【 ဆောင်းပါး 】 “ရှောင်လွှဲမရသည့် လောကဓံတရား”

【 ဆောင်းပါး 】 “ရှောင်လွှဲမရသည့် လောကဓံတရား”

ကျွန်တော်တို့ လူ့ဘဝမှာရှင်သန်နေကြရပါတယ်။နေထိုင်စားသောက်ရေးတွေ အဆင်ပြေသည်ဖြစ်စေ အဆင်မပြေသည်ဖြစ်စေ ကြုံတွေ့နေကြရမယ့် လောကဓံတရားတွေကိုတော့ ရင်ဆိုင်ကြုံတွေ့နေကြရမှာပါပဲ။ပစ္စည်းလာဘ်လာဘ ရခြင်း၊ မရခြင်း (လာဘော/အလာဘော)။အခြွေအရံ ရှိခြင်း၊ မရှိခြင်း (ယသော/အယာသော)။အကဲ့ရဲ့ခံရခြင်း၊ ချီးမွန်းခံရခြင်း (နိန္ဒာ/ပသံသာ)။ကိုယ်စိတ်ချမ်းသာခြင်း၊ ကိုယ်စိတ်ဆင်းရဲခြင်း (သုခံ/ဒုက္ခံ) ဆိုတဲ့ အကြောင်းတရားတွေဖြစ်ပါတယ်။

တချို့လူတွေ (အနည်းငယ်) လောကဓံအကောင်းတွေကို ကြုံတွေ့နေရတယ်။အဲဒီလို လောကဓံအကောင်းတွေကိုချည်း ကြုံတွေ့နေရတဲ့အခါ မိမိကိုယ်ကိုယ်အထင်ကြီးနေတတ်တယ်။ငါစွဲအတ္တတွေ ဖုံးကွယ်နေတတ်ပါတယ်။နောက်တစ်ခုက တခြားသူတွေကိုကဲ့ရဲ့တတ်တာတွေ၊ အလွန်အမင်း မလိုစိတ်ထားပြီး ကဲ့ရဲ့တတ်တဲ့လူတွေ ရှိနေပါသေးတယ်။အဲဒီလို တခြားသူတွေကို မလိုမုန်းထားပြီး ကဲ့ရဲ့နေတတ်သူတွေကိုယ်တိုင်လည်း မကောင်းမှုမပြုဘူးသူတွေမရှိပါဘူး။ရှိနေမယ်ဆိုရင်လည်း အလွန်ရှားပါးပါလိမ့်မယ်။အဲဒီလူတွေကိုကြည့်လိုက်ရင် မကျေနပ်မှုကို အရင်းခံပြီး တခြားသူဘာလုပ်လုပ် မကောင်းပြောဖို့ပဲ စိတ်ထဲရှိနေကြတယ်။ပညာမဲ့သူတွေမှာ ပိုပြီးတွေ့ရတတ်ပါတယ်။

အခု ကျွန်တော်တို့တိုင်းပြည်မှာ ဆင်းရဲဒုက္ခတရားကို ကြုံတွေ့နေရသူတွေ ပိုများနေပါတယ်။ကမ္ဘာပေါ်က နိုင်ငံတွေမှာ ကိုဗစ်-၁၉ ကူးစက်မြန်ဗိုင်းရပ်စ် ရောဂါကပ်ဆိုးကြီးကို ကြုံတွေ့နေကြရပြီး ဖြတ်ကျော်နိုင်ဖို့ အတော်ကြီးကိုကြိုးစားနေရတဲ့အချိန်ဖြစ်ပါတယ်။အဲဒီလိုပါပဲ ကျွန်တော်တို့တိုင်းပြည်မှာလည်း ကိုဗစ်-၁၉ ကူးစက်မြန် ရောဂါကပ်ဆိုးကြီးကို ရင်ဆိုင်နေရတဲ့အချိန်ဖြစ်ပါတယ်။ဒီကပ်ရောဂါဆိုးကြီးကြောင့် နေထိုင်စားသောက်သွားလာမှုတွေ အခက်အခဲဖြစ်နေကြပါတယ်။

