【 အလှအပနှင့်ကျန်းမာရေး 】သွေးတိုးရောဂါအကြောင်းသိကောင်းစရာ

【 အလှအပနှင့်ကျန်းမာရေး 】သွေးတိုးရောဂါအကြောင်းသိကောင်းစရာ

သွေးတိုးတယ်လို့‌ မြန်မာလိုခေါ်ကြတဲ့သွေးအတွင်းဖိအား (blood pressure)၊သွေးပေါင်တက်ခြင်း အကြောင်းကိုပြောပြလိုပါတယ်။
သွေးအတွင်းဖိအားများစေသော၊တစ်နည်းအားဖြင့်သွေးတိုးစေသောအကြောင်းအရင်းများစွာရှိပါတယ်။‌‌ ကျောက်ကပ်မ‌ကောင်းခြင်း၊ဟော်မုန်းလုပ်ငန်းစဉ်မမှန်ခြင်းစသဖြင့် သွေးတိုးရခြင်းအကြောင်းအရင်း များစွာရှိတဲ့အနက် အဖြစ်များသော Essential Hypertension သွေးတိုးခြင်း‌အကြောင်းပြောပြလိုပါတယ်။
 
Essential Hypertension ဆိုတာ အခြေခံအကြောင်းအရင်းမရှိဘဲ သွေးတိုးခြင်းကိုဆိုလိုပါတယ်။Essential Hypertension ဟာအသက်အရွယ်ကြီးသူတွေမှာ အဖြစ်များပါတယ်။
 
ဘယ်လိုလူတွေမှာ ဖြစ်နိုင်ချေပိုများသလဲ?
၁.အဝလွန်သောသူများ
 
၂.မိသားစုမျိုးရိုးထဲတွင်သွေးတိုးရောဂါရှိသောသူများ
 
၃.အသက်အရွယ်ကြီးသူများ
 
၄.ဆေးလိပ်သောက်သူများ
 
၅.ကိုယ်လက်လှုပ်ရှားမှုနည်းသူများ
 
၆.အငန်အလွန်အကျွံစားသုံးသူများ 
 
၇.အရက်အလွန်အကျွံ‌သောက်သူများ စသူတို့မှာ ဖြစ်နိုင်ခြေပိုများပါတယ်။
 
သွေးတိုးရောဂါနှင့်အယူအဆအမှားများ
 
သွေးပေါင်ကျဆေးကို သွေး‌‌ပေါင်တက်မှပဲသောက်စရာလိုတယ်၊ သွေးပေါင်ပုံမှန်ဆိုရင် ဆေးသောက်ဖို့ မလိုဘူးလို့ အချို့လူတွေထင်နေကြတာက မှားပါတယ်။
သွေးကျဆေးကိုသွေးတိုးရောဂါရှိသူတွေအနေနဲ့ ပုံမှန်သောက်သုံးရမှာ ဖြစ်ပါတယ်။သွေးတိုးရောဂါရှိသူတွေအနေနဲ့ ဆေးပုံမှန်သောက်မှသာ သွေးပေါင်ချိန်ကို ထိန်းညှိထားနိုင်မှာ ဖြစ်ပါတယ်။ဒါမှသာ ရုတ်တရက်လေဖြတ်ခြင်း၊နှလုံးကြွက်သားပုပ်ခြင်းကဲ့သို့သောနောက် ဆက်တွဲရောဂါတွေကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
သတိပြုရမှာကတော့ သွေးပေါင်ချိန် အပေါ်သွေး ၁၀၀ အောက်ရောက်နေချိန်မှာတော့ သောက်သုံးဖို့မသင့်ပါဘူး။
 
သွေးပေါင်ချိန်ကများနေမှ လူကနေလို့ကောင်းတယ်လို့ တချို့လူနာတွေ အပြောများကြပါတယ်။ဒါဟာလည်း မှားယွင်းတဲ့အချက်ပါ။ သွေးပေါင်ချိန်မြင့်နေခြင်းဟာ သွေးတွင်းဖိအားများနေခြင်းဖြစ်ပြီး ထိုဖိအားကိုမချပဲ ရေရှည်ထားပါက သွေးကြောနံရံများထူလာပြီး နှလုံး သွေးကြောကျဉ်းခြင်း၊နှလုံးကြွက်သားပုပ်ခြင်းစတဲ့ နောက်ဆက်တွဲရောဂါတွေ ဖြစ်နိုင်ပါတယ်။
 
