【 နိုင်ငံတကာ ဆောင်းပါး 】 ချစ်စ်ပြားကန့်သတ်ခြင်း၏ အကျိုးသက်ရောက်မှု

【 နိုင်ငံတကာ ဆောင်းပါး 】 ချစ်စ်ပြားကန့်သတ်ခြင်း၏ အကျိုးသက်ရောက်မှု

   ပြီးခဲ့သည့်နှစ်က အမေရိကန်သည် ဆီမီးကွန်ဒတ်တာလုပ်ငန်းတွင် တရုတ်နှင့် ၎င်း၏ပြိုင်ဆိုင်မှုကို အရှိန် မြှင့်လာခဲ့သည်။ 
   ယခုနှစ် ဇန်နဝါရီ ၂၇ ရက်က အမေရိကန်နှင့် ဂျပန်နှင့် နယ်သာလန်တို့ တွေ့ဆုံမှုတွင် နှစ်နိုင်ငံလုံး က  တရုတ်နိုင်ငံသို့ အဆင့်မြင့် ချစ်ပ်ထုတ်လုပ်သည့် စက်ကိရိယာများ တင်ပို့မှုကို ကန့်သတ်ရန် သဘောတူညီခဲ့ ကြပြီး တရုတ်၏ အဆင့်မြင့်နည်းပညာများ အသုံးပြုခွင့်ကို ဖြတ်တောက်ရန် အမေရိကန်၏ ကြိုးပမ်းမှုတွင် ပါဝင်ခဲ့သည်။
   ယင်းသဘောတူညီချက်တွင် ထူးခြားသည်မှာ အမေရိကန်သည် တရုတ်နိုင်ငံ၏ တစ်ပိုင်းလျှပ်ကူးပစ္စည်း စက်မှုလုပ်ငန်းမှ တတိယနိုင်ငံသို့ ပေးသွင်းမှုများကို ကာမိစေရန် အမေရိကန် ပို့ကုန်ထိန်းချုပ်မှု၏ တရားစီရင် ပိုင်ခွင့်လက်လှမ်းမီမှုကို ပိုမိုချဲ့ထွင်ခဲ့ခြင်းပင်ဖြစ်သည်။ထိုအကျိုးဆက်က နှစ်ဘက်စလုံးအတွက် မည်မျှထိခိုက် သည်ကို ယခုအချိန်တွင် မြင်နိုင်နေပြီ ဖြစ်သည်။ 
   အမေရိကန်အနေဖြင့် တရုတ်၏တစ်ပိုင်းလျှပ်ကူးလုပ်ငန်းထိန်းချုပ်ရန်အတွက် ထရမ့်လက်ထက် က တည်းက အစပျိုးလာခဲ့ခြင်းဖြစ်သည်။ ဘိုင်ဒင်လက်ထက်  ၂၀၂၂ခုနှစ်ဩဂုတ်လတွင်  တစ်ပိုင်းလျှပ်ကူး သုတေ သနကို အားကောင်းစေရန်၊ ထောက်ပံ့ ရေးကွင်းဆက်ခံနိုင်ရည်အား မြှင့်တင်ရန်နှင့် အမေရိကန် ပြည်ထောင်စု တွင် တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်မှုကို ပြန်လည်အသက်ဝင်လာစေရန် ရည်ရွယ်ပြီး ဒေါ်လာ ၅၂.၇ ဘီလီ ယံတန် CHIPS နှင့် Science Act ကို လက်မှတ်ရေးထိုးခဲ့သည်။
