【 ဆောင်းပါး 】 "ဗီဒီယိုဇာတ်ကားဇာတ်ညွှန်းရေးသူတစ်ယောက်ရဲ့ဘဝ"

【 ဆောင်းပါး 】 "ဗီဒီယိုဇာတ်ကားဇာတ်ညွှန်းရေးသူတစ်ယောက်ရဲ့ဘဝ"

ပြောရရင်တော့ ကျွန်တော့်ရည်ရွယ်ချက်တွေနဲ့ နည်းနည်းလေးလွဲချော်နေခဲ့ရတယ်။ရည်ရွယ်ရာလမ်းကိုလျှောက်လှမ်းဖို့အတွက် လမ်းမကိုရောက်လာခဲ့ပေမယ့်။ရည်ရွယ်ခဲ့တဲ့ပန်းတိုင်ကို အဆုံးထိမရောက်နိုင်ခဲ့သလိုဖြစ်ဖြစ်နေရတယ်။ရည်ရွယ်ခဲ့တဲ့ပန်းတိုင်နဲ့တော့ အနီးစပ်ဆုံးနေရာထိရောက်လာခဲ့ရတာတွေချည်းဖြစ်နေရတယ်။ဒါကိုလည်း ကံကြမ္မာကဖန်တီးခဲ့တာလို့ပဲ ယူဆထားရတော့မလိုပါပဲ။

လူတွေရဲ့ထုံးစံအတိုင်း ကိုယ်ဖြစ်ချင်တာမဖြစ်လာခဲ့ရင် ကံကိုပုံချလိုက်ကြတယ်။လူမစွမ်းနတ်မဆိုတဲ့စကားပုံနဲ့ နှိုင်းယှဉ်ပြီးပြောရမလားမသိ။အဲဒီလိုမျိုးတော့လည်းမဟုတ်သေးဘူး။ကိုယ်ကလုပ်နိုင်စွမ်းရှိနေပေမယ့်၊ လုပ်နိုင်တဲ့နေရာကိုမရောက်လာခဲ့ရင် ကိုယ်လုပ်နိုင်တာကို လုပ်မပြနိုင်ကြဘူးလေ။လူမှန် နေရာမှန် ရောက်မလာကြတာတွေ အများကြီးရှိနေတယ်။လူအများစုက အရည်အချင်းရှိပေမယ့် နေရာမရကြဘူး။လူတစ်ချို့ကတော့ အရည်အချင်းသိပ်မရှိပေမယ့် နေရာရနေကြတယ်။အဲဒီလိုအရည်အချင်းရှိတဲ့လူတွေ နေရာမရပဲ၊အရည်အချင်းမရှိတဲ့လူတွေ နေရာရနေကြရင်လည်းအဲဒီအလုပ်ကမအောင်မြင်နိုင်ဘူး။အရည်အချင်းမရှိကြတဲ့လူတွေ နေရာရနေကြတာကို ဘယ်လိုပြောရမလဲ။နီးစပ်တာပါလို့ပြောရမလား။သူ့ရဲ့ကံပဲလို့ပြောရမလား။အခွင့်အရေးယူတတ်သူတွေလို့လည်းပြောနိုင်ပါလိမ့်မယ်။

အဲဒီလိုဖြစ်နေတာတွေ လောကပေါင်းစုံမှာရှိနေတယ်။အခု ကျွန်တော်ရောက်လာခဲ့ရတဲ့လောကတွေမှာလည်းရှိနေတယ်။ဗီဒီယိုလောကမှာ ဇာတ်ကားရိုက်နေတဲ့ ဒါရိုက်တာတွေကို စမြင်နေရပြီလေ။ကျွန်တော် ဗီဒီယိုလောကမှာလျှောက်လှမ်းနေစဉ်အတွင်းမှာတော့ ဒီလိုဖြစ်ရပ်တွေအများကြီးတွေ့ကြုံနေရဦးမှာပါပဲ။အမှန်တကယ်အရည်အချင်းရှိတဲ့ ဗီဒီယိုဇာတ်ကားရိုက်နေတဲ့ ဒါရိုက်တာကောင်းတွေလည်းတွေ့နေရတယ်။သိပ်အရည်အချင်းမရှိပေမယ့် ဗီဒီယိုဇာတ်ကားရိုက်နေရတဲ့ ဒါရိုက်တာတွေလည်းတွေ့နေရတယ်။ထားလိုက်ပါတော့။နောက်ကြုံရင်ကြုံသလိုရေးသွားပါ့မယ်။

