【 နိုင်ငံတကာဆောင်းပါး 】လီချန်၏ ဥရောပခရီးနှင့် တရုတ်အရွေ့

【 နိုင်ငံတကာဆောင်းပါး 】လီချန်၏ ဥရောပခရီးနှင့် တရုတ်အရွေ့

ကမ္ဘာ့စီးပွားရေးအကြီးဆုံးနိုင်ငံနှစ်ခုကြား ဆက်ဆံရေးယိုယွင်းနေချိန်တွင် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးလွယ်ကူချောမွေ့စေရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်သည် ယခုလပိုင်းအတွင်း ပေကျင်းသို့ လာရောက်ခဲ့သည်။ တရုတ်သူလျှိုဟု သံသယရှိသော မီးပုံးပျံတစ်ခု အမေရိကန်ပြည်ထောင်စုကို ပျံသန်းပြီးနောက် ၎င်း၏ ဖေဖော်ဝါရီလခရီးစဉ်ကို ဖျက်သိမ်းခဲ့သည့်ခရီးစဉ်အစားဟုဆိုရနိုင်သော်လည်း ယခုလအတွင်း ကမ္ဘာ့နိုင်ငံကြီးများ၏ဒီပလိုမေစီခရီးစဉ်များကြောင့် နိုင်ငံတကာက စောင့်ကြည့်စရာခရီးစဉ်တစ်ခုဖြစ်ခဲ့သည်။

ဘာကြောင့် နိုင်ငံတကာက စောင့်ကြည့်ရသနည်း။ ယခုလပိုင်းတွင် အာရှခေါင်းဆောင် အများအပြားသည် အမေရိက၊ ဥရောပနှင့် အာရှခရီးစဉ်များသို့ အသီးသီးသွားရောက်ကြမည်ဖြစ်သည်။ တရုတ်ဝန်ကြီးချုပ်လီချန်းက  ဂျာမနီနှင့် ပြင်သစ်သို့ တရားဝင်အလည်အပတ်ခရီး။ တောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ယိုးလ်က ပြင်သစ်မှ ဗီယက်နမ်သို့ ။ အိန္ဒိယ၀န်ကြီးချုပ် နာရင်ဒြာမိုဒီက  အမေရိကန်သို့ ။ထိုသို့သော ခရီးစဉ်များကြောင့် ဘလင်ကန်၏ပေကျင်းခရီးစဉ်နှင့် လီချန်၏ဥရောပခရီးစဉ်မှာ  ကမ္ဘာ့နိုင်ငံရေးလေ့လာသူများကို ခေါင်းထောင်လာစေသည်အထိ စိတ်ဝင်စားဖွယ်ဖြစ်စေခဲ့သည်။

အထူးသဖြင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ပေကျင်းခရီးစဉ်နှင့်အပြိုင် တရုတ်ဝန်ကြီးချုပ်၏ဥရောပ ခရီးစဉ်ဖြစ်သည်။ အမေရိကန်က ၎င်း၏ ပါဝါအနေအထားကို ထိန်းညှိရန် တရုတ်နှင့် ဆက်ဆံရေးကို ပြန်ထူထောင်ဖို့ ကြိုးစားနေချိန်တွင် တရုတ်က အမေရိကန်၏အာဏာစက်အောက်မှ ရုန်းထွက်ရန်ကြိုးစားနေသည့် ဥရောပသို့ သွားရောက်ခြင်းဖြစ်ရာ ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏ ပါဝါအဆုတ်အတက်နှင့် ဒီပလို မေစီအတက် အကျကို ချိန်ဆလို့ရနေသည်။

ယခုနှစ်မတ်လတွင် နိုင်ငံ၏ နံပါတ် (၂) ခေါင်းဆောင် ဖြစ်လာသည့် တရုတ်ဝန်ကြီးချုပ်လီချန်း၏ ပထမဆုံး ပြည်ပခရီးစဉ်မှာ တစ်ချိန်က အင်အားကြီးနိုင်ငံများဖြစ်သော ဥရောပ၏ စီးပွားရေးအင်ဂျင်ဖြစ်သည့် ဂျာမနီနှင့် ပြင်သစ်သို့ ဖြစ်ရာ စိတ်ဝင်စားဖွယ်ရာဖြစ်သည်။ ဇွန်၁၈ ရက်က စတင်ခဲ့သည့် လီချန်း၏ ခြောက်ရက်ကြာ ဥရောပ ခရီးစဉ်သည် အနောက်နိုင်ငံများနှင့် တရုတ်နိုင်ငံ၏ ခပ်ခွာခွာဆက်ဆံရေးကို ပြန်လည်ထူထောင်ရန် ရည်ရွယ်ထားပုံလည်းရသည်ဟု အနောက်မီဒီယာများက သုံးသပ်ခဲ့ကြသည်။  