   နောက်တစ်လဖြစ်သည့် အောက်တိုဘာလတွင် တရုတ်နိုင်ငံ၏ ချစ်ပ်(CHIPS ) ထုတ်လုပ်သည့် စက်မှု လုပ်ငန်းအတွက် အကျယ်ပြန့်ဆုံးသော ကန့်သတ်ချက်များကို ထုတ်ပြန်ခဲ့သည်။ထိုကန့်သတ်ချက်အသစ် သည် တရုတ်နိုင်ငံသို့ အဆင့်မြင့်ချစ်ပ်များ ရောင်းချခြင်းကို တားမြစ်ထားပြီး ဉာဏ်ရည်တုလေ့ကျင့်ရန် လိုအပ်သည့် ကွန်ပျူတာစွမ်းအားကို တရုတ်နိုင်ငံမှ ဆုံးရှုံးသွားစေသည်။ ၎င်းကန့်သတ်ချက်တွင် တစ်ပိုင်းလျှပ်ကူးပစ္စည်း ထောက်ပံ့ရေးကွင်းဆက်ကို ပံ့ပိုးပေးသည့် ချစ်ပ်ထုတ်လုပ်သည့်ကိရိယာများအပေါ် စက်မှုလုပ်ငန်းအထိ ကန့် သတ်ချက်များကို ချဲ့ထွင်ကာ ချစ်ပ်များပြုလုပ်သည့် ကိရိယာများတွင် အသုံးပြုသည့် စွမ်းရည်နှင့် အစိတ်အပိုင်း များအါအဝင် နှစ်ခုလုံးကို အမေရိကန်က ဖြတ်တောက်ထားသည်။ 
   ထရမ့်လက်ထက်က မပြီးခဲ့သည့် ကုန်သွယ်ရေးစစ်ပွဲမှာ ဘိုင်ဒင်လက်ထက်တွင်နည်းပညာစစ်ပွဲအဖြစ် အ သွင်ပြောင်းလာခဲ့ခြင်းပင်ဖြစ်သည်။ တရုတ်ကို ထိန်းချုပ်နိုင်ရန်အတွက် အမေရိကန်အစိုးရသည် ၎င်း၏အဓိက နည်းပညာများကို ထိန်း ချုပ်ရန် တက်ကြွစွာလုပ်ဆောင်ခဲ့သည်။ တရုတ်၏ စစ်ဘက်ဆိုင်ရာ စွမ်း ရည်များ တိုး တက်မြင့်မားလာစေရန် ထိုကဲ့သို့သော နည်းပညာမြင့် ချစ်ပ်ပြားများကို အသုံးပြုလာနိုင်မှုအပေါ် စိုးရိမ်မှုများ မြင့် တက်လာမှုကြောင့် ဖြစ်သည်။ ထိုသည်ကို နယ်သာလန်နှင့် ဂျပန်တို့က လိုက်လျောညီထွေဖြစ်စေရန် ပြင် ဆင် နေ ကြောင်း သိရသည်။ရလဒ်အနေဖြင့် တရုတ်အစိုးရသည် ထောက်ပံ့ရေးကွင်းဆက်လုံခြုံရေးကို ၎င်း၏အမြင့်ဆုံး ဦးစားပေးအဖြစ် မြှင့်တင်ခဲ့သည်။
   မကြာမီက အမေရိကန်အပါအဝင် တောင်ကိုရီးယားလည်းပါဝင်လာရာ  ချစ်ပ်ဖြင့် ဖုန်းအပါအဝင် နည်း ပညာမြင့် အီလက်ထရောနစ်ထုတ်ကုန်များ  ကမ္ဘာ့တစ်ဝန်းအတွက် အဓိကထုတ်လုပ်နေသည့် တရုတ်၏ စီးပွား ရေးချိနဲ့အောင် လုပ်ဆောင်မှုမှာ ပို၍ပြင်းထန်လာသည်။ ထိုကန့်သတ်မှုများထဲတွင် Samsung Electronics နှင့် SK Hynix တို့မှာ အမေရိကန်၏ကန့်သတ်မှုကြောင့် အန္တရာယ်ရှိလာနေသည်။
   Samsung Electronics နှင့် SK Hynix တို့သည် ကမ္ဘာတစ်ဝှမ်းတွင် မန်မိုရီ ချစ်ပ်များ ထုတ်လုပ်သည့် အကြီးဆုံး ကုမ္ပဏီ နှစ်ခုဖြစ်ပြီး၊ ၎င်းတို့နောက်တွင် အမေရိကန်အခြေစိုက် Micron က တတိယနေရာတွင် ရှိနေသည်။ Memory ချစ်ပ်များသည် ကွန်ပျူတာများ၊ စမတ်ဖုန်းများနှင့် တက်ဘလက်များတွင် အသုံးပြုသော သိုလှောင်မှုကိရိယာများဖြစ်သည်။  