အစားအသောက်ရှောင်စရာမလိုဘူး ဆေးပုံမှန်သောက်နေရင်ပြီးတာပဲလို့ တချို့လူတွေထင်မြင်နေကြတာမှားပါတယ်။
 
သွေးတိုးရောဂါကိုထိန်းညှိရာမှာ အစား‌အသောက်အနေအထိုင် ထိန်းညှိခြင်းဟာ အဓိကကျတဲ့အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ဒါဟာသွေးတိုးရောဂါတစ်ခုထဲအတွက်မဟုတ်ပဲ ဆီးချိုနှင့်သွေးတွင်းအဆီများခြင်းကဲ့သို့သော ရောဂါများမှာလည်း ကိုယ်လက်လှုပ်ရှားမှုအစားအသောက်အနေအထိုင် ထိန်းညှိဖို့ အရေးကြီးပါတယ်။
 
“ကျွန်‌‌တော်သွေးတိုးတာ ဒီဆေးသောက်တာ အဆင်ပြေတယ်၊ခင်ဗျားလည်းသောက်ကြည့် ပါလား”၊ဒါဟာ လူထုအတွင်းမှာ အပြောများတဲ့ ကိစ္စဖြစ်ပါတယ်။သွေးကျဆေးတစ်မျိုးနဲ့ တစ်မျိုးမှာ ပါဝင်ပစ္စည်းမတူညီကြပါဘူး၊ ဘေးထွက်ဆိုးကျိုးတွေလည်း မတူညီကြပါဘူး၊လူတစ်ယောက်နဲ့တစ်ယောက် ရောဂါအခံမတူညီတဲ့အတွက် သွေးကျဆေးဘယ်အမျိုးအစားကို သောက်သုံးရမယ်ဆိုတာ လူတစ်ဦးနှင့်တစ်ဦး မတူညီကြပါဘူး။ ဒါကြောင့် မိမိမှာသွေးတိုးရောဂါရှိလျှင် ဆရာဝန်နဲ့သေချာစွာတိုင်ပင်ပြီး ထိရောက်စွာ ကုသသင့်ပါတယ်။
 
သွေးတိုးရောဂါ၏နောက်ဆက်တွဲရောဂါများ-
 
သွေးတိုးရောဂါကိုမကုသဘဲထားပါက နောက်ဆက်တွဲအနေနှင့်
 
၁.နှလုံးသွေးကြောကျဉ်းခြင်း၊
 
၂.လေဖြတ်ခြင်း
 
၃.ကျောက်ကပ် ပျက်စီးခြင်း
 
၄.မျက်စိအမြင်အာရုံကွယ်ခြင်း စသည့်နောက်ဆက်တွဲ ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။
 
သွေးတိုးရောဂါကိုဘယ်လိုကုသမလဲ?
 
သွေးတိုးရောဂါကုသရာမှာဆေးဝါးနဲ့ကုသခြင်းအပြင်
 
လူနေမှုပုံစံပြုပြင်ပြောင်းလဲခြင်းစတာတွေနဲ့ကုသဖို့လိုအပ်ပါတယ်။
 
၁.ဆေးလိပ်သောက်လျှင်ဖြတ်ပါ
 
၂.အရက်အလွန်အကျွံမသောက်ပါနဲ့
 
၃.နေ့စဉ်အသင့်အတင့် လေ့ကျင့်ခန်းမိနစ် ၃၀ လောက်ပြုလုပ်ပါ
 
၄.အဝမလွန်အောင် ကိုယ်အလေးချိန်ကိုထိန်းသိမ်းပါ
 
၅.အငန်လွန်ကဲသော၊အဆီများသောအစားအစာများကိုရှောင်ကျဉ်ပါ
 
၆.ဆရာဝန်နှင့်ပြသပြီးထိရောက်တဲ့ကုသမှုခံယူပါ
 
၇.သွေးပေါင်ပုံမှန်တိုင်းပါ
 
၈.‌ဆေးကိုပုံမှန်သောက်သုံးပါ စတဲ့အချက်တွေကို လိုက်နာမယ်ဆိုလျှင် သွေးတိုးရောဂါရဲ့ နောက်ဆက်တွဲရောဂါတွေ မဖြစ်တော့ဘဲ ကျန်းမာစွာနေထိုင်‌နိုင်မှာ ဖြစ်ပါတယ်။
 
 
Dr.Phyu 
 
Photo Credit - istockphoto.com/GlobalStock