အခုလက်ရှိအချိန်မှာ ကျွန်တော့်ရဲ့တူတွေတည်ထောင်ထားတဲ့ (252) ဗီဒီယိုဇာတ်ကားထုတ်လုပ်ရေးအတွက် ကျွန်တော်ဇာတ်ညွှန်းတွေရေးပေးနေရတယ်။

"အချစ်များစွာဖြင့်" ဗီဒီယိုဇာတ်ကားက ကိုဇော် (အရုဏ်ဦး) နဲ့ ရိုက်ခဲ့တယ်။ကိုဇော် (အရုဏ်ဦး) က ဇာတ်ကားရိုက် ဒါရိုက်တာကောင်းတစ်ယောက်ပါ။အဓိကသရုပ်ဆောင် မင်းသမီး သက်မွန်မြင့်ကလည်း သရုပ်ဆောင်အရည်အချင်းရှိတယ်။သရုပ်ဆောင်မင်းသား ကျော်ကျော်ဗိုကိုတော့ ကျွန်တော်သိပ်အားမရသေးဘူး။ရွှေမန်းသဘင်မျိုးဆက်သစ်ဖြစ်နေတာလည်းပါပါတယ်။

ဒုတိယဇာတ်ကားဖြစ်တဲ့ "၁၃ နက္ခတ်အလွန်" ဇာတ်လမ်းက ကျွန်တော်အကြိုက်ဆုံးထဲမှာပါတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။တစ်ချိန်မှာ ဝတ္ထုရေးဖို့ရည်ရွယ်ထားခဲ့တယ်။အဲဒီဇာတ်လမ်းကို ဒါရိုက်တာ ကျော်ကျော် (နေသူရိန်) က ရိုက်ခဲ့တယ်။ကျွန်တော်က တွဲဘက်ဒါရိုက်တာပါလုပ်ခဲ့တယ်။တကယ်တော့ ဗီဒီယိုဒါရိုက်တာတစ်ယောက်အတွက် ကျွန်တော့်မှာအတွေ့အကြုံတွေလိုနေသေးတာကို တွေ့လိုက်ရတယ်။အဲဒီ "၁၃ နက္ခတ်အလွန်" ဇာတ်ကားမှာပဲ ဗီဒီယိုဒါရိုက်တာလုပ်ဖို့ရည်ရွယ်ချက်ကို ခဏမေ့ထားလိုက်ခဲ့ရတယ်။ကျွန်တော်က စာပေနယ်ကလူတစ်ယောက်အနေနဲ့ ဇာတ်ညွှန်းရေးနေရတာကို အဓိကထားရတော့မယ်။

အဲဒီ "၁၃ နက္ခတ်အလွန်" ဗီဒီယိုဇာတ်ကားမှာ အဓိကသရုပ်ဆောင် ကျော်ကျော်ဗို၊ စိုးပြည့်သဇင်တို့နဲ့ ရိုက်ခဲ့တယ်။ဒုတိယသရုပ်ဆောင်နေရာမှာ ကျွန်တော်နဲ့ရင်းနှီးခင်မင်နေခဲ့တဲ့ ထင်ကျော်လင်းနဲ့ ဝတ်ရည်ကေခိုင် ကို ထည့်ပေးခဲ့တယ်။အရံသရုပ်ဆောင်တွေနေရာမှာတော့ အေးချမ်းမိုး (ဂရိတ်ချမ်း) နဲ့ ဖူးပွင့်တို့ကို ထည့်ပေးခဲ့တယ်။ပျောက်ဆုံးနေတဲ့ နာမည်ကြီးဒါရိုက်တာ မောင်တင်ဦး (ပါပါကြီး) ရဲ့ တပည့်တွေဆိုပါတော့။ "အနုပညာနှလုံးအိမ်" မျိုးဆက်တွေကို ကျွန်တော့်အနေနဲ့ လက်တွဲခေါ်ဆောင်ရမယ်လေ။