   ဟီရိုရှီးမားတွင် ကျင်းပသည့် G-7 အစည်းအဝေးအပြီးတွင် တရုတ်နိုင်ငံ၏ Cyberspace Administration of China သို့မဟုတ် CACက "နိုင်ငံတော်လုံခြုံရေးအန္တရာယ်ကြောင့် Micron Technology မှထုတ်လုပ်သော ထုတ် ကုန်များဝယ်ယူခြင်းကိုရပ်တန့်ရန်" တရုတ်နိုင်ငံရှိအရေးကြီးသောသတင်းအချက်အလက် အခြေခံ အော် ပရေတာများကို တောင်းဆိုသည့်ကြေညာချက်ထုတ်ပြန်ခဲ့သည်။
   တရုတ်၏ ထိုကန့်သတ်ချက်က အမေရိကန်ကို ထိခိုက်စေခဲ့သည်။ အမေရိကန် ကူးသန်းရောင်း ဝယ် ရေးဌာနက  ထုတ်ပြန်ခဲ့သည့် တားမြစ်ချက်ကို ပယ်ချခဲ့ပြီး၊ အမေရိကန်၏ အကြီးဆုံးသော Micron Memory Chipmaker မှ CAC ၏ အကြောင်းကြားစာကို လက်ခံရရှိထားကြောင်း၊ ထုတ်ပြန်ချက်ကို သုံးသပ်အကဲဖြတ်ပြီး နောက်ခြေလှမ်းများကို အကဲဖြတ်နေကြောင်း တရုတ်အာဏာပိုင်များနှင့် ဆွေးနွေးမှုများ ဆက်လက် လုပ် ဆောင်ရန် မျှော်လင့်ကြောင်း ထုတ်ပြန်ခဲ့သည်။ 
   တရုတ်၏ နှစ်လနီးပါးကြာ စုံစမ်းစစ်ဆေးပြီးနောက် Micron ကိုပိတ်ဆို့ရန် တရုတ်နိုင်ငံ၏ဆုံးဖြတ်ချက် နှင့် ပတ်သက်သည့်သတင်းသည် တရုတ်နိုင်ငံရှိ နိုင်ငံခြားစီးပွားရေးအသိုင်းအဝိုင်းကို တုန်လှုပ်သွားစေခဲ့သည်။၎င်း ကုမ္ပဏီသည် အမေရိကန်က အောက်တိုဘာလတွင် ဝါရှင်တန်က ပို့ကုန်ထိန်းချုပ်မှုများပထမဆုံး ပြုလုပ်ပြီး နောက် တရုတ်၏ စစ်ဘက်ဆိုင်ရာ စွမ်းရည်များကို ချဲ့ထွင်ရန် အသုံးပြုခြင်းမှ ကာကွယ်ရန်အတွက် chipmaker အချို့ကို အမေရိကန်လုပ် အစိတ်အပိုင်းများနှင့် ကိရိယာများပေါ်တွင် ပို့ကုန်ထိန်းချုပ်မှုများ ပြုလုပ်ပြီးနောက် ပေကျင်း၏ ပစ်မှတ်ထားရမည့် chipmaker ဖြစ်လာသည်။
