【 ပြည်တွင်း 】 မန္တလေး-မုံရွာ ကားလမ်းမှာ မိုင်းထောင်ထားတာတွေ တွေ့ရလို့ သတိထားသွားလာကြဖို့ ဒေသခံတွေက သတိပေး

【 ပြည်တွင်း 】 မန္တလေး-မုံရွာ ကားလမ်းမှာ မိုင်းထောင်ထားတာတွေ တွေ့ရလို့ သတိထားသွားလာကြဖို့ ဒေသခံတွေက သတိပေး

မန္တလေး၊ ဖေဖော်ဝါရီ - ၁၄

မန္တလေး-မုံရွာ ကားလမ်းမှာ အခုရက်ပိုင်းအတွင်း မိုင်းထောင်ထားတာတွေ တွေ့နေရလို့ ခရီးသွားပြည်သူတွေအနေနဲ့ သတိထားသွားလာကြဖို့ ဒေသခံနဲ့ လူမှုကူညီရေးအသင်းတွေက သတိပေးနေကြပါတယ်။

“လမ်းဘေးသစ်ပင်တွေနဲ့ လမ်းလယ်ခေါင်တွေမှာ မိုင်းထောင်ထားတာတွေ တွေ့ခဲ့ရတယ်၊ သွားနေလာနေကျလူတွေအတွက် အဆန်းမဟုတ်ဘူး ရှောင်တိမ်းသွားလို့ရတယ်ဆိုပေမယ့်လည်း၊ သွားနေကျမဟုတ်ရင် အရမ်းအတင့်မရဲကြနဲ့၊ သတိထားသွားကြပါလို့ သတိပေးချင်တာပါ” လို့ လူမှုကူညီရေးအသင်းတစ်ခုမှ တာဝန်ရှိသူက ပြောပါတယ်။

မန္တလေးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ကို ဆက်သွယ်ထားတဲ့ ကားလမ်းပိုင်းမှာ ကားလမ်းရဲ့ အလယ်ခေါင်နဲ့ လမ်းဘေးဝဲယာမှာ မိုင်းတွေထောင်ထားတာဖြစ်ပြီး၊ လမ်းနဲ့ သစ်ပင်တွေ နီးကပ်တဲ့ တချို့နေရာတွေမှာဆိုရင်၊ သစ်ပင်ရဲ့ သစ်ကိုင်းအခက်အလက်တွေမှာတောင် တွေ့ခဲ့ရတာလို့ နေ့စဉ်နဲ့အမျှ သွားလာနေကြသူတွေကလည်း ပြောပါတယ်။

မန္တလေး-မုံရွာ ကားလမ်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ နတ်ရေကန်ကျေးရွာအနီးမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ဖောက်ခွဲဖို့ အသင့်ထောင်ထားတဲ့ မိုင်းအလုံးသုံးဆယ်ကျော်ကို ဖယ်ရှားပေးခဲ့ရတယ်လို့ သတင်းဖော်ပြချက်တွေအရ သိရပါတယ်။

ဖြူလုံး