ဇွန် ၁၈ ရက်တွင် ဂျာမနီသို့ ရောက်ရှိခဲ့သည့် တရုတ်ဝန်ကြီးချုပ်လီချန်းက  တရုတ်-ဂျာမနီ အစိုးရချင်း တွေ့ဆုံဆွေးနွေးပွဲမတိုင်မီ ဂျာမနီဝန်ကြီးချုပ် အိုလက်ရှုလ်ဇ်နှင့် သီးသန့်တွေ့ဆုံဆွေးနွေးခဲ့သည်။သို့သော် ဘာတွေ ဆွေးနွေးခဲ့သည်ကို မထုတ်ပြန်ခဲ့ပေ။ ဘာလင်တွင်  ဇွန် ၂၀ ရက် နံနက်ပိုင်း ကျင်းပသော သတ္တမအကြိမ်မြောက် တရုတ်-ဂျာမနီအစိုးရဆွေးနွေးပွဲတွင်တော့  အိုလက်ရှုလ်ဇ်နှင့် လီချန်းတို့ သဘာပတိအဖြစ်ပူးတွဲ တာဝန်ယူခဲ့ကြသည်။  

ထိုအစည်းအဝေးတွင် နှစ်နိုင်ငံကြား ဥတုရာသီပြောင်းလဲမှုနှင့် အစိမ်းရောင်အသွင်ပြောင်းရေး တွေ့ဆုံဆွေးနွေးမှု ပူးပေါင်းဆောင်ရွက်ရေး ယန္တရား တည်ဆောက်ရန် သဘောတူခဲ့ကြပြီး တတိယအကြိမ်မြောက် တရုတ်-ဂျာမနီ အဆင့်မြင့် ဘဏ္ဍာရေးကဏ္ဍ တွေ့ဆုံဆွေးနွေးမှု၊ အသစ်ဖြစ်သော တရုတ်-ဂျာမနီ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တွေ့ဆုံဆွေးနွေးမှု ဖိုရမ်၊ ကျန်းမာရေးကဏ္ဍ တွေ့ဆုံဆွေးနွေးမှုများ ကျင်းပသွားရန်၊ ကုန်သွယ်စီးပွား၊ ရင်းနှီးမြှုပ်နှံမှု၊ မော်တော်ယာဉ်ထုတ်လုပ်ရေး၊ အဆင့်မြင့် သိပ္ပံနည်းပညာ၊ စွမ်းအင်သစ်၊ ဒစ်ဂျစ်တယ် စီးပွားရေး၊ လူမှုယဉ်ကျေးမှု စသည့် ကဏ္ဍများကို ဆက်လက်နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်သွားဖို့ကိုလည်း  သဘောတူခဲ့ကြသည်။

ဆွေးနွေးပွဲအပြီး ဥတုရာသီပြောင်းလဲမှုအား ကိုင်တွယ်ဖြေရှင်းမှု၊ ဆန်းသစ်ဖန်တီးမှု၊ ခေတ်မီထုတ်လုပ်မှု၊ အသက်မွေးဝမ်းကျောင်း ပညာရေးစသည့် ကဏ္ဍများ၏ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုသဘောတူညီ ချက်ကို နှစ်နိုင်ငံ ဝန်ကြီးချုပ်များလက်မှတ်ရေးထိုးခဲ့ကြသည်။

