【 နည်းပညာ 】 Google မှ တန်ဖိုးသင့် 5G စမတ်ဖုန်းကို မိတ်ဆက်ပြီ

【 နည်းပညာ 】 Google မှ တန်ဖိုးသင့် 5G စမတ်ဖုန်းကို မိတ်ဆက်ပြီ

Google ကတော့ သတင်းတွေထွက်ပေါ်ထားတဲ့အတိုင်းပဲ တန်ဖိုးသင့် 5G စမတ်ဖုန်းသစ်ကို မိတ်ဆက်လိုက်ပါပြီ။

Pixel 5a 5G လို့ အမည်ပေးထားတဲ့ တန်ဖိုးသင့်စမတ်ဖုန်းသစ်ဟာ အဆင့်မြှင့်တင်မှုတွေနဲ့အတူ ပွဲထွက်လာတာလည်းဖြစ်ပါတယ်။

Pixel 4a 5G ပြီးနောက် Pixel 5a 5Gစမတ်ဖုန်းကတော့ ထွက်ရှိလာပြီပဲဖြစ်ပါတယ်။ Pixel 4a 5G နဲ့ Pixel 5a 5G တို့ဟာ ဒီဇိုင်းပိုင်းကတော့ တူညီနေမှာဖြစ်ပြီး၊ ကိုယ်ထည်ပိုင်းကိုတော့ အဆင့်မြှင့်တင်လာခဲ့ကာ Pixel 4a 5G မှာ အသုံးပြုခဲ့တဲ့ ပလတ်စတစ်ကိုယ်ထည်အစား သတ္တုကိုယ်ထည်ကို အသုံးပြုလာခဲ့တာကို မြင်တွေ့ရပါတယ်။ဒါ့အပြင် မျက်နှာပြင်ဟာလည်း ပိုမိုကြီးမားလာခဲ့ပြီး ၆.၃၄ လက်မအရွယ်အစားဖြစ်လာခဲ့ပြီဖြစ်ပါတယ်။နောက်ထပ်အဆင့်မြှင့်တင်မှုကတော့ Pixel 5a 5G ဟာ IP67 ရေနဲ့ ဖုန်မှုန့်ဒဏ်ကို ခံနိုင်မှာဖြစ်ပါတယ်။

စွမ်းဆောင်ရည်ပိုင်းမှာတော့ Pixel 4a 5G နဲ့ Pixel 5a 5G တို့ဟာ ကွာခြားချက်ရှိမှာမဟုတ်ပဲ Snapdragon 765G chipset နဲ့ မောင်းနှင်ပေးထားကာ မမ်မိုရီ 6GB နဲ့ သိမ်းဆည်းနိုင်မှု 128GB တို့ ပါဝင်မှာဖြစ်ပါတယ်။

ကင်မရာပိုင်းမှာလည်း အဆင့်မြှင့်တင်လာမှုတွေကို မြင်တွေ့ရမှာမဟုတ်ပဲ 12MP အဓိက ကင်မရာကို တပ်ဆင်ပေးထားကာ မြင်ကွင်းကျယ်ရိုက်ကူးရန် 16MP ultrawide ကင်မရာကို တပ်ဆင်ပေးထားပါတယ်။ရှေ့ဘက် ကင်မရာကတော့ 8MP ဖြစ်ပါတယ်။

Pixel 5a 5G ရဲ့ အကြီးမားဆုံး အဆင့်မြှင့်တင်မှုကတော့ ဘက်ထရီပိုင်းဖြစ်ပါတယ်။ Pixel 4a 5G မှာ 3885mAh ဘက်ထရီပမာဏသာပါဝင်ခဲ့ပြီး၊ Pixel 5a 5G မှာတော့ 4680mAh ပမာဏရှိတဲ့ ပိုမိုကြီးမားတဲ့ ဘက်ထရီအဖြစ်သို့ အဆင့်မြှင့်တင်ပေးခဲ့ပါတယ်။ဒါပေမယ့် မြန်နှုန်းမြင့် အားသွင်းစနစ်ကတော့ Pixel 4a 5G အတိုင်းပဲ 18W မြန်နှုန်းဖြစ်ပါတယ်။

Pixel 5a 5G ဟာ Pixel 4a 5G စတင်ရောင်းချတဲ့ဈေးနှုန်းထက် ဈေးသက်သာမှာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၄၄၉ ဈေးသတ်မှတ်ထားတယ်လို့ သိရပါတယ်။

Damien
ဩဂုတ် - ၁၈