【ဆောင်းပါး】အော်…. ချမ်းသာပေစွ

【ဆောင်းပါး】အော်…. ချမ်းသာပေစွ

လောကမှာချမ်းသာခြင်းကို အမျိုးမျိုးခံယူလျက်ရှိသည်။ တချို့ကငွေကြေးဥစ္စာပေါများ ကြွယ်ဝလျှင် ချမ်းသာသည်ဟုပြောသည်။ တချို့ကရာထူးအာဏာအရှိန်အဝါရှိတာကို ချမ်းသာသည် ဟုဆိုပြန်သည်။ တချို့ ကတော့ ကိုယ်လုပ်ချင်တာလုပ်နေရတာကမှ တကယ်ချမ်းသာတာဟု သတ်မှတ်သည်။

တကယ်တော့ စိတ်ချမ်းသာမှသာ ချမ်းသာခြင်းအစစ်ဖြစ်ပါသည်။ ငွေကြေးဥစ္စာချမ်းသာ ကြွယ်ဝသော်လည်း ထိုစည်းစိမ်ပျက်စီးမှာ ထပ်မတိုးပွားမှာ စိုးရိမ်ကြောင့်ကြနေခဲ့လျှင် စိတ်မချမ်းသာနိုင်ပါ။ ရာထူးအာဏာအရှိန်အဝါအပြည့်အဝရှိပြီး မည်သူကမှ ကိုယ့်ကိုမနှစ်သက်ဘဲ ကိုယ့်ရှေ့ မှာတစ်မျိုး ကိုယ့်ကွယ်ရာမှာ တစ်မျိုး ဆက်ဆံနေကြတာကို သိရလျှင် စိတ်ချမ်းသာပါမည်လား။ ကိုယ်လုပ်ချင်တာလုပ်မည်ဆိုပြီး သူများပိုင်သည့် ပစ္စည်းကိုခိုးယူလုယက်မိလျှင် သူများအပိုင်က ကိုယ့်အပိုင်ဖြစ်လာသော်လည်း ပိုင်ရှင်အစစ်၏မုန်းတီးမှု တရားဥပဒေ၏ အပြစ်ပေးမှုများကြောင့် တကယ်စိတ်ချမ်းသာနိုင်ပါမည်လား။

ပစ္စည်းဥစ္စာဆိုတာ ပိုင်ဆိုင်သူ၏စိတ်ကိုချမ်းသာစေမှသာ စစ်မှန်သောပစ္စည်းဥစ္စာ မည်ပေသည်။ သမ္မာ အာဇီဝနည်းလမ်းနှင့် ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ရှာဖွေစုဆောင်းထားသော ပစ္စည်းဥစ္စာနှင့်ကျေနပ်နိုင်မှသာ စိတ်ချမ်းသာရပေမည်။

ဤသည်ကိုကြည့်လျှင် စိတ်ချမ်းသာရန်အရေးကြီးသော်လည်း တကယ်စိတ်ချမ်းသာချင်လျှင် ပူပင်ကြောင့်ကြမှု ကင်းရှင်းမှဖြစ်ပေမည်။ ပူပန်ကြောင့်ကြမှုမရှိချင်လျှင်လည်း လောဘအလိုကို ဇွတ်မလိုက်ပါမှသာ ဖြစ်မည်။

လောဘဆိုတာကဘယ်တော့မှအတောမသတ်ပါ။ အလိုမပြည့်နိုင်သည့်လောဘကို အလိုပြည့်အောင် စွမ်းဆောင်နိုင်တာက တင်းတိမ်ရောင့်ရဲတတ်တာပါ။ ကိုယ်ရသင့်တာထက်ပိုလိုချင် စိတ်မရှိဘဲ ကိုယ်ရသင့်သလောက်ရတာနှင့်ပဲ တင်းတိမ်ရောင့်ရဲလိုက်လျှင် လောဘအလိုပြည့်သွားပါသည်။

