【 နိုင်ငံတကာဆောင်းပါး 】လူလုပ်အတားအဆီးများကို မီးမောင်းထိုးပြခဲ့တဲ့ နွေရာသီ ဒါဗို့စ်

【 နိုင်ငံတကာဆောင်းပါး 】လူလုပ်အတားအဆီးများကို မီးမောင်းထိုးပြခဲ့တဲ့ နွေရာသီ ဒါဗို့စ်

တရုတ်နိုင်ငံမြောက်ပိုင်း တီယန်ကျင်းတွင်  သုံးရက်ကြာကျင်းပခဲ့သည့် နွေရာသီ ဒါဗို့စ် ဖိုရမ်ဟု လူသိများသည့် ကမ္ဘာ့စီးပွားရေးဖိုရမ်တစ်ခုသည် အောင်မြင်စွာ ကျင်းပပြီးစီးသွားခဲ့ပြီ ဖြစ်သည်။ ယခုဖိုရမ်တွင် နိုင်ငံတကာမှ ထိပ်တန်းခေါင်း ဆောင်များနှင့် စီးပွားရေးဆိုင်ရာ ကမ္ဘာ့ခေါင်းဆောင်များတက်ရောက်ခဲ့သည်ကလည်း ယခု ဖိုရမ်၏ထူးခြားမှုဖြစ်သည်။ ကိုဗစ်ကပ်ရောဂါကြောင့် သုံးနှစ်ကြာ ရပ်နားထားရပြီး ပထမဆုံးအကြိမ် လူကိုယ်တိုင်တက်ရောက်ကြသည့် ယခုဖိုရမ်တွင်း ဆွေးနွေးမှုများက နာလံထူရန်ခက်ခဲနေသည့် ကမ္ဘာ့စီးပွားရေးအတွက် အားတက်ဖွယ်ဖြစ်သည်။

ဖိုရမ်ဖွင့်ပွဲတွင် အဖွင့်မိန့်ခွန်းပြောခဲ့သည့် တရုတ်ဝန်ကြီးချုပ်လီချန်းက ကမ္ဘ့ာပြဿနာများဖြေရှင်းရန် ပူးပေါင်းဆောင်ရွက်မှုကိုတောင်းဆိုပြီး နိုင်ငံတကာ လူ့အဖွဲ့အစည်းသည် ကမ္ဘာ့စိန်ခေါ်မှုများကို ရင်ဆိုင်ရန် အတူတကွလုပ်ဆောင်ရန်လိုကြောင်း၊ ကမ္ဘာ့စီးပွားရေးမြှင့်တင်ပြီး ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုခဲ့သည်။ယနေ့ကမ္ဘာသည် ပူးပေါင်းဆောင်ရွက်မှုမရှိဘဲ တစ်ဦးကောင်းတစ်ယောက်ကောင်းဖြင့် နေထိုင်လို့မဖြစ်နိုင်သော ခေတ်ကာလကိုရောက်နေပြီ ဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာဖြစ်စဉ်များအရ တစ်နိုင်ငံတည်း ကွက်ကျန်ခဲ့သည်မျိုးမရှိရာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်သာ ကျော်လွှားနိုင် သက်သာနိုင်သည်ကို ပြီးခဲ့သည့် ကိုဗစ်၁၉ ကပ်ကာလတွင် ကမ္ဘာကို သက်သေပြခဲ့ပြီး ဖြစ်သည်။