နေမျိုးအောင်နဲ့ စိုးမြတ်သူဇာတို့ ပါဝင်သရုပ်ဆောင်ခဲ့ကြတဲ့ ဗီဒီယိုကားနာမည် “လောကဓံ” ကို အမှတ်ရပြီး ရေးလိုက်တာပါ။လူတွေကျင်လည်နေကြရတဲ့ ဘဝပေါင်းစုံမှာ ရှောင်လွှဲလို့မရတဲ့ လောကဓံတရားတွေကို ကြုံတွေ့နေရပါတယ်။ ‘လောကဓံ’ တရားထဲမှာပါတဲ့ စိတ်ဆင်းရဲခြင်းတွေကြောင့် ဘဝပြဿနာတွေ၊ ချစ်သူကြားမှာလည်း အထင်လွဲမှုတွေ၊ ကိုယ်လုပ်ခဲ့မိတဲ့အမှားက တစ်ချိန်မှာပြန်ပေါ်လာခဲ့ရင် အမှားလုပ်မိခဲ့တဲ့ဒဏ်ကို ပြန်ခံရမှာပဲလေ။အမှန်တရားပျောက်ဆုံးနေတဲ့ တိုင်းပြည်မှာတော့ အမှုမှန်သဲလွန်စတွေတောင် ပျောက်ကွယ်နေတာကို တွေးကြည့်မိလိုက်တယ်။အဲဒီဗီဒီယိုဇာတ်ကားထဲကလို ဘဝတွေအများကြီးရှိနေပါတယ်။အမှန်တကယ်ဖြစ်ပျက်နေတာတွေကို သေသေချာချာမသိပဲ သံသယနဲ့ စိတ်လိုက်မာန်ပါ ဒေါသနဲ့ဖြေရှင်းလိုက်ရင် မဖြစ်သင့်တဲ့ အဖြစ်ဆိုးတွေနဲ့ ဇာတ်သိမ်းကြရမှာပါပဲ။ကျွန်တော်တခါတလေတွေးနေမိတယ်။အမှန်တရားကို နတ်စောင့်တယ်ဆိုရင် အဲဒီအမှန်တရားကိုစောင့်တဲ့နတ်ဆိုတာ ဒဏ္ဍာရီထဲပြန်ရောက်သွားပြီလား။အမှန်တကယ်တော့ ကျွန်တော်တို့နေထိုင်နေတဲ့နေရာမှာ အမှန်တကယ်ဖြစ်ပေါ်ခဲ့တာတွေ အမှုမှန်ပေါ်သွားခဲ့တာ ဗီဒီယိုရုပ်ရှင်ကားတွေထဲမှာပဲရှိနေသလိုဖြစ်နေတယ်။

အဲဒီလိုပါပဲ။အင်မတန်ချစ်ခင်ကြတဲ့ မိသားစုတစ်ခုမှာ မထင်မှတ်ထားတဲ့အကြောင်းအရာတစ်ခုကြောင့် ‘သံသယ’ တွေ ဖြစ်ပေါ်လာပြီး အမုန်းတရားတွေဖြစ်ပေါ်လာတတ်တာတွေလည်း ဖြစ်ပေါ်လာတတ်ပါတယ်။

ကောင်းကင်တခိုပြိုမလို ဇာတ်လမ်း

အဲဒီအကြောင်းကို ဒါရိုက်တာနေပိုင်နဲ့ ကျွန်တော် ပြောဆိုနေရာကနေ ဗီဒီယိုဇာတ်လမ်းတစ်ပုဒ်ဖြစ်လာခဲ့တယ်။အဲဒီဗီဒီယိုဇာတ်လမ်းကို ကျွန်တော်ရေးပြီး ဇာတ်ကားနာမည်ကို “ကောင်းကင်တခိုပြိုမလို” ဆိုပြီး ပေးလိုက်ပါတယ်။

ကျွန်တော်နဲ့ ကိုနေပိုင် စကားပြောရင်းဖြစ်လာတဲ့ ဇာတ်လမ်းကို ‘နေမြတ်’ ဆိုတဲ့ ဇာတ်လမ်းရေးသူနေရာမှာ ရေးလိုက်ပါတယ်။ “ဂျော်လီဆွေနှင့် ညီအစ်ကိုများ” ဗီဒီယိုထုတ်လုပ်ရေးက သရုပ်ဆောင်မင်းသား မြင့်မြတ်နဲ့ ဗီဒီယိုဇာတ်ကားရိုက်ချင်လို့ဆိုပြီး ဒါရိုက်တာကိုနေပိုင် က “ကောင်းကင်တခိုပြိုမလို” ဇာတ်လမ်းကိုပေးလိုက်တယ်။