ပစ္စည်းဥစ္စာ ရာထူးအာဏာရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ကြောင့်ကြမှုကင်း ဒုစရိုက်ကင်း အကုသိုလ် ကင်းလျှင် အမှန်တကယ်စိတ်ချမ်းသာမှုရပါသည်။

ငါးရာ့ငါးဆယ်လာ သုခဝိဟာရိဇာတ်မှာ တင်းတိမ်ရောင့်ရဲစိတ်နှင့်အလိုလောဘကင်းကင်း နေရလျှင် စိတ်ချမ်းသာကြောင်းပြောထားတာကို တင်ပြချင်ပါသည်။

ဗာရာဏသီပြည်မှာ ဗြဟ်မဒတ်မင်းကြီးအုပ်ချုပ်သည်။ ဘုရားလောင်းသည် ဥဒိစ္စပုဏ္ဏား သူကြွယ်ဖြစ်သည်။ ကာမဂုဏ်၏အပြစ်ကိုဆင်ခြင်မိသည့်နောက် ဟိမဝန္တာသို့သွားကာ ရသေ့ဝတ်နှင့်တရားအားထုတ်သည်။ မကြာမီမှာပင် စျာန်သမာပတ်နှင့်ပြည့်စုံသည်။ အခြံအရံအဖြစ် တပည့်ရသေ့ငါးရာလည်းရှိလာသည်။

တစ်ခုသော မိုးရာသီတွင် ရသေ့ကြီးသည် သူ့နောက်ပါ တပည့်များနှင့်အတူ တောမှထွက်ကာ ဗာရာဏသီမြို့သို့ရောက်လာသည်။ ဘုရင်မင်းမြတ်သည် ရသေ့ကြီးကိုမြင်ပြီး ကြည်ညိုလေးစားသဖြင့် သူတို့တစ်ဖွဲ့လုံးကို နန်းတော်၏ဥယျာဥ်မှာသီတင်းသုံးစေသည်။ ရသေ့ကြီးလည်းမိုးရာသီ လေးလပါတ်လုံးဘုရင့်ဥယျာဥ်ထဲမှာပင် အေးအေးဆေးဆေးသီတင်းသုံးသည်။ ဘုရင်ကြီးကလည်း ရသေ့ကြီးတို့လိုအပ်ချက်များကိုအစွမ်းကုန် ဖြည့်ဆည်းပေးသည်။

မိုးရာသီကုန်ဆုံးသောအခါ ရသေ့ကြီးသည်သူ့တပည့်များနှင့်အတူ ဟိမဝန္တာသို့ပြန်ရန်ပြင်ဆင်သည်။ ထိုအခါ ဘုရင်ကြီးက ရသေ့ကြီးသည် အသက်လည်းကြီးနေပြီဖြစ်၍ အပင်ပန်းမခံဘဲ သူ့ ဥယျာဥ်မှာပဲဆက်လက် သီတင်းသုံးနေရန်လျှောက်ထားသည်။ ရသေ့ကြီးလည်း ဘုရင်ကြီး၏စကားကို လက်ခံပြီး တပည့်တွေထဲမှစိတ်ချရသည့် တပည့်ကြီးကို မှာစရာရှိတာမှာပြီး ရသေ့များကိုအုပ်ချုပ်ကာပြန်သွားစေသည်။ သူကတော့ ဥယျာဥ်တော်တွင် တစ်ပါးတည်းဆက်လက်သီတင်းသုံးကာ ကျန်နေခဲ့လိုက်သည်။

ကာလအတန်ကြာသောအခါ ဆရာရသေ့၏တပည့်ကြီးသည် ဆရာဖြစ်သူကိုသတိရသဖြင့် နန်းတော် ဥယျာဥ်သို့ရောက်လာကာ ဆရာရသေ့နှင့်တွေ့သည်။ တပည့်ကြီးက ဆရာ့ကိုအရိုသေပေး ကန်တော့ပြီးနောက် ဆရာနှင့်မလှမ်းမကမ်းတွင်ဖျာတစ်ချပ်ခင်းကာ လဲလျောင်းနေသည်။