   Micron ၏ထုတ်ကုန်များကို ဆဲလ်ဖုန်းများ၊ ကိုယ်ပိုင်ကွန်ပျူတာများနှင့် ဆာဗာများတွင် အသုံးပြုကြ သည်။ ၎င်းတို့၏ အစိတ်အပိုင်းများကို မော်တော်ကား၊ စက်မှုလုပ်ငန်းနှင့် စားသုံးသူဈေးကွက်များတွင်လည်း တွေ့ ရှိနိုင်သည်။ ကမ္ဘာ့အကြီးဆုံး တစ်ပိုင်းလျှပ်ကူးပစ္စည်းဝယ်ယူသူဖြစ်သည့် တရုတ်နိုင်ငံသည် နှစ်ပေါင်းများစွာ ကိုယ် ပိုင် ဖူလုံရေးဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေးမှုတစ်စိတ်တစ်ပိုင်းအဖြစ် နိုင်ငံခြားလုပ်ချစ်ပ်များပေါ်တွင် ၎င်း၏ မှီခိုအားထားမှုကို တဖြည်းဖြည်းလျှော့ချခဲ့သည်။
   Micron တွင် တရုတ်နိုင်ငံ ရှန်ဟိုင်း၊ ရှီအန်း နှင့် ရှန်ဇန်း တို့တွင် ရုံးများရှိပြီး ရှီအန်းတွင် စမ်းသပ်ခြင်းနှင့် တပ်ဆင်ခြင်းဆိုင်ရာ စက်ရုံများရှိသည်။ အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲကြောင့် တရုတ်နိုင်ငံသည် Micron ၏ အကြီးဆုံးဈေးကွက် မဟုတ်တော့ပေ။ ၎င်း၏ ၂၀၂၂ခုနှစ် ဘဏ္ဍာရေးအစီရင်ခံစာနှင့် အခြား အစီရင် ခံစာများအရ တရုတ်နိုင်ငံမှရသည့်၀င်ငွေသည် ၂၀၁၈ ခုနှစ်တွင် ၎င်းကမ္ဘာ့ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၇ ဘီလီ ယံမှ ၅၇ ရာခိုင်နူန်း သို့မဟုတ် ယမန်နှစ်ဝင်ငွေ ဒေါ်လာ ၃.၂၆ ဘီလီယံ ၏ ၁၀.၈ ရာခိုင်နူန်း အထိ ကျဆင်းသွားခဲ့ သည်။
   တရုတ်ဘက်က Micron ကို ပိတ်ဆို့ခြင်းသည် တရုတ်နိုင်ငံနှင့် အခြားနိုင်ငံများကို ထိခိုက်စေသည့် အမေရိကန်နှင့် မဟာမိတ်များ၏ပိတ်ဆို့ကန့်သတ်မှုကို  ပထဝီဝင်နိုင်ငံရေးအရ လက်တုံ့ပြန်ခြင်းဖြစ်သည်ဟု စီးပွားရေးပညာရှင်များက ယူဆကြသည်။ တရုတ်စျေးကွက်မှ Micron ပိတ်ပင်မှုကြောင့် ပြည်တွင်းဈေးကွက်ကို ထိခိုက်စေသော်လည်း Samsung နှင့် Hynix တို့သည် Micron ၏ စျေးကွက်ဝေစုကို သိမ်းပိုက်နိုင်မည်ဖြစ်ရာ ရေရှည်တွင် အမေရိကန်အတွက် စီးပွားရေးနှင့် နိုင်ငံရေးအရပါ အထိနာစေနိုင်သည်ဟုဆိုကြသည်။ 
   ထိုသည်က အမေရိကန်ဘက်က တရုတ်ဘက်သို့ ချစ်ပ်ကန့်သတ်ခြင်းကြောင့် ဖြစ်လာသည့် စီးပွား ရေးဆိုင်ရာ ပထမဆုံးသက်ရောက်မှုပင် ဖြစ်လေသည်။
   လင်းသစ်အောင်