【 ပြည်တွင်း 】 ရေနစ်ခဲ့သူ လူငယ် (၂) ဦးကို အသက်ကယ်ခဲ့သော အမျိုးသမီးငယ်အား လူငယ်များမှ သွားရောက်ကန်တော့

【 ပြည်တွင်း 】 ရေနစ်ခဲ့သူ လူငယ် (၂) ဦးကို အသက်ကယ်ခဲ့သော အမျိုးသမီးငယ်အား လူငယ်များမှ သွားရောက်ကန်တော့

ဓနုဖြူ၊ မတ် - ၂၃

ရေနစ်ခဲ့သူ ဆယ်ကျော်သက် လူငယ်အမျိုးသား (၃) ဦးထဲက (၂) ဦးကို အသက်ကယ်နိုင်ခဲ့တဲ့ အမျိုးသမီးငယ် “မမြတ်ဆုမွန်” ကို ရေနစ်ခဲ့တဲ့ လူငယ်တွေက မတ်လ (၂၂) ရက်နေ့မှာ သူတို့ရဲ့မိဘတွေနဲ့အတူ သွားရောက်ကန်တော့ခဲ့ကြတယ်လို့ ဒေသခံပရဟိတအဖွဲ့တွေကနေ သိရပါတယ်။

မတ်လ (၂၀) ရက်နေ့၊  ညနေ (၄) နာရီဝန်းကျင်မှာ ဓနုဖြူမြိုနယ်၊ ၂ ရပ်ကွက်အပိုင်ထဲရှိ မြစ်ကမ်းစပ်ကနေ ဧရာဝတီမြစ်ထဲ အသက် (၁၃) နှစ်အရွယ် ယောကျ်ားလေး (၂) ဦးနဲ့ အသက် (၁၅) နှစ်အရွယ် ယောကျ်ားလေးတစ်ဦး စုစုပေါင်း ယောက်ျားလေး (၃) ဦး ရေဆင်းကူးရာက ရေနစ်သွားတာကြောင့် မြစ်ကမ်းနဖူးအနီး နေထိုင်တဲ့ အသက် (၁၇) နှစ်အရွယ် “မမြတ်ဆုမွန်” က ကူညီကယ်ဆယ်ခဲ့တာဖြစ်ပါတယ်။

ဒီလိုကယ်ဆယ်တဲ့အခါ အသက် (၁၃) နှစ်အရွယ် ယောကျ်ားလေး (၂) ဦးကို အသက်ဘေးကနေ ကယ်ဆယ်နိုင်ခဲ့ပြီး ကျန်တစ်ဦးကတော့ မျောပါ ပျောက်ဆုံးသွားတာဖြစ်ပါတယ်။ရေနစ်ပျောက်ဆုံးသွားတဲ့ လူငယ်ကို ဒေသခံပရဟိတအသင်းတွေဖြစ်တဲ့ ပုဏ္ဏမာလူမှုကူညီရေး၊ တွဲလက်လူမှုကူညီရေးနဲ့ မြို့မလူမှုကူညီရေးအသင်းတို့က မြို့နယ်ရှာဖွေကယ်ဆယ်ရေးအဖွဲနဲ့အတူ ရှာဖွေခဲ့ရာ မတ်လ(၂၁)ရက်နေ့ ညနေ (၄)နာရီခန့်မှာ ရေနစ် မြုပ်တဲ့နေရာနဲ့ မနီးမဝေးမှာ ရုပ်အလောင်းကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။

အခုလို ရေနစ်ခဲ့တဲ့ လူငယ် (၃) ဦးထဲက နှစ်ဦးကို ပရဟိတစိတ်ဓာတ်အပြည့်နဲ့ အသက်ကယ်တင်နိုင်ခဲ့တဲ့ “မမြတ်ဆုမွန်” ရဲ့ နေအိမ်ကို ရေနစ်ခဲ့တဲ့ လူငယ် (၂) ဦးက သူတို့ရဲ့မိဘတွေနဲ့အတူ သွားရောက်ပြီး ဂုဏ်ပြုလက်ဆောင်တွေနဲ့ ကန်တော့ခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် ရေနစ်ရာမှာ အသက်ရှင်ကျန်ခဲ့တဲ့ လူငယ်နှစ်ဦးရဲ့ မိဘတွေကလည်း အသက်ကယ်တင်ခဲ့တဲ့ “မမြတ်ဆုမွန်” ရဲ့ နေအိမ်ကို ပြန်လည်ပြုပြင် တည်ဆောက်ပေးမယ့်အပြင် အလုပ်အကိုင်များရှာဖွေ ကူညီပေးသွားမယ်လို့လည်း သိရပါတယ်။

ရဲထက်