အဆိုပါဂျာမနီခရီးစဉ်အတွင်း လီချန်းသည် Siemens, Volkswagen, Mercedes-Benz, BMW, Schaeffler, BASF, Covestro, Wacker Chemie, Merck, SAP နှင့်  Allianz အပါအဝင် ဂျာမန်ကုမ္ပဏီများမှ ကိုယ်စားလှယ်များနှင့် ဆွေးနွေးခဲ့သည်။ ဆွေးနွေးပွဲတွင် လီချန်းက ဂျာမန်ကုမ္ပဏီများကို ပူးပေါင်းဆောင်ရွက်ရန် ပျက်ကွက်ခြင်းက  အကြီးမားဆုံး အန္တရာယ်ဖြစ်ပြီး တိုးတက်မှုမရှိခြင်းက အကြီးမားဆုံး မလုံခြုံမှုဖြစ်ကြောင်း ပြောခဲ့သည်။ ဖရိုဖရဲ အပြောင်းအလဲဖြစ် နေသောကမ္ဘာတွင် အခြေအနေရှုပ်ထွေးလေးနက်လေလေ တည်တည်ငြိမ်ငြိမ်စဉ်းစားရန်နှင့် မရေရာမှုများမှ ရေရာမှုများကို ဆုပ်ကိုင်ရန် လိုလေလေပင်ဖြစ်ကြောင်း ပြောခဲ့သည်။ လီက ဂျာမန်စီးပွားရေးအသိုက်အဝန်းကို အပြန်အလှန်မှီခိုမှုနှင့် မလွတ်လပ်မှုကို မရောထွေးရန် သတိပေးခဲ့သည်။

အဆိုပါဂျာမနီခရီးစဉ်အတွင်း ဂျာမနီသမ္မတနှင့် လီချန်းတွေ့ဆုံသည်။ တွေ့ဆုံရာတွင် လီက ယခုခရီးစဉ်နှင့် ပတ်သက်ပြီး နှစ်နိုင်ငံ ခေါင်းဆောင်များ၏သဘောတူညီချက်ကို ဖော်ဆောင်ရန်၊ သံသယများကင်းရှင်း၍ ယုံကြည်ချက်များထပ်တိုးစေရန်၊ နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုအခွင့်အလမ်းများကို ဖော်ထုတ်နိုင်ရန်၊ တရုတ်-ဂျာမနီ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအနက်အဓိပ္ပါယ်ကို ပြည့်စုံစေရန်၊ နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ကမ္ဘာ့စီးပွားရေး ပြန်လည်ရှင်သန်ရေး အထောက်အကူဖြစ်စေရန် ဖြစ်ကြောင်း ပြောခဲ့သည်။

ဂျာမနီသမ္မတကလည်း ဂျာမနီအနေ့ဖြင့် ကွင်းဆက်ဖြတ်တောက်မှုကို ဆန့်ကျင်သလို အုပ်စုဖွဲ့ထိပ်တိုက်ရင်ဆိုင်သော မည်သည့်ပုံစံမျိုးကိုမဆို ဆန့်ကျင်ကြောင်းနှင့် တရုတ်နှင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန်အတွက် အတူတကွ  ကြိုးပမ်းဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည် ။

ဂျာမနီခရီးစဉ်အပြီး ဇွန် ၂၁ ရက်ညနေပိုင်းတွင် တရုတ်ဝန်ကြီးချုပ်လီချန်း ပြင်သစ်သို့ ဆက်လက်သွားရောက်ခဲ့သည်။ ပြင်သစ်သမ္မတမက်ခရွန်နှင့် ဇွန် ၂၂ ရက်တွင် တွေ့ဆုံကာ လီချန်က တရုတ်-ပြင်သစ် ၊ တရုတ်-ဥရောပသည် အားသာချက်အသီးသီးရှိကြရာ ပူးပေါင်းဆောင်ရွက်မှုများကို တစ်ဆင့်တိုးအားဖြည့်သွားရမည် ဖြစ်ကြောင်း၊ နျူကလီးယား စွမ်းအင် ၊ အာကာသနှင့်လေကြောင်း စသည့် သမားရိုးကျကဏ္ဍများ၏ ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းအောင် ဆောင်ရွက်ကြသည့် တစ်ချိန်တည်းတွင်ပင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ ဉာဏ်ရည်တု၊ ခေတ်မီကုန်ထုတ်လုပ်မှုစသည့် ထွန်းသစ်စကဏ္ဍများ၏ ပူးပေါင်းဆောင်ရွက်မှုအလားအလာများကိုလည်း ရှာဖွေသွားရမည်ဖြစ်ရာ အပြန်အ လှန်အကျိုးရှိစေသော ဘုံအကျိုးစီးပွားကို ဖော်ဆောင်ရမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် တရုတ်ကုမ္ပဏီလုပ်ငန်းများ ပြင်သစ်၌ ရင်းနှီးမြှုပ်နှံရန် အားပေးဆောင်ရွက်သွားမည်ဖြစ်သလို ပြင်သစ် ကုမ္ပဏီလုပ်ငန်းများကိုလည်း တရုတ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများ မျှဝေခံစားရန် ကြိုဆိုကြောင်း ပြောခဲ့သည်။

