【 ပြည်တွင်း 】 ငွေလဲလုပ်ငန်းလုပ်ကိုင်တဲ့ မြန်မာနိုင်ငံသားတစ်ဦး ဘန်ကောက်မှာ အသတ်ခံရ၊ မိခင်လည်း ရိုက်နှက်ခံရ

【 ပြည်တွင်း 】 ငွေလဲလုပ်ငန်းလုပ်ကိုင်တဲ့ မြန်မာနိုင်ငံသားတစ်ဦး ဘန်ကောက်မှာ အသတ်ခံရ၊ မိခင်လည်း ရိုက်နှက်ခံရ

ရန်ကုန်၊ ဖေဖော်ဝါရီ - ၁၄

ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာ ငွေလဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတစ်ဦး အသတ်ခံရပြီး ၎င်း၏ မိခင်ကိုလည်း သတ်ဖြတ်သူများက ရိုက်နှက်သွားခဲ့ကြောင်း ထိုင်းသတင်းဌာန ThaiPBS က ဗုဒ္ဓဟူးနေ့က ဖော်ပြခဲ့ပါတယ်။

အဆိုပါအသတ်ခံရတဲ့ မြန်မာနိုင်ငံသားဟာ အသက် ၅၃ နှစ်အရွယ် Kayaw Zeyar ဆိုသူဖြစ်ပြီး ဘန်ကောက်၊ ခလောင်းတွေနယ်မြေ၊ ဆုခိုဗစ် ၄ လမ်း အဆောက်အအုံတစ်ခု၏ ၂၃ လွှာရှိ အခန်းတစ်ခုတွင် ပါးစပ်၊ နားနှင့် ဦးခေါင်းတစ်ဝိုက်တွင် ဒဏ်ရာများရရှိကာ သွေးများစွာထွက်နေသည်ကို တွေ့ရှိရကြောင်း ဖော်ပြခဲ့ပါတယ်။

သတင်းဖော်ပြမှုတွင် အခင်းဖြစ်နေရာမှာ လက်နက်မတွေ့ရဘဲ လက်ဆွဲသေတ္တာတစ်လုံးနှင့် ပစ္စည်းအများအပြားကိုလည်း တွေ့ရှိခဲ့ပြီး သေတ္တာကြီးတစ်လုံးနှင့် သေဆုံးသူ၏ လက်ကိုင်ဖုန်းတို့ ပါဝင်ကြောင်း သိရပါတယ်။

ကနဦးတွင် သေဆုံးသူ၏ မိခင်က အမှုစစ်အရာရှိထံ ၎င်း၏သားဖြစ်သူသည် နိုင်ငံခြားငွေလဲလှယ်ရေးလုပ်ငန်းကို လုပ်ကိုင်ခဲ့ကြောင်း၊ အခင်းဖြစ်ပွာသည့် အခန်းတွင် သေဆုံးသူမှာ မိခင်ဖြစ်သူနှင့်အတူရှိနေစဉ်  ဖေဖော်ဝါရီ ၁၃ ရက် ညက သေဆုံးသူနဲ့အတူ အလုပ် လုပ်နေတဲ့ စကော့တလန်နိုင်ငံသားနှစ်ဦးရောက်လာပြီး စကားများရန်ဖြစ်ကြကြောင်း၊ ထို့နောက် နိုင်ငံခြားသားနှစ်ဦး ရိုက်နှက်မှုကြောင့် မိခင်ဖြစ်သူမှာ သတိမေ့လဲကျခဲ့ပြီး သူမသတိပြန်ရလာတဲ့အခါ သားဖြစ်သူမှာ သွေးအိုင်ထဲမှာ သေဆုံးနေတာကိုတွေ့ရပြီး မီးခံသေတ္တာထဲရှိ ဘတ်ငွေ ၅ သန်းမှာ ပျောက်ဆုံးနေကြောင်း၊ ရန်ဖြစ်ရသည့် အကြောင်းအရင်းမှာ ၎င်းတို့သုံးဦး အတူတကွလုပ်ကိုင်ခဲ့သော စီးပွားရေးပြဿနာကြောင့် ဖြစ်နိုင်သည်ဟု ယူဆရကြောင်း သေဆုံးသူရဲ့ မိခင်ဖြစ်သူကဆိုတယ်လို့ ဖော်ပြထားပါတယ်။

၎င်းဖြစ်စဉ်နဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေက အနီးနားတစ်ဝိုက် CCTV ကင်မရာတွေ စစ်ဆေးပြီး ကျန်တဲ့ သက်သေခံပစ္စည်းတွေနဲ့ရှာနေကာ အဆိုပါ စကော့တလန် နိုင်ငံခြားသား ၂ ဦးကို စစ်ဆေးအရေးယူဖို့ ရှာဖွေနေတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

နောင်နောင်