【 အားကစား 】 မက်ဆီ ကိုဗစ်ကူးစက်ခံရ
Ballon d'Or ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ၇ ကြိမ်ရရှိထားတဲ့ အာဂျင်တီးနား လက်ရွေးစင် PSG အသင်း ကစားသမား လီယွန်နယ် မက်ဆီဟာ ကိုဗစ်ကူးစက်ခံလိုက်ရတယ်လို့ သိရပါတယ်။
PSG အသင်းဘက်က မက်ဆီ အပါအဝင် အချို့ကစားသမားများဟာ ကိုဗစ်ကူးစက်ခံရကြောင်း အတည်ပြုထားခဲ့ပြီလည်း ဖြစ်ပါတယ်။
PSG အသင်းဘက်က တရားဝင်ထုတ်ပြန်မှုအရ လီယွန်နယ် မက်ဆီ အပါအဝင် ဘယ်နောက်ခံကစားသမား ဂျူအန် ဘာနတ်၊ အရန်ဂိုးသမား ဆာဂျီအို ရီကိုနဲ့ လူငယ်ကစားသမား နေသန် ဘီတူမာဇလာတို့မှာ ကိုဗစ်ကူးစက်ခံထားရတယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာ ကိုဗစ်ကူးစက်မှုတွေဟာ ဘောလုံးလောကကို အပြင်းအထန်ရိုက်ခတ်မှုတွေဖြစ်နေပြီး အာဆင်နယ်အသင်း နည်းပြ အာတီတာဟာ ကိုဗစ်ကူးစက်ခံရတာကြောင့် ပွဲကြီးကြပ်မှုတွေကို ရပ်နားထားခဲ့ရသလို၊ လီဗာပူးလ်အသင်း နည်းပြကြီး ယာဂန် ကလော့ပ်ဟာလည်း ကိုဗစ်ကူးစက်ခံခဲ့ရတာကြောင့် ယနေ့ညကစားမယ့် ချဲလ်ဆီးအသင်းနဲ့ ပွဲစဉ်ကို လာရောက်ကြီးကြပ်မှာမဟုတ်ကြောင်း သတင်းများက ဖော်ပြလျက်ရှိပါတယ်။
ဗြိတိန်နိုင်ငံတစ်ဝန်း အိုမီခရွန်မျိုးကွဲ ကူးစက်မှုတွေကြောင့် အင်္ဂလန် ပရီးမီယားလိဂ်၊ အင်္ဂလန် ချန်ပီယံရှစ်နဲ့ လိဂ်ဝမ်းတို့မှာ ပွဲစဉ်တွေဟာ လက်ရှိအချိန်အထိ ရွှေ့ဆိုင်းနေရသလို ပရီးမီးယားလိဂ် ကလပ်အသင်းကြီးတွေဖြစ်တဲ့ မန်ယူနဲ့ ချဲလ်ဆီးအသင်းတို့ဟာလည်း ကိုဗစ်ကူးစက်မှုဒဏ်ကို အပြင်းအထန် ခံစားခဲ့ရတာဖြစ်ပါတယ်။
မက်ဆီရဲ့ ကိုဗစ်ကူးစက်ခံရမှုကို PSG အသင်းဘက်က အတည်ပြုပြီးဖြစ်ပေမယ့် အိုမီခရွန်မျိုးကွဲ ကူးစက်ခံခြင်းလားဆိုတာတော့ ဖော်ပြထားခြင်းမရှိခဲ့ပါဘူး။
Linko
ပဲရစ်၊ ဇန်နဝါရီ - ၂