【 အလှအပနှင့်ကျန်းမာရေး 】“ ပိုးလေးဖက်နာ ”
လေးဖက်နာရောဂါလို့ပြောမယ်ဆိုရင်
- ပိုးလေးဖက်နာ (ဘက်တီးရီးယားပိုး ကြောင့်ဖြစ်တဲ့လေးဖက်နာRheumatic Fever)
- အရေပြားလေးဖက်နာ (SLE)
- သွေးလေးဖက်နာ (RA) ဆိုပြီး အမျိုးအစားတွေမတူကြပါဘူး။
(သွေးလေးဖက်နာနဲ့အရေပြားလေးဖက်နာကတော့ ကိုယ်ခံအားစနစ်ချို့ယွင်းမှုကြောင့်ဖြစ်တဲ့ရောဂါတွေဖြစ်ပါတယ်။)
ပိုးလေးဖက်နာဆိုတာကတော့ လည်ချောင်းနာခြင်းကိုအဓိကဖြစ် စေတဲ့ streptococcal လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့်ဖြစ်တဲ့ ရောဂါဖြစ်ပါတယ်။
ပိုးလေးဖက်နာရောဂါဟာ အသက် ၅ နှစ် နဲ့ ၁၅ နှစ်ကြားအသက်ငယ်ရွယ်သူတွေမှာအဖြစ်များတဲ့ရောဂါဖြစ်ပါတယ်။
ပိုးလေးဖက်နာရောဂါရဲ့လက္ခဏာတွေကတော့
၁- ကိုယ်အပူချိန်တက်ခြင်း
၂-လက်ဆစ်၊ခြေဆစ်၊တံတောင်ဆစ်၊ဒူးခေါင်း စသည့် အဆစ်အမြစ်များနာကျင် ရောင်ရမ်းခြင်း
၃- ပင်ပန်းနွမ်းနယ်ခြင်း
၄- ခန္ဓာကိုယ်တွင်အနီကွက်များထွက်ခြင်း
၅- အရေပြားအောက်တွင်အနီ အလုံးအဖုများထွက်ခြင်း
၆- Chorea လို့ခေါ်တဲ့အကြောဆွဲခြင်း
၇- နှလုံးရောင်ရမ်းခြင်းကြောင့် ရင်ဘတ်အောင့်ခြင်း စတဲ့ ရောဂါလက္ခဏာတွေခံစားရနိုင်ပါတယ်။
ပိုးလေးဖက်နာရောဂါရှိမရှိကို
- ရောဂါရာဇဝင်မေးမြန်း၍စမ်းသပ်စစ်ဆေးခြင်း
- သွေးစစ်ဆေးခြင်း
- နှလုံး ECG ဆွဲခြင်း
- Echocardiogram ဟုခေါ်သော နှလုံးတယ်လီဗေးရှင်း
စမ်းသပ်စစ်ဆေးခြင်း များ ပြုလုပ်၍ရောဂါရှိမရှိသိနိုင်ပါတယ်။
ပိုးလေးဖက်နာရောဂါကိုဘယ်လိုကုသနိုင်ပါသလဲ?
ပိုးလေးဖက်နာရောဂါကိုရောဂါအခြေအနေပေါ်မူတည်၍
- ပိုးသတ်ဆေး
- အကိုက်အခဲပျောက်ဆေးများနဲ့ကုသနိုင်ပါတယ်။
ပိုးလေးဖက်နာရောဂါကို သေချာမကုသရင်တော့ရဲ့နောက်ဆက်တွဲအနေနဲ့ နှလုံးအဆို့ရှင်ပျက်စီး ခြင်းကြောင့်
၁- နှလုံးအဆို့ရှင်ကျဉ်းခြင်း
၂- နှလုံးအဆို့ရှင်မလုံခြင်း
၃- နှလုံးကြွက်သားများပျက်စီးခြင်း ကြောင့် နှလုံးခုန်နှုန်းမမှန်ခြင်းစတဲ့ နောက်ဆက်တွဲရောဂါတွေခံစားရနိုင်ပါတယ်။
ASO တက်နေတယ်ပိုးလေးဖက်နာဖြစ်နေပြီလား?
- ပိုးလေးဖက်နာရောဂါဟုတ်မဟုတ်ကို ဆရာဝန်နဲ့ပြသပြီးတိုင်ပင်သင့်ပါတယ်။
- ASO ဆိုတာကတော့ streptococcal ဘက်တီးရီးယားပိုးဝင်ခြင်းကြောင့်ဖြစ်တဲ့ ဓါတ်ခွဲစမ်းသပ်မှုဖြစ်ပြီးASO တက်ရုံနဲ့ပိုးလေးဖက်နာလို့ သတ်မှတ်လို့မရပါဘူး။
- လည်ချောင်းနာခြင်း၊အရေပြားပိုးဝင်ခြင်းစတာတွေမှာလည်း ASO တက်နိုင်တာဖြစ်လို့ မိမိသဘောနဲ့ ပိုးသတ်ဆေးသောက်တာမျိုးမလုပ်ပဲတတ်ကျွမ်းနားလည်တဲ့ဆရာဝန်ထံမှာသွားရောက်ပြသဖို့အကြံပြုလိုပါတယ်။
Dr.Phyu
Photo credit- Centers for Disease Control and Prevention