【 ပြည်တွင်း 】 လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် မြန်မာနိုင်ငံမှာ စီမံကိန်းပေါင်း ၁၀၆ ခု ဖော်ဆောင်ဖို့ ပံ့ပိုးပေးထား

【 ပြည်တွင်း 】 လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် မြန်မာနိုင်ငံမှာ စီမံကိန်းပေါင်း ၁၀၆ ခု ဖော်ဆောင်ဖို့ ပံ့ပိုးပေးထား

ရန်ကုန်၊ မတ် - ၂၅

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် မြန်မာနိုင်ငံမှာ စီမံကိန်းပေါင်း ၁၀၆ ခု ဖော်ဆောင်ဖို့ ပံ့ပိုးပေးထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

လက်ရှိမှာ တရုတ်နိုင်ငံက ထူထောင်တဲ့ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဟာ မြန်မာနိုင်ငံမှာ စီမံကိန်းပေါင်း ၁၀၆ ခု ဖော်ဆောင်ဖို့ ပံ့ပိုးပေးခဲ့ခြင်းဖြစ်ပြီး အရေအတွက်နဲ့ အရင်းအနှီးပမာဏဟာ မဲခေါင်မြစ်ဝှမ်းနိုင်ငံများမှာ အများဆုံးပမာဏဖြစ်တယ်လို့ သိရပါတယ်။

လန်ချန်း- မဲခေါင် ပူးပေါင်းဆောင်ရွက်မှုကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် မြန်မာနိုင်ငံ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သည့် (၁၇) ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေးတွင် ထိုင်းနိုင်ငံက မဲခေါင်ဒေသတွင်း နိုင်ငံများအကြား ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်ကို လျှော့ချရန်နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရရှိရန်အတွက် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန်လိုကြောင်း ကနဦးဆွေးနွေးမှုအပေါ် တရုတ်နိုင်ငံက ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ ပါဝင်သည့် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်တစ်ရပ် ထူထောင်ရန် အဆိုပြုခဲ့ရာမှ စတင်ခဲ့ခြင်းဖြစ်ပါတယ်။

အဆိုပါ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုယန္တရား အောင်မြင်စွာ လည်ပတ်နိုင်ရေးအတွက် တရုတ်နိုင်ငံက ရန်ပုံငွေအမျိုးအစား လေးမျိုးဖြစ်သည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (MLC Special Fund) ကို အမေရိကန်ဒေါ်လာ သန်း ၃၀၀ ဖြင့်လည်းကောင်း၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထုတ်လုပ်မှုစွမ်းရည် မြှင့်တင်ခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအတွက် အတိုးနှုန်းသက်သာသော ချေးငွေ (Concessional Loan) ကို ယွမ် ၁၀ ဘီလီယံဖြင့်လည်းကောင်း၊ အခြားချေးငွေ (Credit Line) ကို အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံဖြင့်လည်းကောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေ (South-South Cooperation Fund) ကို အမေရိကန်ဒေါ်လာ သန်း ၂၀၀ ဖြင့်လည်းကောင်း အသီးသီးမတည် ထူထောင်ပေးထားတယ်လို့ သိရပါတယ်။

အောင်အောင်