကို မမှတ်မိခဲ့။
 
သို့သော် ကျနော့်စိတ်ထဲ သူက အမြဲတမ်းရှိနေခဲ့သည်။ခပ်ဖွဖွရယ်သံနှင့် မာကျောသော သူ့ရဲ့အတွင်းသဏ္ဍာန်။
 
ပြန်များဆုံလျှင် နေသာသလိုနေခဲ့သည့် ကျနော့်ကို သူများ စက်ဆုပ်နေမလား ……..။
 
လင်းနိုင်ကျော်စိုး