ဗီဒီယိုဒါရိုက်တာ နေပိုင်နှင့် ဆုံတွေ့ခဲ့ရခြင်း

လျှောက်လှမ်းနေတဲ့လမ်းမှာ ဖြစ်ပျက်မှုတွေတွေ့နေတတ်တာ သဘာဝတရားတစ်ခုဖြစ်ပါလိမ့်မယ်။အဲဒီလိုပဲ မမျှော်လင့်တဲ့တွေ့ဆုံမှုကနေ မမျှော်လင့်တဲ့ကံကောင်းမှုတွေလည်းပါလာတတ်တယ်။ကိုပြည့်ဝ (ပန်းဝေသီ) က ဗီဒီယိုဇာတ်ကားအရိုက်ကျဲနေတော့ သူရိုက်မယ့်ဗီဒီယိုဇာတ်ကားတွေကို အမြဲဇာတ်ညွှန်းရေးနေရဖို့မသေချာဘူး။ (252) ဗီဒီယိုထုတ်လုပ်ရေးကလည်း တစ်လနေမှ ဗီဒီယိုဇာတ်ကားတစ်ကားလောက်ရိုက်နေတယ်။ပထမဦးဆုံးဗီဒီယိုဇာတ်ကားဖြစ်တဲ့ "အချစ်များစွာဖြင့်" ဗီဒီယိုဇာတ်ကားကို ဖြန့်ချိလိုက်တဲ့အချိန်မှာ ဗီဒီယိုဇာတ်ကားအငှားဆိုင်တွေ သိပ်မဝယ်ကြဘူး။နာမည်ကြီးဒါရိုက်တာကောင်း၊ ပရိတ်သတ်ကြိုက်သရုပ်ဆောင်မင်းသမီးနဲ့ ရိုက်ကူးထားခဲ့တဲ့ ဗီဒီယိုဇာတ်ကားဖြစ်ပေမယ့် ဗီဒီယိုအငှားဆိုင်ဈေးကွက်မှာ သိပ်မဝယ်ကြဘူး။

အဲဒီအချိန်ကာလမှာ ဗီဒီယိုဇာတ်ကားထုတ်လုပ်သူတွေအတွက် အငှားဆိုင်တွေကို အဓိကအားထားနေရတယ်။ဗီဒီယိုအငှားဆိုင်ဈေးကွက်မှာလည်းနာမည်ကြီး သရုပ်ဆောင် မင်းသား၊ မင်းသမီးကိုကြည့်ကြတယ်။ဗီဒီယိုဇာတ်ကားထုတ်လုပ်ရေးတစ်ခုက ဘယ်ရက်တွေမှာ ဘယ်မင်းသားပါတဲ့ ဗီဒီယိုဇာတ်ကားဖြန့်ချိမယ်ဆိုတာကို သိထားပြီး အဲဒီနေ့ကိုရှောင်ပြီး ဇာတ်ကားဖြန့်ချိရတယ်။ဗီဒီယိုဇာတ်ကားကြည့် ပရိတ်သတ်တွေက နာမည်ကြီး မင်းသား၊ မင်းသမီးကိုတင် ကြည့်ရုံတင်မဟုတ်ဘူး။ဇာတ်ကားရိုက်တဲ့ဒါရိုက်တာကိုပါ ကြည့်ကြတယ်။

အဲဒီအချိန်ကာလမှာ နာမည်ကြီးမင်းသားတွေက နေတိုး၊ ပြေတီဦး၊ ဟိန်းဝေယံတို့ပေါ့။ကျော်ရဲအောင်၊ မြင့်မြတ်တို့ကလည်း နာမည်ရှိနေကြတယ်။တစ်ခါတစ်ခါ ဗီဒီယိုကြည့်ပရိတ်သတ်တွေ ကြိုက်တတ်ကြတာကတော့ အောင်ရဲလင်း၊ ရဲတိုက်တို့ပါတဲ့ ဇာတ်ကားတွေပါ။နယ်ကြိုက်မင်းသားတွေထဲမှာတော့ နေမျိုးအောင်ပေါ့။

အဲဒီလိုအချိန်မှာ နာမည်ရှိဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ "နေပိုင်" က ကျွန်တော့်ကိုတွေ့ချင်တယ်လို့ဖုန်းဆက်တယ်။အဲဒီအချိန်မှာ ဒါရိုက်တာ နေပိုင်ရိုက်တဲ့ ဇာတ်ကားတွေကို ကျွန်တော်တစ်ကားမှမကြည့်ဖူးသေးဘူး။ကျွန်တော်နေတဲ့ရပ်ကွက်ထဲက လူငယ်တွေကိုမေးကြည့်လိုက်ရတယ်။လောလောဆယ်တော့ နေပိုင် ရိုက်ထားတဲ့သရုပ်ဆောင်မင်းသား ရဲတိုက်ရဲ့ "ရွာ" ဇာတ်ကားကို လူကြိုက်ကြတယ်။ကိုနေပိုင် က ကျွန်တော်နဲ့တွဲနေတဲ့ သျှိုကြီးတို့၊ နေသူရိန်တို့၊ ဥက္ကာဗိုတို့ထက်တော့ ဗီဒီယိုဇာတ်ကားအရိုက်များတယ်။

