【 အားကစား 】 အီဒင် ဟာဇက် ကို ချဲလ်ဆီး ပြန်လည်ဆက်သွယ်ခဲ့

【 အားကစား 】 အီဒင် ဟာဇက် ကို ချဲလ်ဆီး ပြန်လည်ဆက်သွယ်ခဲ့

လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်က ဂျူဗင်တပ်အသင်းကို ထွက်ခွာသွားတဲ့ အသင်းရဲ့ အဓိက ကစားသမားဖြစ်သူ စီ ရော်နယ်လ်ဒိုရဲ့ နေရာကို အစားထိုးနိုင်ဖို့အတွက် ရီးရဲလ်မက်ဒရစ်အသင်းဟာ ကြယ်ပွင့်ကစားသမားတစ်ဦးကို ရှာဖွေလျက်ရှိနေပါတယ်။

နောက်ဆုံးမှာ ကာလရှည်စိတ်ဝင်စားနေခဲ့တဲ့ ချဲလ်ဆီးအသင်းရဲ့ ကြယ်ပွင့် အီဒင် ဟာဇက် ကို ခေါ်ယူခဲ့ပြီး အသင်းရဲ့ ဂန္တဝင်နံပါတ်ဖြစ်တဲ့ ကျောနံပါတ် ၇ ကို ပေးအပ်ပြီး စီ ရော်နယ်လ်ဒိုရဲ့ ကွက်လပ်ကို ဟာဇက် အစားထိုးနိုင်မယ်လို့ ရီးရဲလ်မက်ဒရစ်အသင်း ယုံကြည်ခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်း ဟာဇက်အပေါ် ယုံကြည်မျှော်လင့်ခဲ့တာ အမှားတော့မဟုတ်ပါဘူး၊ ချဲလ်ဆီးအသင်းက စတင်ပြောင်းရွှေ့လာခဲ့တဲ့ ဟာဇက်ဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်တဲ့ မက်ဆီနဲ့ နှိုင်းယှဉ်ရလောက်တဲ့အထိ ဘောလုံးကို သယ်ယူဆွဲပြေးမှုမှာ အထူးအောင်မြင်သူဖြစ်ခဲ့ပြီး ပြိုင်ဘက်နောက်ခံလူတွေအတွက် အိပ်မက်ဆိုး‌ဖြစ်ခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် ရီးရဲလ်မက်ဒရစ်အသင်းဆီကို အရောက်မှာတော့ ချဲလ်ဆီးအသင်းရဲ့ ဟာဇက်ဟာ အခြားသော ဟာဇက်တစ်ဦးအဖြစ်သို့ ပြောင်းလဲသွားခဲ့ပါတော့မယ်။

ဟာဇက်ရဲ့ ပြစ်ချက်တွေကို ပြောရမယ်ဆိုရင် အစားအသောက်မဆင်ခြင်တာ၊ လေ့ကျင့်ခန်းတွေကို သေချာစွာမလုပ်‌တာတွေကို ညွှန်ပြရမှာပါ။တကယ်လည်း ရီးရဲလ်မက်ဒရစ်မှာ ဟာဇက်ဟာ ဝိတ်တက်နေခဲ့ပြီး၊ ကြံ့ခိုင်မှုလည်း မပြည့်ဝတော့ပဲ မကြာခနဒဏ်ရာရနေတာကို မြင်တွေ့ရပါတယ်။ဟာဇက် ကို ရီးရဲလ်မက်ဒရစ်အသင်းရဲ့ နည်းပြသစ် အန်ဆလော့တီ က ဆက်ကစားစေလိုပြီး ပြုပြင်ပြောင်းလဲပေးနိုင်မယ်လို့ ယုံကြည်နေပေမယ့်လည်း ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဥက္ကဌကြီး ပီရက်ဇ်ကတော့ လစာငွေမြောက်မြားစွာ ပေးချေနေရပြီး ဒဏ်ရာမကြာခနရနေတဲ့ ဟာဇက် ကို နှစ်လိုဖွယ်မရှိတော့ပဲ လျှော့ဈေးနဲ့ အရောင်းစာရင်းတင်ဖို့ လုပ်ဆောင်နေပြီဖြစ်ပါတယ်။

ဟာဇက်ကတော့ ချဲလ်ဆီးအသင်းဆီကို ပြန်လည်ပြောင်းရွှေ့လိုတယ်လို့ ဆိုထားပြီး၊ ချဲလ်ဆီးအသင်းကလည်း ပြန်လည်ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။စပိန်သတင်းစာ AS ကတော့ ချဲလ်ဆီးအသင်းဟာ ဟာဇက် ကို ဆက်သွယ်ခဲ့ပြီးဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

ဟာဇက်ရဲ့ ဘယ်လ်ဂျီယံနဲ့ ရီးရဲလ်မက်ဒရစ်အသင်းဖော် ဂိုးသမား ကော်တွာစ်ကတော့ "ဟာဇက် ရီးရဲလ်မှာ ဆက်နေဖို့ ကျနော် ၁၀၀ ရာခိုင်နှုန်း သေချာပါတယ်၊ သူအသင်းမပြောင်းရွှေ့လိုပါဘူး၊ သူ ဒီမှာ ဆက်လက်ကစားပြီး ဖလားတွေရယူဖို့ အလိုရှိနေပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

အီဒင် ဟာဇက် ကို ဥရောပအသင်းတော်တော်များများက စောင့်ကြည့်လျက်ရှိနေပြီး ရီးရဲလ်မက်ဒရစ်အသင်းဘက်က ဈေးသက်သက်သာသာနဲ့ ထုတ်ရောင်းပါက အပြိုင်အဆိုင်ခေါ်ယူသွားကြဖို့ရှိနေပါတယ်။

Linko
မက်ဒရစ်၊ ဇူလိုင် - ၂၂