မက်ခရွန်က လီချန်အား ပြင်သစ်-တရုတ် ဆက်ဆံရေးကို ပြင်သစ်နိုင်ငံအနေဖြင့် အထူးအလေးထားရာ တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ခိုင်မာစွာ လက်ကိုင်ထားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ ပြင်သစ်-တရုတ် မဟာဗျူဟာတွေ့ဆုံဆွေးနွေးမှု၊ အဆင့်မြင့် စီးပွားရေးနှင့်ဘဏ္ဍာရေး တွေ့ဆုံဆွေးနွေးမှု၊ လူမှု ယဉ်ကျေးမှုဖလှယ် ရေးအဆင့်မြင့် တွေ့ဆုံဆွေးနွေးမှုများကို ပြုလုပ်သွားလိုကြောင်း၊ အာကာသနှင့်လေကြောင်း၊ နျူကလီးယားစွမ်းအင်၊ စိုက်ပျိုးရေးနှင့်စားသောက်ကုန် စသည့် ကဏ္ဍများတွင် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်သွားလိုကြောင်း ၊ တရုတ် ကုမ္ပဏီလုပ်ငန်းများအနေဖြင့်လည်း ပြင်သစ်သို့ လာရောက်ရင်းနှီးမြှုပ်နှံကြရန် ၊ အစိမ်းရောင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စွမ်းအင်သစ် စသည့်ထွန်းသစ်စ ကဏ္ဍများ၏ ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ဆောင်ရွက်သွားရန် ဖိတ်ခေါ်ကြောင်း၊ စိန်ခေါ်မှုများနှင့် ပြည့်နှက်နေသော ကမ္ဘာတွင် ပြင်သစ်-တရုတ်နှစ်နိုင်ငံသည် ထိရောက်သော နိုင်ငံပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒကို လက်ကိုင်ထား၍ နိုင်ငံတကာ အသိုက်အဝန်း စည်းလုံးရေး၊ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု ပြီးပြည့်စုံစေရေး မြှင့်တင်ဆောင်ရွက်ကာ ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်များ ဖြေရှင်းရေးကို တွန်းအားပေးဆောင်ရွက်သွားသင့်ကြောင်း ပြောခဲ့သည်။

ဥရောပကောင်စီ ဥက္ကဋ္ဌချားလ်စ်မိုက်ကယ်နှင့်လည်း အဆိုပါပြင်သစ်ခရီးစဉ်အတွင်း လီချန် တွေ့ဆုံခဲ့သည်။ ဇွန် ၂၂ ရက်က ပဲရစ်တွင်တွေ့ဆုံခဲ့သည့် အဆိုပါတွေ့ဆုံမှုအတွင်း လီချန်က တရုတ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုသည် အန္တရာယ်မဟုတ်ဘဲ ကမ္ဘာအတွက်အခွင့်အလမ်းများကို ဆောင်ကြဉ်းပေးခြင်းဖြစ်ကြောင်း ၊ ကမ္ဘာလုံး ဆိုင်ရာ စက်မှုလုပ်ငန်းထောက်ပို့ရေးကွင်းဆက်ကို ရိုက်ခတ်ခြင်းမဟုတ်သော တည်ငြိမ်မှုကို ဆောင်ကြဉ်းပေးမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့်ဆက်ဆံရေးအပေါ် ဥရောပသမဂ္ဂက ဓမ္မဓိဋ္ဌာန်ကျကျ ရှုမြင်ပြီး တရုတ်နိုင်ငံနှင့်အတူ တရုတ်-ဥရောပသမဂ္ဂ လက်တွေ့ပူးပေါင်းဆောင်ရွက်မှု ကောင်းမွန်သော အခြေအနေကို ထိန်းသိမ်းစေလိုကြောင်း၊ တရုတ်နိုင်ငံ အနေ ဖြင့် ဥရောပသမဂ္ဂနှင့်အတူ တရုတ်-ဥရောပသမဂ္ဂ ကုန်သွယ်စီးပွားဆက်ဆံရေးများအပေါ် ယုံကြည်မှု၊ တည်ငြိမ်မှုများကို အားဖြည့်ကာ အပြန်အလှန်အကျိုးဖြစ်ထွန်းသော ဘုံအကျိုးစီးပွားကို ပိုမိုကောင်းမွန်စွာ ဖော်ဆောင်သွားရန် ဆန္ဒရှိကြောင်း ပြောခဲ့သည်။