အဲဒီလိုနဲ့ ကျောက်မြောင်းထဲက စားသောက်ဆိုင်တစ်ဆိုင်မှာ ဒါရိုက်တာ နေပိုင်နဲ့ တွေ့ဆုံဖြစ်ခဲ့တယ်။ကျွန်တော်နဲ့တွဲနေကြဖြစ်တဲ့ ဖိုးရန်အောင်လည်း ပါလာခဲ့တယ်။ကိုနေပိုင်နဲ့အတူ လူကြမ်းသရုပ်ဆောင် အောင်တိုးလည်း ရှိနေတယ်။ကျွန်တော်တို့အရက်သောက်ရင်း စကားပြောနေကြတယ်။ကိုနေပိုင် က ကျွန်တော့်ထက်ငယ်တယ်။သူရိုက်နေတဲ့ဇာတ်ကားတွေကို ဇာတ်ညွှန်းရေးနေသူတွေက မင်းညီ၊ သည်ခေတ်နေနဲ့ ဦးအောင်ချမ်းသာတို့ပါ။

ဒါရိုက်တာ နေပိုင်နဲ့ ပထမဦးဆုံးဇာတ်ကား

ကိုနေပိုင် က စကားနည်းတယ်။ကျွန်တော်နဲ့ဇာတ်ညွှန်းရေးချင်တယ်ဆိုတာလောက်ပဲပြောတယ်။အဲဒီအချိန်မှာ "ခရေဖြူ" ဗီဒီယိုထုတ်လုပ်ရေးကရိုက်မယ့် ဝတ္ထုတစ်အုပ်ပေးလိုက်တယ်။ "ခရေဖြူ" ဗီဒီယိုထုတ်လုပ်ရေးက စာချုပ်ချုပ်ထားတဲ့သရုပ်ဆောင် ပြေတီဦး၊ မင်းသမီး နဝရတ်တို့နဲ့ ရိုက်မယ်တဲ့။ဇာတ်ကားနာမည်က "ရွှေမင်းသားလေးရဲ့ကိုယ်ရံတော်" တဲ့။စာရေးဆရာ "လရောင်ကျူးရင့်" ရဲ့ လုံးချင်းဝတ္ထု။ဇာတ်လမ်းကတော့ သိပ်မကောင်းပါဘူး။ဝတ္ထုကိုက သဘာဝမကျတာတွေ အများကြီးတွေ့ရတယ်။ဒါပေမယ့် ကျွန်တော်ဘာတတ်နိုင်မှာလဲ။ဗီဒီယိုထုတ်လုပ်ရေးကုမ္ပဏီကကြိုက်လို့ ဝယ်ယူထားတဲ့ဝတ္ထု။ကျွန်တော်လည်း စာရေးဆရာတစ်ယောက်ရဲ့ဝတ္ထုကို သိပ်မပြင်ရဲသေးဘူးလေ။အဲဒီဝတ္ထုကို ဇာတ်လမ်းစဉ်ရေးပြီး ဇာတ်ညွှန်းရေးပေးလိုက်တယ်။

မာန်ထက်ချီ ဗီဒီယိုထုတ်လုပ်ရေးဇာတ်ကားအစ

နောက်ဇာတ်ကားက "မာန်ထက်ချီ" ဗီဒီယိုဇာတ်ကားထုတ်လုပ်ရေးနဲ့ရိုက်မယ့် ဇာတ်ကား။စာရေးဆရာမ "သျှင်မ" ရေးတဲ့ "အချစ်နဲ့တစ်ရံရောအခါ" ဝတ္ထု။ဗီဒီယိုကုမ္ပဏီပိုင်သရုပ်ဆောင် မင်းသား ဟိန်းဝေံ၊ စိုးပြည့်သဇင်တို့နဲ့ ရိုက်ဖြစ်ခဲ့တယ်။အဲဒီဗီဒီယိုဇာတ်ကားကိုတော့ ကျွန်တော်အားရတယ်။သရုပ်ဆောင် ဟိန်းဝေယံရော၊ စိုးပြည့်သဇင်ပါ သရုပ်ဆောင်ကောင်းတယ်။နှစ်ယောက်စလုံးကလည်း သဘောကောင်းကြတယ်။

