【 အားကစား 】 PSG တိုက်စစ်ကို ဘယ်လိုဟန့်တားရမလဲဆိုတာ မသိဘူးလို့ ဂွာဒီယိုလာ ဆို

【 အားကစား 】 PSG တိုက်စစ်ကို ဘယ်လိုဟန့်တားရမလဲဆိုတာ မသိဘူးလို့ ဂွာဒီယိုလာ ဆို

လီယွန်နယ် မက်ဆီနဲ့ ၎င်းရဲ့နည်းပြဟောင်းဖြစ်သူ ပက် ဂွာဒီယိုလာတို့ဟာ ယနေ့ညမှာ ပြိုင်ဘက်တွေအဖြစ် ပြန်လည်ဆုံတွေ့တော့မှာဖြစ်ပါတယ်။

မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ် အုပ်စုပွဲစဉ်မှာ PSG နည်းပြ ပိုချက်တီနိုမှ မက်ဆီ ကို နေမာ၊ အမ်ဘက်ပီတို့နဲ့အတူ တိုက်စစ်မှာ တွဲဖက်အသုံးပြုလာဖွယ်ရှိနေပါတယ်။

ဥရောပရဲ့ အင်အားအကြီးဆုံး တိုက်စစ်လို့ဆိုရမယ့် PSG အသင်းရဲ့ တိုက်စစ်ကို မန်စီးတီး နည်းပြ ဂွာဒီယိုလာကတော့ ချီးကျူးလိုက်ပါတယ်။

"ကျနော်တို့ ဘာလုပ်နိုင်မှာလဲ၊ ကျနော် တကယ်မသိဘူး၊ ဒီလောက်ပြီးပြည့်စုံတဲ့ တိုက်စစ်ကစားသမားတွေကိုရပ်တန့်ဖို့ ကျနော့မှာအဖြေမရှိဘူး၊ PSG တိုက်စစ်က အရမ်းကိုကောင်းလွန်းတယ်" လို့ ဂွာဒီယိုလာ က ပြောကြားခဲ့ပါတယ်။

"လက်ရှိအချိန်မှာ PSG တိုက်စစ်က ကမ္ဘာ့အကောင်းဆုံးလားဆိုတာ ကျနော်မသိဘူး၊ ဒါပေမယ့် သူတို့ကအရမ်းထူးခြားတယ်၊ သူတို့အားလုံး တစ်ဦးချင်းစီထူးချွန်တယ်၊ သူတို့အချင်းချင်းချိတ်ဆက်ပြီး ပေါင်းစပ်ကစားနိုင်တယ်၊ သူတို့မှာ အရည်အချင်းတွေ အပြည့်ရှိတယ်၊ ကျနော်တို့အသင်းအနေနဲ့ PSG ကစားသမားတစ်ဦးကို ဖိအားပေးတာထက် အသင်းလိုက်စုစည်းပြီး ကစားနိုင်ဖို့လိုတယ်" လို့ ဂွာဒီယိုလာ က ဆိုပါတယ်။

ဘာစီလိုနာအသင်းကနေ မက်ဆီ ထွက်ခွာခဲ့တာကို မြင်တွေ့ရတာ ဝမ်းနည်းခဲ့ရပေမယ့် PSG အသင်းကို မက်ဆီ ရွေးချယ်ခဲ့တာ မှန်ကန်တယ်လို့လည်း ဂွာဒီယိုလာမှ မှတ်ချက်ပြုခဲ့ပါသေးတယ်။

"ကျနော် သိပ်သေချာတာပေါ့ သူ (မက်ဆီ) ပဲရစ်မှာ ပျော်‌ရွှင်နေတယ်ဆိုတာကိုပေါ့၊ ကျန်တာ ဘာအရေးကြီးလို့လဲ" ဂွာဒီယိုလာ က ‌ဆက်လက်ပြောကြားခဲ့ပါတယ်။

မန်စီးတီး နည်းပြ ဂွာဒီယိုလာနဲ့ PSG တိုက်စစ်ကစားသမား မက်ဆီတို့ဟာ ဘာစီလိုနာအသင်းမှာ ၄ နှစ်တာ လက်တွဲခဲ့ဖူးပြီး၊ ချန်ပီယံလိဂ်ဆုဖလားကို နှစ်ကြိမ်တိုင်တိုင် အတူတကွဆွတ်ခူးခဲ့ကြပါတယ်။

Linko
ပဲရစ်၊ စက်တင်ဘာ - ၂၈