ချားလ်စ်မိုက်ကယ်က  တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ဥရောပသမဂ္ဂနှင့်ကမ္ဘာအတွက် အကျိုးဖြစ်ထွန်းစေရာ ဥရောပသမဂ္ဂအနေဖြင့် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို ဟန့်တားလိုသောဆန္ဒမရှိကြောင်း၊ “စစ်သအေးတိုက်ပွဲ”နှင့် ဘက်ရွေးရပ်တည်ရေးကို ဆန့်ကျင်ကန့်ကွက်ကြောင်း၊ ဥရောပသမဂ္ဂ-တရုတ်ခေါင်းဆောင်များ အစည်းအဝေးတွင် အပြုသဘော အကျိုးရလဒ်များ ရရှိသွားမည်ဟု မျှော်လင့်ကြောင်းလီချန်ကိုပြောခဲ့သည်။

လီချန်၏ ပြင်သစ်ခရီးစဉ်အတွင်း New Global Financing Compact ထိပ်သီးအစည်းအဝေး ပိတ်ပွဲအခမ်းအနား၌ တက်ရောက်မိန့်ခွန်းပြောကြားရန်လည်း ပါဝင်ရာ ဇွန် ၂၃ ရက် နံနက်ပိုင်းက ကျင်းပသည့် ထိုပိတ်ပွဲ အခမ်းအနားတွင် လီချန်က တရုတ်နိုင်ငံသည် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲရေးကို အစဉ်တစိုက် မြင့်မားစွာ အလေးထားပါကြောင်း၊ နိုင်ငံတကာ မိသားစုကြီး အနေနှင့် စိတ်ရင်းမှန်ဖြင့် ပူးပေါင်းဆောင်ရွက်ပြီး လက်တွဲ ဆောင်ရွက်ကာ ဖွံ့ဖြိုးဆဲနိုင်ငံများ အထူးသဖြင့် အားနည်းသောနိုင်ငံများ၏ ငွေရင်း ဆွဲဆောင်မှုဆိုင်ရာ ခက်ခဲခြင်း ပြဿနာကို ပူးတွဲဖြေရှင်းရန် ပန်ကြားလိုကြောင်း၊ ထိုအတွက် အချက်သုံးချက်ကို လီချန်က အဆိုပြုခဲ့သည်။

လီ၏ခရီးစဉ်ကိုကြည့်လျှင် ဥရောပ၌ ဂျာမနီနှင့်ပြင်သစ်ကို အားပြုကာ သံတမန်ရေးနှင့် စီးပွားရေးအားကောင်းအောင် တည်ဆောက်နေသည်ကို ပေါ်လွင်နေသည်။ သို့သော် အမေရိကန်ဖော်ဆောင်နေသည့် တရုတ် ခြိမ်းခြောက်မှုနှင့်ပတ်သက်ပြီး ယခုခရီးစဉ်တွင် တရုတ်ဝန်ကြီးချုပ်လီက ဥရောပ၏ စိုးရိမ်မှုကို အတတ်နိုင်ဆုံး ဖြေလျော့ခဲ့သည်။ တရုတ်၏တိုးတက်ကြီးပွားမှုကို ကမ္ဘာလည်း ခံစားရမည်ကို ယခုခရီးစဉ်တွင် အာမခံခဲ့ကြောင်းကို ပြခဲ့သည်။ ဥရောပကို အမေရိကန်နှင့် ကွဲပြားစွာမြင်ကြောင်းကိုလည်း လီက  ယခုခရီးစဉ်၌ ရှင်းရှင်းလင်းလင်း ပြခဲ့သည်က ယခုခရီးစဉ်၏ထူးခြားမှုပင် ဖြစ်သည်။ ထိုသည်ကိုကြည့်လျှင်  ယူကရိန်းပြဿနာကြောင့် တင်းမာမှုရှိနေသည့် အမေရိကန်-တရုတ်ဆက်ဆံရေးတွင် လိမ္မာပါးနပ်သော တရုတ်၏ ဥရောပဒီပလိုမေစီကိုမြင်ရမည်  ဖြစ်သည်။

 

လင်းသစ်အောင်