တရုတ်၏စီးပွားရေးမှာ ယခုနှစ်တွင် အလားအလာကောင်းများပြည့်နှက်နေသည်။ အဆိုပါဖိုရမ်တွင် လီချန်းက တရုတ်နိုင်ငံ၏စီးပွားရေးမှာ ၂၀၂၃ ခုနှစ် ဒုတိယနှစ်ဝက်တွင် ပထမနှစ်ဝက်ထက် ကျော်လွန်မည်ဖြစ်ကြောင်းနှင့် ယခုနှစ်စီးပွား ရေးတိုးတက်မှုနှုန်း ၅ ရာခိုင်နှုန်းထိရရှိမည်ဖြစ်ကြောင်းပြောခဲ့သည်။ ရေရှည်တွင် တရုတ်နိုင်ငံသည် ကမ္ဘာ့စီးပွားရေးနာလန်ထမှုနှင့် တိုးတက်မှုကိုခိုင်မာသောအားအင် ဆက်လက်ပေးမည် ဖြစ် ကြောင်း လီက မိန့်ခွန်းပြီးဆုံးခါနီးတွင်ပြောခဲ့သည်။ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့၏ အဆိုအရ တရုတ်နိုင်ငံသည် ၂၀၂၃ ခုနှစ် တွင် ၃၄ ဒသမ ၉ ရာခိုင်နှုန်းအထိ ကမ္ဘာလုံးဆိုင်ရာ တိုးတက်မှုအတွက် သုံးပုံတစ်ပုံကျော်ကို ဆက်လက်ပံ့ပိုးပေးမည်ဟု ခန့်မှန်းထားသည်။

တရုတ်၏စီးပွားရေးမှာ နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများ အာရုံစိုက်နေရသည့် တစ်ခုတည်းသော နိုင်ငံစီးပွားရေးဖြစ်သည်။ ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်သည့် အမေရိကန်နှင့် တခြားသော စီးပွားရေးနိုင်ငံများဖြစ်သော အီးယူ၊ဂျပန်၊တောင်ကိုရီးယားနှင့် ရေနံနိုင်ငံများမှာ  အမေရိကန်ကြွေးမြီပြဿနာ၊ အတိုးနှုန်း ပြဿနာနှင့် ယူကရိန်းစစ်ပွဲကြောင့်ဖြစ်လာနေသည့်ရေနံစျေးနှုန်းအတက်အကျများကြောင့် ရင်နှီးမြှုပ်နှံလိုသူများအတွက် အန္တရာယ်များနေသည်။ထို့ကြောင့် သေချာသော စားသုံးသူစျေးကွက်ရှိရာ တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ပို၍စိတ်အားထက်သန်ကြသည်။ အမေရိကန်က တရုတ်မှာ စီးပွားရေးလုပ်ငန်းများထွက်ခွာရန်၊ ကွင်းဆက် ဖြတ်ချရန် လှုံ့ဆော်မှုရှိလင့်ကစား ကမ္ဘာ့လုပ်ငန်းများက တရုတ်တွင် ရင်းနှီးမြှုပ်နှံမှုတိုးလာနေသည်။

တရုတ်နှင့် အမေရိကန်တို့ စီးပွားရေးအဆက်ဖြတ်ရန် ကြိုးပမ်းမှုမှန်သမျှသည် ကမ္ဘာ့စီးပွားရေး တစ်ခုလုံးကို ထိခိုက်စေနိုင်သည်။ ထိုကဲ့သို့ ခွဲထုတ်ခြင်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင်ပါ ဂဏန်းနှစ်လုံးဆုံးရှုံးမှုကို ကြုံတွေ့ရမည်ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ GDP ၏ ရေရှည်ကျုံ့သွားမည်ဖြစ်သည်။ ထို့ကြောင့် ယခုဖိုရမ်တွင် စီးပွားရေး အဆက်ဖြတ်ခြင်းကို ကိုင်တွယ်ဖြေရှင်းရန် အားထုတ်ခဲ့သည်ကို ရှင်းရှင်းလင်းလင်းမြင်ရသည်။

