【 ပြည်တွင်း 】 ပြည်ပသို့ ဆန်နဲ့ ဆန်ကွဲ တင်ပို့မှု သုံးလအတွင်း တန်ချိန်ငါးသိန်းရှစ်သောင်းကျော်ရှိ

【 ပြည်တွင်း 】 ပြည်ပသို့ ဆန်နဲ့ ဆန်ကွဲ တင်ပို့မှု သုံးလအတွင်း တန်ချိန်ငါးသိန်းရှစ်သောင်းကျော်ရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ - ၁၄

မြန်မာနိုင်ငံကထွက်ရှိတဲ့ ဆန်နဲ့ ဆန်ကွဲကို ပြည်ပနိုင်ငံအသီးသီးသို့ တင်ပို့ရာမှာ သုံးလအတွင်း ဆန်နဲ့ ဆန်ကွဲ မက်ထရစ်တန်ချိန် ငါးသိန်းရှစ်သောင်းကျော်အထိ တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သိရပါတယ်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ ထုတ်ပြန်ထားတဲ့ စာရင်းအရ ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလကုန်အထိ သုံးလအတွင်း ဆန်နဲ့ ဆန်ကွဲကို ပြည်ပနိုင်ငံအသီးသီးသို့ တင်ပို့ရာမှာ မစ်ထရစ်တန်ချိန် ၅၈၅,၄၈၇ တန် ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ ပြည်ပနိုင်ငံအသီးသီးကို  ဆန်နဲ့ ဆန်ကွဲ တင်ပို့မှု မက်ထရစ်တန်ချိန် ၁၇၅,၉၉၀ တန် တင်ပို့နိုင်ခဲ့ပြီး ဆန်တင်ပို့မှုက ၉၄,၂၀၃ တန်ရှိခဲ့ကာ ဆန်ကွဲတင်ပို့မှုက ၈၁,၇၈၇ တန်ရှိခဲ့ပါတယ်။ဒီဇင်ဘာလအတွင်း တင်ပို့ရာမှာလည်း ဆန်နဲ့ ဆန်ကွဲ မက်ထရစ်တန် ၁၉၅,၈၂၉ တန် တင်ပို့နိုင်ခဲ့ပြီး ဆန်တင်ပို့မှုက ၁၀၁,၁၅၆ တန်နဲ့ ဆန်ကွဲတင်ပို့မှုက ၉၄,၆၇၂ တန်ရှိတယ်လို့ သိရပါတယ်။

အလားတူ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာ ပြည်ပနိုင်ငံအသီးသီးကို ဆန်နဲ့ ဆန်ကွဲ တင်ပို့မှု မက်ထရစ်တန်ချိန် ၂၁၃,၆၀၅ တန် တင်ပို့နိုင်ခဲ့ပြီး ဆန်တင်ပို့မှု ၁၃၇,၁၄၄ တန်ရှိခဲ့ကာ  ဆန်ကွဲတင်ပို့မှုက ၇၆,၄၆၁ တန်ရှိခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကထွက်ရှိတဲ့ ဆန်နဲ့ ဆန်ကွဲကို အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အပြင် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနိုင်ငံ စတဲ့ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ အာဖရိက၊ အမေရိကန်နဲ့ အီးယူနိုင်ငံတွေကလည်း ဝယ်ယူကြပါတယ်။

ဆန်နဲ့ ဆန်ကွဲတို့ကို ပြည်ပနိုင်ငံအသီးသီးသို့ တင်ပို့ရမှာ ပင်လယ်ရေကြောင်းက အထိကထား တင်ပို့နေရတာဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကနေ တင်ပို့တာတွေလည်းရှိပါတယ်။

လက်ရှိ ပြည်တွင်းစျေးကွက်အတွင်း ဆန်အမျိုးအစားအလိုက် စျေးမြင့်တက်နေပြီး ပြည်တွင်းဆန်စျေးနှုန်း မြင့်တက်မှုအပေါ် ထိန်းညှိနိုင်ရန် ပြည်ပသို့ ဆန်တင်ပို့မှုကို လျှော့ချ၍ ဆန်ကွဲနှင့် ပေါင်းဆန်ကိုသာ ဦးစားပေးတင်ပို့ရန် စီစဉ်နေကြောင်းလည်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရပါတယ်။

နှစ်စဉ် ဇန်နဝါရီ၊ ဖေဖော်ဝါရီနှင့် မတ်လတို့တွင် ပြည်ပသို့ ဆန်တန်ချိန်နှစ်သိန်းကျော် တင်ပို့လေ့ရှိသော်လည်း ယခုနှစ်တွင်မူ တန်ချိန် တစ်သိန်းခွဲသာ တင်ပို့ရန် စီစဉ်ထားတယ်လို့ ဆိုပါတယ်။

လင်းလင်း
Photo Credit - Global New Light Of Myanmar