အဲဒီ “ကောင်းကင်တခိုပြိုမလို” ဗီဒီယိုဇာတ်ကားကို သရုပ်ဆောင် မြင့်မြတ်၊ ဝိုင်းစုခိုင်သိန်း၊ ဇင်ဝိုင်းတို့နဲ့ ရိုက်ဖြစ်ခဲ့တယ်။လောကမှာ ကြောက်စရာအကောင်းဆုံးအရာက ‘သံသယ’ ဆိုတဲ့ အရာပါပဲ။အင်မတန်ရိုးသားပြီး မိသားစုအပေါ် ကြိုးစားလုပ်ကိုင်ကျွေးမွေးနေတဲ့ ဖခင်နေရာက လူတစ်ယောက်တောင် အများအပြောနဲ့ အထင်အမြင်မှားပြီး သံသယဝင်သွားခဲ့မယ်ဆိုရင် လူဆိုးတစ်ယောက်ဖြစ်သွားတတ်တယ်။

အမှန်တကယ်စဉ်းစားကြည့်မယ်ဆိုရင် သံသယဆိုတဲ့အရာဆိုတာ စိတ်ခံစားမှုကို ရှေ့တန်းတင်လိုက်တာပါ။မိမိတကယ်ချစ်တဲ့သူတစ်ယောက်ဟာ အတိတ်မှာဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ပါစေ၊ တကယ်ချစ်မိပြီဆိုရင် ဘယ်သူတွေ ဘာပဲပြောပြော၊ ဘာတွေပဲကြားကြား ခွင့်လွှတ်နိုင်ရမယ်။အဲဒီလိုဖြစ်မှ အမှန်တကယ်ချစ်မြတ်နိုးတာဖြစ်မှာပေါ့။ဘေးလူတွေ လုပ်ကြံဖန်တီးပြီး ပြောဆိုနေတဲ့ မုသားစကားတွေကိုကြားရုံနဲ့ သံသယဖြစ်ပြီး ဒေါသကို ရှေ့တန်းတင်လိုက်ကြမယ်ဆိုရင် ‘သူ့ကိုချစ်တာ မဟုတ်တော့ဘူး၊ ကိုယ့်ကိုယ်ကိုယ်ချစ်တာ’ လို့ ပြောရပါလိမ့်မယ်။

အခုအချိန်လိုပေါ့။လူတွေဟာ အမှားစကားကိုယုံကြည်နေကြတဲ့လူတွေ ပိုများနေတယ်။အဲဒီမုသားစကားတွေကို ယုံကြည်နေကြတဲ့လူတွေဟာ တိုင်းပြည်ကို တကယ်ချစ်ခဲ့ကြတာလား။အမှန်တရားတွေ ပျောက်ဆုံးနေကြရင်တော့ အဆိုးတွေကိုပဲ ကြုံတွေ့နေရတော့မှာပါပဲ။အခုအချိန်မှာ လူတွေစာမဖတ်ကြတော့ဘူး။တိုင်းပြည်တစ်ပြည်မှာ စာပေအနုပညာ အညွှန့်ကျိုးကျသွားပြီဆိုရင် လူတွေရဲ့အသိဉာဏ်တွေမဲ့သွားပြီး အမှားတွေ ပိုကျူးလွန်ကြမှာပါပဲ။ကျွန်တော်ဇာတ်လမ်းနာမည်ပေးခဲ့သလို “ကောင်းကင်တခိုပြိုမလို” ဖြစ်နေပြီ။

အမှန်တရားကိုပြန်ရှာတွေ့သွားတဲ့ ပုလင်းကွဲ

လောကမှာ မဆိုးချင်ပဲနဲ့ ဆိုးနေကြတဲ့လူတွေရှိနေပါတယ်။လူတစ်ယောက်ကိုကြည့်မယ်ဆိုရင် အဲဒီလူရဲ့ ပင်ကိုယ်ဗီဇစရိုက်ကိုကြည့်ရမှာပါ။တချို့လူဆိုးတွေက ဆိုးခွင့်ရလို့ဆိုးနေကြတာကို တွေ့ရပါတယ်။အမှန်တကယ်က လူဆိုးနဲ့ လူမိုက် ခွဲခြားနိုင်ပါတယ်။လူဆိုးတစ်ယောက်ထက် လူမိုက်တစ်ယောက်က ပိုသတ္တိရှိနေတတ်တယ်။ဒါပေမယ့် လူမိုက်တစ်ယောက်အနေနဲ့ ဘယ်လိုအခြေအနေ၊ ဘယ်လိုအနေအထားမှာ သတ္တိကိုထုတ်သုံးပြလဲ။သူ့လိုသတ္တိမရှိတဲ့လူတွေကို ဗိုလ်ကျစိုးမိုးပြီး သူ့မှာရှိတဲ့သတ္တိကိုပြနေတာလား။တချို့လူမိုက်တွေက နေရာတိုင်းမှာ သတ္တိရှိတာကိုမပြကြဘူး။အမှန်တရားလို့ ယုံကြည်တဲ့အချိန်မှာ သတ္တိကိုပြကြတယ်။