ဖိုရမ်တွင် လီက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ငိုဇီ အိုကွန်ဂျို အီဝီရာလာ နှင့် တွေ့ဆုံရာတွင် ကမ္ဘာ့စီးပွားရေးသည် ယခင်ကထက်ပို၍ ရောယှက်နေသောကြောင့် အန္တရာယ်ကင်းကင်းနှင့် အပြန်အလှန်မှီခိုမှုလျှော့ချခြင်းဆိုင်ရာ အယူအဆသည် လွဲမှားနေကြောင်း ဝန်ကြီးချုပ်လီက သတိပေးခဲ့သည်။ ငိုဇီ အိုကွန်ဂျို အီဝီရာလာက ကမ္ဘာသည် စီးပွားရေးများအချိတ်အဆက်ဖြုတ် (သို့မဟုတ်) အစိတ်စိတ်အမွှာမွှာ ဖြစ်ပါက ကုန်သွယ်ရေးတိုးတက်မှု အခြေအနေသည် ပိုမိုဆိုးမည်ဖြစ်ကြောင်း ပြောခဲ့သည်။

ဘာဘေးဒို့စ်ဝန်ကြီးချုပ် မီယာ အမ်မာ မော့တလီ "ကျမတို့ နောက်ထပ် အကျပ်အတည်း မယူနိုင်တော့ဘူး။ စီးပွားရေးလမ်းခွဲတာက အဲဒီအန္တရာယ်ကို ဖြစ်စေတယ်” ဟုပြောခဲ့သည်။ နယူးဇီလန် ဝန်ကြီးချုပ် ခရစ် ဟစ်ကင်က "ကမ္ဘာ့စီးပွား ရေးက ရှေ့ကိုမျှော်လင့်စရာရှိတယ်။ ကျနော်တို့ ဆက်လက် ပူးပေါင်းဆောင်ရွက်ပြီး ပွင့်လင်းစည်းမျဉ်းအခြေခံတဲ့ ကမ္ဘာ့ကုန်သွယ်ရေးကို အားပေးရင် လူတိုင်းအတွက် ပိုမိုကြွယ်ဝချမ်းသာမှုဖြစ်လာမယ်” ဟုပြောခဲ့သည်။

လီက ကမ္ဘာသည် ဘုံအကျိုးစီးပွားများကို ပိုမိုရှာဖွေတွေ့ရှိပြီး မိမိတို့စီးပွားရေး အသီးသီးကို တိုးတက်စေကာ လူတိုင်း အကျိုးရှိစေမည့် စီးပွားရေးဝေစုကိုတိုးမြှင့်ရန် မျှော်လင့်ကြောင်းပြောခဲ့သည်။ ကမ္ဘာသည် သီးခြားနေခြင်းထက် ဆက်သွယ်ရေး၊ ထိပ်တိုက်တွေ့ခြင်းထက် ပူးပေါင်းဆောင်ရွက်ရေး၊ အထီးကျန်ရေးထက် ပွင့်လင်းမှုနှင့် ပဋိပက္ခထက် ငြိမ်းချမ်းရေးကိုသာလိုအပ်ကြောင်း ပြောခဲ့သည်။ ထို့အပြင် မသေချာမရေရာသော ဤခေတ်တွင် လုပ်ငန်းရှင်များသည် စျေးကွက်အကြောင်းကို နက်နဲစွာ နားလည်သဘောပေါက်ရန် စွန့်ဦးတီထွင်သူများ တိုးများလာရန် လိုအပ်ကြောင်း ဝန်ကြီးချုပ်လီက ထောက်ပြခဲ့သည်။     

