【 ပြည်တွင်း 】 သင်္ကြန်ကာလအတွင်း ဒုလ္လဘရဟန်းဝတ်မည့်သူများ များပြားနေပြီး ဘုန်းကြီးကျောင်းတချို့ လက်မခံတော့ဟု ဆို

【 ပြည်တွင်း 】 သင်္ကြန်ကာလအတွင်း ဒုလ္လဘရဟန်းဝတ်မည့်သူများ များပြားနေပြီး ဘုန်းကြီးကျောင်းတချို့ လက်မခံတော့ဟု ဆို

ရန်ကုန်၊ မတ် - ၂၄
 
မကြာမီကျရောက်လာတော့မည့် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကာလအတွင်း ဒုလ္လဘရဟန်း ဝတ်မည့်သူများနှင့် သီလရှင်ဝတ်မည့်သူများ အလွန်များပြားနေပြီး ဘုန်းကြီးကျောင်းတချို့မှာ ဒုလ္လဘရဟန်းဝတ်မည့်သူများကို  လက်မခံတော့ကြောင်း သိရပါတယ်။
 
“ဒီနှစ် ဘုန်းကြီးဝတ်ကြမယ့် လူငယ်တွေ တော်တော်များတယ်၊ သင်္ကြန်တွင်းဝတ်မယ့်သူတွေချည်းပဲ၊ နောက်ပြီး သီလရှင်ဝတ်ကြမယ့် အမျိုးသမီးငယ်တွေလည်းများတယ်၊ ရပ်ကွက်ထဲမှာ ဘယ်သူ့မေးမေး သင်္ကြန်မှာ ဘုန်းကြီးဝတ်ကြမယ့်သူနဲ့ သီလရှင်ဝတ်ကြမယ့်သူတွေချည်းဖြစ်နေတယ်၊ အမလည်း ဒီနှစ် သင်္ကြန်မှာ သီလရှင်ဝတ်မယ်၊ အမသမီးလေးလည်း သီလရှင်ဝတ်ပေးမယ်” လို့ မြောက်ဥက္ကလာပမြို့နယ်မှ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
 
ယခုလို သင်္ကြန်ကာလအတွင်း ဒုလ္လဘရဟန်းဝတ်မည့်သူများနှင့် သီလရှင်ဝတ်မည့်သူများ များပြားလာသောကြောင့်တချို့ဘုန်းကြီးကျောင်းတွေမှာ ဝတ်မယ့်ရက်မတိုင်ခင် ရက် (၂၀) ခန့် ကြိုတင်၍ စာရင်းပေးရတာမျိုးရှိသလို တချို့ဘုန်းကြီးကျောင်းတွေမှာတော့ ဒုလ္လဘရဟန်းဝတ်မည့်သူများကို လက်မခံတော့ဘူးလို့ ကိုယ်တိုင်ကြုံရသူတွေက ပြောပါတယ်။
 
“ကျွန်တော်က နှစ်တိုင်း သင်္ကြန်ပိတ်ရက်တွေဆို ဘုန်းကြီးဝတ်နေကြ၊ (၅) နှစ်လောက်ရှိပြီ၊ နှစ်တိုင်းဝတ်တာပေါ့၊ ဒီနှစ်တော့ ကျွန်တော် ဘုန်းကြီးဝတ်နေကြ ဘုန်းကြီးကျောင်းက ဒုလ္လဘတွေ လက်မခံတော့ဘူး ပြောတယ်၊ အဲတော့ လည်း တခြားဘုန်းကြီးကျောင်းရှာပြီး ဝတ်ရတော့မှာပေါ့” လို့ နှစ်စဉ် သင်္ကြန်ကာလအတွင်း ဒုလ္လဘဝတ်နေကြ အမျိုးသားတစ်ဦးက ပြောပါတယ်။
 
ယခုလို သင်္ကြန်ကာလအတွင်း ဒုလ္လဘရဟန်းဝတ်မည့်သူများနှင့် သီလရှင်ဝတ်မည့်သူများ ပိုမိုများပြားလာသလို တချို့ကလည်း အိမ်တွင်း ဥပုဒ်သီတင်းဆောက်တည်မည့်သူများနှင့် တရားစခန်းဝင်ရောက်မည့်သူများလည်း ပိုမိုများပြားလာကြောင်း သိရပါတယ်။
 
လင်းလင်း