ဇာတ်ကားရိုက်ပြီးချိန်မှာ ကိုနေပိုင်နဲ့ ကျွန်တော် နေ့တိုင်းအရက်သောက်ဖြစ်ကြတယ်။ပြောမယ်ဆိုရင် စိတ်တူကိုယ်တူပေါ့။ကျွန်တော်တို့နှစ်ယောက်က ညီအစ်ကိုလို ရင်းနှီးခင်မင်သွားကြတယ်။တစ်ယောက်အပေါ် တစ်ယောက်ယုံကြည်ကြတယ်။ဗီဒီယိုလောကမှ နေပိုင်၊ မြတ်လှိုင်း အတွဲဆိုတာ ဖြစ်လာခဲ့တယ်။ကိုနေပိုင်နဲ့ ကျွန်တော်တို့ (ဒါရိုက်တာ၊ ဇာတ်ညွှန်း) အတွဲအနေနဲ့လည်း ဗီဒီယိုဇာတ်ကားတွေ ပိုရိုက်လာရတယ်။နောက်ပိုင်းမှာ ကိုနေပိုင်ရိုက်တဲ့ ဇာတ်ကားမှန်သမျှ ကျွန်တော်ပဲဇာတ်ညွှန်းရေးရတယ်။ဇာတ်ကားရိုက်ကွင်းကိုလည်း ကျွန်တော်အမြဲသွားနေခဲ့ရတယ်။

မာန်ထက်ချီ ဗီဒီယိုဇာတ်ကားကတော့ အငှားဆိုင်တွေဝယ်ယူကြတယ်။အရမ်းအောင်မြင်တဲ့  ဇာတ်ကားမဟုတ်ပေမယ့်၊ အတော်အသင့်ကြိုက်ကြတဲ့ ဇာတ်ကားတစ်ကားပါ။

နောက် ကိုနေပိုင် က ချောင်းသာမှာ "နေတိုး" ဇာတ်ကားတစ်ကားရိုက်ဖို့ရှိတယ်။ကျွန်တော်နဲ့မတွေ့ခင်ကတည်းက ဇာတ်ကားရိုက်ဖို့အတွက် စီစဉ်ထားပြီးသား။အဲဒီဇာတ်ကားကို သည်ခေတ်နေ က ဇာတ်ညွှန်းရေးထားတယ်။ "အောင်တိုင်းကျော်" ဗီဒီယိုထုတ်လုပ်ရေးကရိုက်မယ့်ကား။ကျွန်တော့်ဇာတ်ညွှန်းမဟုတ်ပေမယ့် ကျွန်တော့်ကို ချောင်းသာလိုက်ခဲ့ဖို့ ကိုနေပိုင် က ပြောတယ်။ချောင်းသာကပြန်လာရင် "နေတိုး" ဇာတ်ကားရိုက်ဖို့ရှိတယ်တဲ့။

အဲဒီ "နေတိုး" ဇာတ်ကားကို ချောင်းသာလိုက်ပြီးရေးပါလို့လည်းပြောတယ်။အဲဒါနဲ့ ကျွန်တော်ချောင်းသာလိုက်သွားဖြစ်ခဲ့တယ်။

ချောင်းသာကနေပြန်လာကြတော့ "နေတိုး၊ မေကဗျာ၊ စိုးပြည့်သဇင်" တို့နဲ့ ရိုက်ဖြစ်တယ်။အဲဒီဇာတ်လမ်းက လုံးချင်းဝတ္ထုမဟုတ်ပါဘူး။စာမျက်နှာသုံးမျက်နှာလောက်ရှိတဲ့ ဇာတ်လမ်းအကျဉ်းလေးပါ။အဲဒီဇာတ်လမ်းကို ကျွန်တော်အနေနဲ့ဇာတ်လမ်းကောင်းအောင် ပြင်ရေးပေးပါလို့ ကိုနေပိုင်ကရော၊ နေတိုးကပါ ပြောခဲ့တယ်။အဲဒီလိုပြောတော့ ဇာတ်လမ်းနာမည်ကိုပါ ပြင်လိုက်တယ်။ "တိမ်ကွဲဆည်းဆာ" ဇာတ်ကား ဖြစ်သွားခဲ့တယ်။

မြတ်လှိုင်း
ဇူလိုင် - ၁၈