တရုတ်စီးပွားရေး၏ ခိုင်မာသောတိုးတက်မှုသည် ကမ္ဘာ့စီးပွားရေးပြန်လည်ဦးမော့လာစေရန် တွန်းအား ဆက်လက်ပေးနိုင်မည်ဖြစ်ပြီး နိုင်ငံတကာလွတ်လပ်စွာကုန်သွယ်မှုမြှင့်တင်ရန်နှင့် ကမ္ဘာ့စီးပွားရေး တိုးတက်မှုကို တည်ငြိမ်စေရန်အတွက်လည်း အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်မည်ဖြစ်သည်။လွန်ခဲ့သည့်ဆယ်စုနှစ်အတွင်း တရုတ်နိုင်ငံသည် ပျမ်းမျှနှစ်စဉ်စီးပွားရေးတိုးတက်မှုနှုန်း ၆.၂ ရာခိုင်နှုန်း ရရှိခဲ့ပြီး ၎င်း၏ကမ္ဘာ့စီးပွားရေး ထွက်ကုန် ဝေစုသည် ၂၀၁၂ ခုနှစ်တွင် ၁၁.၃ ရာခိုင်နှုန်းမှ ၂၀၂၂ ခုနှစ်တွင် ၁၈ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံသည် စုစုပေါင်းကဏ္ဍအလိုက်တွင် ထိပ်ဆုံးနေရာ၌ အစဉ်အမြဲရပ်တည်ခဲ့သည်။ ကုန်သွယ်မှုတွင်  ခြောက်နှစ်ဆက်တိုက် ကမ္ဘာ့စီးပွားရေးတိုးတက်မှုအတွက် ပျမ်းမျှ ၃၀ ရာခိုင်နှုန်းကျော် ပံ့ပိုးပေးသည်။ထိုကြောင့် လူဦးရေတစ်ဘီလျံခွဲရှိသည့် တရုတ်စီးပွားရေးကောင်းမွန်မှုက ကမ္ဘာ့စီးပွားရေးကို မောင်းနှင်လာမည့် သဘောဖြစ်နေသည်။

သုံးရက်ကြာကျင်းပသည့် တီယန်ကျင်းနွေရာသီဒါဗင်ပို့စ့်၏ အဓိက ရည်ရွယ်ချက်မှာ အာရှနှင့်ကမ္ဘာတဝှမ်းတွင် တီထွင်ဆန်းသစ်မှုနှင့် လုပ်ငန်းရှင်များကို ပြန်လည်အားပေးရေးဖြစ်သည်။ယခုဖိုရမ်သည် စီးပွားရေးနာလန်ထရေးအတွက် နည်းလမ်းရှာရေး၊ စက်မှုလုပ်ငန်းနှင့် ပူးပေါင်းဆောင်ရွက်မှု ပုံစံသစ် အပြီးသတ်ရေးနှင့် ကမ္ဘာ့စီးပွားရေးကို ပိုမိုညီမျှ၊ ရေရှည်တည်တံ့ခံနိုင်ရည်ရှိသော အနာဂတ်သို့ မောင်းနှင်ရေးတို့ကိုရည်ရွယ်သည်။

ကျန်းမာရေး ကပ်ကာလတွင် လိုအပ်သည့် ကာကွယ်ဆေးနှင့် ဆေးဝါးစောင့်ရှောက်မှုအတွက် တရုတ်၏ဦးဆောင်မှုကို ကမ္ဘာကမြင်တွေ့ခဲ့ရပြီဖြစ်သည်။ သို့ဖြစ်ရာ ကိုဗစ် ၁၉ ကပ်ရောဂါ၏နောက်ဆက်တွဲ သက်ရောက်မှုဖြစ်သည့် ကမ္ဘာ့စီးပွားရေးကျဆင်းမှုကို ပြန်လည်ထူမတ်ရာတွင်လည်း ကမ္ဘာ့စီးပွားရေးတွင် ဒုတိယမြောက်အရေးပါသည့် တရုတ်နိုင်ငံ၏ ဦးဆောင်မှုကို ပြန်မြင်ယောင်ရဦးမလားဆိုသည်မှာ ယခုကျင်းပသည့်  နွေရာသီဒါဗင်ပို့စ်ကိုကြည့်ပါက  သိသာထင်ရှားစွာ မြင်နိုင်လေမည်ဖြစ်သည်။

 လင်းသစ်အောင်