【 အားကစား 】 နွေရာသီအပြောင်းအရွှေ့ကာလမှာ ခပ်မြန်မြန်လှုပ်ရှားနေတဲ့ မန်ယူ

【 အားကစား 】 နွေရာသီအပြောင်းအရွှေ့ကာလမှာ ခပ်မြန်မြန်လှုပ်ရှားနေတဲ့ မန်ယူ

အင်္ဂလန်နိုင်ငံရဲ့ အအောင်မြင်ဆုံးအသင်းဖြစ်တဲ့ မန်ယူအသင်းကတော့ လာမယ့်ဘောလုံးရာသီမှာ ဆုဖလားတွေစိန်ခေါ်နိုင်ဖို့အတွက် ကစားသမားသစ်တွေကို အင်အားဖြည့်တင်း‌ခေါ်ယူလျက်ရှိနေပါတယ်။

နွေ့ရာသီအပြောင်းအရွှေ့ကာလမှာ မန်ယူအသင်းအတွက် ကစားသမားသစ်တွေခေါ်ယူမှုဟာ အဆင်ပြေချောမွေ့နေခဲ့ပြီး အဓိကပစ်မှတ်တွေဖြစ်တဲ့ ဒေါ့မွန် တောင်ပံကစားသမား ဆန်ချိုနဲ့ ရီးရဲလ်မက်ဒရစ် နောက်ခံလူ ဗာရာနီတို့ကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။

သတင်းတွေအရတော့ မန်ယူအသင်းရဲ့ ကစားသမားသစ်ခေါ်ယူမှုဟာ မပြီးဆုံးသေးပဲ အသင်းရဲ့နောက်တန်းအင်အားကို ဆက်လက်ဖြည့်တင်းရန် ဆီ‌ဗီလာအသင်းရဲ့ နောက်ခံလူကို ဆက်လက်ကမ်းလှမ်းသွားမယ်လို့ သိရပါတယ်။ အသက် ၂၂ နှစ်အရွယ်သာရှိသေးတဲ့ ဂျူးလက်စ် ကွန်ဒီ ကို မန်ယူအသင်း နည်းပြကြီး ဆိုးလ်ရှား က ကာလရှည်စိတ်ဝင်စားနေတာဖြစ်ပြီး ယခုနွေရာသီအပြောင်းအရွှေ့မှာ ခေါ်ယူဖို့အတွက် ကမ်းလှမ်းသွားမယ်လို့ သတင်းကဆိုပါတယ်။ကွန်ဒီဟာ လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်က ပြင်သစ်ကလပ် ဘော်ဒိုးအသင်းကနေ ဆီဗီလာအသင်းဆီသို့ ပြောင်းရွှေ့ကစားလာသူဖြစ်ပြီး ဥရောပမှာ အချိန်တိုအတွင်း ထွန်းတောက်လာခဲ့တဲ့ ခံစစ်မှူးတစ်ဦးဖြစ်လာခဲ့ပါတယ်။လက်ရှိအချိန်မှာ ကွန်ဒီဟာ ဆီဗီလာအသင်းနဲ့ ပေါင် ၆၁ သန်း တန်ကြေးရှိ စာချုပ်ဖျက်သိမ်းကြေး ချုပ်ဆိုထားတာဖြစ်ပါတယ်။

မန်ယူ နည်းပြကြီး ဆိုးလ်ရှားကတော့ ကွန်ဒီ ကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် ၎င်းအတွက် နည်းစနစ်များကို ပိုမိုစဉ်းစားလာနိုင်ဖို့ရှိနေပြီး မက်ဂွဲယားနဲ့ ဗာရာနီတို့အတွက်လည်း ဝန်ထုပ်ဝန်ပိုးတွေကို လျော့ပါးသွားစေနိုင်တယ်လို့ ယူဆထားတာဖြစ်ပါတယ်။

Linko
မန်ချက်စတာ၊ ဇူလိုင် - ၂၇