ကျွန်တော်တို့ ထောင်ကျခဲ့စဉ်အချိန်မှာ လူဆိုး၊ လူမိုက်တွေကို တွေ့ကြုံဖူးပါတယ်။အမည်နာမကိုတော့ မဖော်ပြချင်ပါဘူး။ကျွန်တော်တို့ နိုင်ငံရေးအကျဉ်းသားတွေကို အမြဲကူညီပေးတတ်တဲ့ လူမိုက်တစ်ယောက်ရှိပါတယ်။တခြားလူဆိုးလူမိုက်တွေလို အခွင့်အရေးလဲမယူတတ်ဘူး။လူတွေနဲ့လည်း သိပ်အပေါင်းအသင်းမလုပ်ဘူး။အဲဒီလူမိုက်ကို ကျန်တဲ့လူဆိုးလူမိုက်တွေက ကြောက်လန့်ကြတယ်။

ကျွန်တော်တွေးနေမိတာက အဲဒီလူမိုက်က တစ်ခါမှရန်ဖြစ်တာလည်းမတွေ့ဖူးဘူး။လူပုံစံကလည်း လူမိုက်တစ်ယောက်နဲ့မတူပါဘူး။စကားပြောရင်လည်း အေးအေးဆေးဆေးပြောတတ်တယ်။အဲဒီလိုလူတစ်ယောက်က ဘာလို့လူမိုက်ဖြစ်နေရသလဲပေါ့။

ဒါပေမယ့်။တစ်နေ့မှာတော့ သိလိုက်ရတယ်။ကျွန်တော်တို့ထောင်ထဲကအဆောင်မှာ အဆောင်မှူးတာဝန်ကျတဲ့ ထောင်မှူးတစ်ယောက်ရှိတယ်။ကျွန်တော်တို့ နိုင်ငံရေးအကျဉ်းသားတွေကိုတော့ ပုံမှန်ဆက်ဆံတယ်။တခြားအကျဉ်းသားတွေကိုတော့ ဖိနှိပ်တတ်သလို၊ ပေးကမ်းနိုင်ရင်တော့ ဦးစားပေးတတ်တယ်။ထောင်မှူးကလဲ ထောင်ထောင်မောင်းမောင်းနဲ့ ဟိတ်ဟန်ကောင်းတယ်။

တစ်နေ့မှာ ကျွန်တော်တို့အခန်းပြင်ထွက်ခွင့်ရနေတဲ့အချိန်၊ လမ်းလျှောက်စကားပြောနေတဲ့ ကျွန်တော်တို့ကိုဖြတ်ပြီး ထောင်မှူးပြေးသွားတာကို တွေ့လိုက်ရတယ်။ထွက်ပြေးသွားတဲ့ ထောင်မှူးနောက်က စောစော ကျွန်တော်ပြောတဲ့လူမိုက်က စကေဘာ (သံချွန်) ကိုင်ပြီး လိုက်နေတာကို ကျွန်တော်တို့ကြောင်ပြီးကြည့်နေကြတယ်။ထွက်ပြေးသွားတဲ့ ထောင်မှူးက “ထောင်ဗူးတံခါးအမြန်ဖွင့်” ဆိုပြီး အော်ပြောလာတယ်။ထောင်ဗူးတံခါးအမြန်ဖွင့်လိုက်လို့ ထောင်မှူးကို နောက်ကလိုက်ပြီး စကေဘာနဲ့ထိုးတဲ့ရန်ကလွတ်သွားတယ်။ခဏနေတော့ ကျွန်တော်တို့ကို အခန်းထဲပြန်ဝင်ခိုင်းပြီး တံခါးတွေသော့ခတ်လိုက်တယ်။ညနေထောင်ပိတ်ချိန်မှာ အကျဉ်းသားတွေကို ထောင်ပုံစံထိုင်ထားခိုင်းတယ်။

