【 နိုင်ငံတကာ 】 အိန္ဒိယ ဟိမလီယာပြည်နယ်မှာ ရေကြီးမြေပြိုမှုတွေကြောင့် သေဆုံးသူအရေအတွက် ၅၅ ဦးအထိ မြင့်တက်

【 နိုင်ငံတကာ 】 အိန္ဒိယ ဟိမလီယာပြည်နယ်မှာ ရေကြီးမြေပြိုမှုတွေကြောင့် သေဆုံးသူအရေအတွက် ၅၅ ဦးအထိ မြင့်တက်

နယူးဒေလီ၊ သြဂုတ် - ၁၅

အိန္ဒိယနိုင်ငံ၊ ဟိမလီယာပြည်နယ်၊ ဟိမာချယ်ပရာဒေ့ရှ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် သေဆုံးသူ ၅၅ ဦးအထိ မြင့်တက်လာခဲ့ကြောင်း ပြည်နယ်အရာရှိတစ်ဦးက အင်္ဂါနေ့တွင် ပြောကြားခဲ့ပါတယ်။

ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း ပြည်နယ်အတွင်း၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူ ၅၅ ဦးသေဆုံးခဲ့ကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဆူခွင်းဒရာဆင်းဂ်ဆူခူက ပြောကြားခဲ့ပါတယ်။

“ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်” ဟု ၎င်းက မီဒီယာသို့ ပြောကြားခဲ့ပြီး သေဆုံးသူအရေအတွက် တိုးလာမည်ကို စိုးရိမ်နေကြောင်း ဆိုပါတယ်။

ပြီးခဲ့သည့် ၄၈ နာရီအတွင်း ပြည်နယ်အများအပြားတွင် မိုးတိမ်တောင်များဖြစ်ထွန်းကာ လျှပ်တစ်ပြက် ရေကြီးမှုများနှင့် မြေပြိုမှုများ ဖြစ်ပွားခဲ့သဖြင့် နေရာအများအပြားတွင် အသက်ဆုံးရှုံးစေခဲ့သည့် ဖြစ်ရပ်များ ဖြစ်ခဲ့ပါတယ်။

အင်္ဂါနေ့က ဟိမာချယ်ပရာဒေ့ရှ်ရဲတပ်ဖွဲ့သည် ပြည်နယ်ကိုဖြတ်၍ အထူးသဖြင့် ဘာခါးရာတမံ (Bhakra Dam) ၏အောက်ပိုင်း မြစ်ကမ်းနားရှိ ဒေသခံများအား “တမံထဲက ရေပမာဏ သိသိသာသာတိုးလာသဖြင့် ဆည်တမံမှ ရေလွှတ်ချနေသည့်အတွက် သတိရှိကြရန်” အင်္ဂါနေ့က သတိပေးခဲ့ပါတယ်။

အိန္ဒိယမိုးလေဝသဌာနက အင်္ဂါနေ့တွင် ပြည်နယ်အတွင်း  “သည်းထန်စွာရွာသွန်းသော မိုးရေချိန်ကို (၁၁၅.၆ မှ ၂၀၄.၄ မီလီမီတာ)” အတွက်သာ ရေထိန်းထားနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

ရာသီဥတုဆိုးရွားမှုကြောင့် ရာနှင့်ချီသော လမ်းများ ပိတ်ထားကြောင်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့က အင်္ဂါနေ့တွင် ထုတ်ပြန်ခဲ့ပါတယ်။

ယခုနှစ် ဇွန်လမှစတင်၍ ဟိမာချယ်ပြည်နယ်တွင် မုတ်သုံမိုးရွာသွန်းမှုကြောင့် ရေကြီးမြေပြိုမှုနှင့်ဆက်နွယ်ကာ သေဆုံးသူ ၂၈၀ ကျော်ရှိကြောင်း ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရပါတယ်။

မုတ်သုံမိုး သည်းထန်စွာရွာသွန်းမှုကြောင့် အိန္ဒိယနိုင်ငံ၏ ပြည်နယ်အသီးသီးတွင် လွန်ခဲ့သည့် ရက်သတ္တပတ်အနည်းငယ်အတွင်း လူဒါဇင်နှင့်ချီကာ သေဆုံးခဲ့ပါတယ်။

မုတ်သုံရာသီသည် အာရှတိုက်၏ နေရာအနှံ့အပြားတွင် မိုးသည်းထန်စွာရွာသွန်းသော ရာသီဖြစ်ပြီး ဇွန်လမှ စက်တင်ဘာလအထိ ကြာမြင့်ပါတယ်။

Linko
Ref - Anadolu Agency