【 နည်းပညာ 】 ကွေးညွတ်ဖုန်းမျိုးဆက်သစ်တွေကို မြင်တွေ့ခဲ့ရတဲ့ Samsung Galaxy Unpacked မိတ်ဆက်ပွဲ

【 နည်းပညာ 】 ကွေးညွတ်ဖုန်းမျိုးဆက်သစ်တွေကို မြင်တွေ့ခဲ့ရတဲ့ Samsung Galaxy Unpacked မိတ်ဆက်ပွဲ

ယမန်နေ့ကျင်းပခဲ့တဲ့ Samsung Galaxy Unpacked ထုတ်ကုန်သစ် မိတ်ဆက်ပွဲမှာတော့ ကွေးညွတ်စမတ်ဖုန်းသစ်တွေကို မိတ်ဆက်သွားခဲ့တာမြင်တွေ့ခဲ့ရပါတယ်။

Samsung ကုမ္ပဏီမှ Galaxy Z Fold3 နဲ့ Galaxy Z Flip3 ကွေးညွတ်စမတ်ဖုန်း‌တွေကို မိတ်ဆက်သွားခဲ့တာလည်းဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ Samsung Galaxy Z Fold3 အကြောင်းကို ဖော်ပြသွားချင်ပါတယ်။

Samsung ရဲ့ Galaxy Z Fold ကွေးညွတ်စမတ်ဖုန်းဟာ မျိုးဆက် ၃ ခုမြောက်ကို ရောက်ရှိလာပြီဖြစ်ပါတယ်။ပထမဆုံးမျိုးဆက်မှာတော့ Samsung အနေနဲ့ အခက်အခဲများစွာကို ကြုံတွေ့ခဲ့ရပေမယ့်လည်း ယခုအခါမှာတော့ ကွေးညွတ်စမတ်ဖုန်းဈေးကွက်ကို ဦးဆောင်သူဖြစ်လာခဲ့ပြီပဲဖြစ်ပါတယ်။

Galaxy Z Fold3 ကွေးညွတ်ဖုန်းသစ်ဟာ IPX8 ရေစိုခံမှု၊ S Pen ထောက်ပံ့ပေးမှု၊ ကြာရှည်ခံမှု၊ မျက်နှာပြင်အရည်အသွေးနဲ့ စွမ်းဆောင်ရည်အဆင်မြှင့်တင်မှုတွေနဲ့အတူ ပွဲထွက်လာခဲ့ပါပြီ။ ၇.၆ လက်မရှိတဲ့ Dynamic AMOLED 2X မျက်နှာပြင်က အခြားသော စမတ်ဖုန်းတွေထက် မျက်နှာပြင်ပိုင်းမှာ ပိုမိုတောက်ပ ကြည်လင်ပြတ်သားနေမှာဖြစ်ပါတယ်။ရှေ့ဘက် ကင်မရာကိုတော့ မျက်နှာပြင်အောက်မှာ မြှုပ်နှံတပ်ဆင်ထားပြီး၊ Galaxy Z Fold3 ဟာ Samsung ကုမ္ပဏီရဲ့ မျက်နှာပြင်အောက် ကင်မရာထည့်သွင်းထားတဲ့ ပထမဆုံးစမတ်ဖုန်းဖြစ်လာခဲ့ပါတယ်။

Galaxy Z Fold3 ကို ကွေးညွတ်လိုက်မယ်ဆိုရင်တော့ ၆.၂ လက်မအရွယ်အစားနဲ့ မျက်နှာပြင်ကို အသုံးပြုနိုင်မှာဖြစ်ပြီး၊ အကြမ်းခံ Gorilla Glass Vitus နဲ့ ကာကွယ်ပေးထားပါသေးတယ်။မျက်နှာပြင်နှစ်ခုလုံးကို 120Hz refresh rate နည်းပညာကို ထောက်ပံ့ပေးထားပါသေးတယ်။

Snapdragon 888 chipset နဲ့‌ မောင်းနှင်ပေးထားပြီး မမ်မိုရီပမာဏကတော့ 12GB ဖြစ်ပါတယ်။စိတ်ပျက်စရာကတော့ Galaxy Z Fold3 ရဲ့ ကင်မရာပိုင်းဟာ ယခင်မော်ဒယ်လ်နဲ့ စွမ်းဆောင်ရည်တူညီနေတာပဲဖြစ်ပါတယ်။ဒါ့အပြင် ဘက်ထရီပိုင်းဟာလည်း ယခင်ထက် အနည်းငယ်နည်းပါးသွားပြီး 4,400mAh ပမာဏကို တပ်ဆင်ပေးထားပါတယ်။ယခင်မော်ဒယ်လ်ကတော့ 4,500mAh ဖြစ်ပါတယ်။မြန်နှုန်းမြှင့်အားသွင်းစနစ် 25W မြန်နှုန်းကို ထောက်ပံ့ပေးထားပြီး၊ ကြိုးမဲ့အားသွင်းစနစ်ကတော့ 11W မြန်နှုန်းဖြစ်ပါတယ်။

Galaxy Z Fold3 ဟာ အဖြူရောင်၊ အစိမ်းရောင်နဲ့ ငွေရောင် အရောင် ၃ မျိုး ထွက်ရှိမှာဖြစ်ပါတယ်။

Samsung မိတ်ဆက်သွားတဲ့ နောက်ထပ်ကွေးညွတ်စမတ်ဖုန်းသစ်ကတော့ Galaxy Z Flip3 ဖြစ်ပါတယ်။ Galaxy Z Flip3 မှာ Galaxy Z Fold3 ရဲ့ အချို့သောစွမ်းဆောင်ရည်တွေပါဝင်ပြီး၊ ဒီဇိုင်းပုံစံကတော့ ကွဲပြားမှာဖြစ်ပါတယ်။ Galaxy Z Flip3 ကို ကွေးညွတ်ထားရင် ၁.၉ လက်မ Super AMOLED မျက်နှာပြင်ကို တွေ့မြင်နိုင်မှာဖြစ်ပြီး၊ ကွေးညွတ်ထားခြင်းမရှိရင်တော့ 120Hz refresh rate နည်းပညာ ထောက်ပံ့ပါဝင်တဲ့ ၆.၇ လက်မ Dynamic AMOLED မျက်နှာပြင်ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။

 

Galaxy Z Flip3 ကို Galaxy Z Fold3 မှာ မောင်းနှင်ထားတဲ့ chipset ကိုပဲ အသုံးပြုထားပြီး၊ ဘက်ထရီပမာဏကတော့ Galaxy Z Fold3 ထက် ပိုမိုနည်းပါးမှာဖြစ်ပါတယ်။

Galaxy Z Flip3 ကိုတော့ အရောင်အသွေးစုံစုံလင်လင်နဲ့ ရောင်းချလာမယ်လို့ သိရပါတယ်။

Damien
ဩဂုတ် - ၁၂