အဲဒီအချိန်မှာပဲ ထောင်ထဲကို ထောင်ဝါဒါတွေ နံပါတ်တုတ်တွေကိုယ်စီကိုင်ပြီး တန်းစီဝင်လာတယ်။နောက် အဲဒီလူမိုက်ကို ခြေကျင်းခတ်၊ လက်နောက်ပြန်ကြိုးချည်ပြီး ခေါင်းကိုအဝတ်အိတ်စွပ်ပြီး ထောင်ဝါဒါတွေ ခေါ်ထုတ်လာကြတယ်။ဗဟိုကင်းရုံးရှေ့မှာ အဲဒီလူမိုက်ဒူးခေါင်းကို နောက်ကစစ်ဖိနပ်နဲ့ကန်လိုက်တော့ မှောက်လျှက်လှဲကျသွားတယ်။
မှောက်လျက်လှဲကျနေတဲ့ လူမိုက်ကို ထောင်ဝါဒါတွေ နံပါတ်တုတ်တွေနဲ့ဝိုင်းရိုက်ကြတာ သတိလစ်သွားတဲ့အထိပဲ။သတိလစ်သွားတဲ့ လူမိုက်ကို ခြေထောက်နှစ်ဖက်ဆွဲခေါ်သွားပြီး ထောင်အခန်းတံခါး သော့ခတ်ပိတ်လိုက်တယ်။ညဘက်ကျတော့ အဲဒီလူမိုက်က ဆေးပေါလိပ်ထသောက်နေတယ်တဲ့။အဲဒီတော့မှ တကယ့်လူမိုက်ဆိုတာကို တွေ့ဖူးသွားရတယ်။

အခု ကျွန်တော်ဇာတ်ညွှန်းရေးရမယ့်ဇာတ်လမ်းက စာရေးဆရာမ ‘မူပိုင်နှင်းဆီ’ ရေးထားတဲ့ အချစ်လုံးချင်းဝတ္ထု။အဲဒီဇာတ်လမ်းထဲမှာ အဓိကဇာတ်ကောင်က လူမိုက်တစ်ယောက်။ဝတ္ထုထဲက ဇာတ်လိုက်လူမိုက်ကို ကျွန်တော်တွေ့ခဲ့ဖူးတဲ့ လူမိုက်ပုံစံပြောင်းရေးလိုက်တယ်။ဝတ္ထုအမည်ရော၊ ဗီဒီယိုဇာတ်ကားအမည်ပါ “ပုလင်းကွဲ”။

ဇာတ်လမ်းထဲက လူမိုက်က နောက်ဆုံးမှာ ကလေးတစ်ယောက် ပုလင်းကွဲတွေလိုက်ကောက်နေတာမြင်ပြီး မေးလိုက်တယ်။ကလေးငယ်က ပုလင်းကွဲတွေကိုထောင်းပြီး အမှုန့်ကို ထမင်းရည်သုတ်ပြီး ကောင်းကင်ပေါ်မှာလွှတ်တင်ထားတဲ့ စက္ကူစွန်တွေကိုဖြတ်ချဖို့ စွန်လွှတ်ကြိုးလုပ်ရောင်းဖို့တဲ့။အသုံးမဝင်တော့ဘူးလို့ထင်ထားရတဲ့ ပုလင်းကွဲတောင်မှာ သုံးတတ်ရင် အသုံးဝင်သေးတာပဲဆိုတဲ့ အဲဒီစကားလေးက ဇာတ်လိုက်ကို လူကောင်းဖြစ်အောင် ပြောင်းလဲပေးလိုက်တယ်။“ပုလင်းကွဲ”ဗီဒီယိုဇာတ်ကားကိုဒါရိုက်တာနေပိုင်ရိုက်ပြီး ကျွန်တော်ဇာတ်ညွှန်းရေးခဲ့တယ်။ “ပုလင်းကွဲ” ဗီဒီယိုဇာတ်ကားမှာ သရုပ်ဆောင်မင်းမော်ကွန်းနဲ့ မိုးဟေကိုတို့ သရုပ်ဆောင်ခဲ့ကြတယ်။
ကျွန်တော်ရေးတဲ့ ဇာတ်ညွှန်းထဲက လူမိုက်ပုံစံနဲ့တူအောင် မင်းမော်ကွန်းလဲ သရုပ်ဆောင်နိုင်ခဲ့တယ်။

မြတ်လှိုင်း
သြဂုတ် - ၂၉