ထိုအချိန်တွင်ဘုရင်ကြီးက ဆရာရသေ့ကြီးကိုဖူးမြော်ရန်ရောက်လာ၏။ တပည့်ကြီးလည်း လဲလျောင်းနေဆဲ ဖြစ်သည်။ ဘုရင်ကြီးက ရသေ့ကြီးကိုကန်တော့ပြီး အသာထိုင်သည်။ တပည့်ကြီးကိုလည်းတစ်ချက် လှမ်း ကြည့်လိုက်သည်။ တပည့်ကြီးကတော့ လဲလျောင်းနေရုံမက နှုတ်မှလည်း “အော် ချမ်းသာပေစွ ချမ်းသာပေစွ” ဟုရေရွတ်နေလိုက်သေးသည်။

ဘုရင်ကြီးလည်း ဆရာရသေ့၏တပည့်ကြီးဆိုသူကိုကြည့်နေရင်း ဘယ်လိုမှမနေနိုင်တော့ဘဲ ဆရာရသေ့ကြီးကိုပြောမိသည်။

“ဆရာရသေ့ရဲ့တပည့်ကြီးက အစားကောင်းတွေကို စိတ်ရှိတိုင်းစားသောက်ထားပုံရတယ်။ ဒါကြောင့် ချမ်းသာစွာစားနေ အိပ်နေရတာကို ပါးစပ်ကတောင်ဖွင့်ပြီးခံစားနေရှာတယ်”

“မင်းကြီး။ တပည့်ရသေ့သည် ရသေ့မဝတ်ခင် လူ့ဘဝမှာတုန်းက သင်ကဲ့သို့ပင် တိုင်းပြည်အုပ်ချုပ်ရသောဘုရင်တစ်ပါးဖြစ်တယ်။ အခြွေအရံများရဲ့ ဖျော်ဖြေခံခဲ့ရပြီး လက်နက်ကိုင်အရာရှိတွေ ငယ်သားတွေအားလုံးရဲ့ အစောင့်အရှောက်တွေနဲ့ နေခဲ့ရတာပါ။ ဒါပေမယ့် သူမပျော်ရွှင်ခဲ့ဘူး။ သူ့ကိုယ်သူလုံခြုံတယ်လို့တစ်ခါမှ မခံစားရဘူး။ ချမ်းသာသုခဆိုတာ ဘာမှန်းတောင်မသိခဲ့ရရှာပါဘူး။  အခုလိုရသေ့ဝတ်နဲ့နေရတော့မှ အခြံအရံတွေရဲ့ အဖျော်ဖြေမခံရ လက်နက်ကိုင်တွေရဲ့ အစောင့်အရှောက်မခံရပေမယ့် သူ့ဘဝကငြိမ်းချမ်းနေတယ်။ လုံခြုံစိတ်ချရတယ်။ ရသေ့ဘဝရဲ့ငြိမ်းချမ်းမှုရယ် ရရှိထားတဲ့စျာန်သမာပတ်ရဲ့တည်ငြိမ်မှုတွေကြောင့် သူ့ဘဝက တကယ်ချမ်းသာသုခပြည့်စုံနေရတယ်လေ။ ဒါကြောင့် ချမ်းသာစွ ချမ်းသာစွလို့ ပါးစပ်ကကျူးရင့်နေတာ ဖြစ်တယ်”

ဆရာရသေ့ကြီးက ကာမဂုဏ်အာရုံတွေပေါ်မှာ လိုတာထက်ပိုပြီး လောဘမတက်ဘဲ တင်းတိမ်ရောင့်ရဲစွာ နေထိုင်နိုင်လျှင် ချမ်းသာတာပါပဲဟု ရှင်းပြလိုက်သည်။ သည်တော့မှ ဘုရင်ကြီးလည်း “အော် ချမ်းသာပေစွ ချမ်းသာ ပေစွ”ဟုနှုတ်မှဖွင့်ဟကျူးရင့်နေသော တပည့်ရသေ့၏စိတ်ချမ်းသာမှု အစစ်ကိုသဘောပေါက်ကာ သာဓုခေါ်နိုင်ခဲ့ လေသည်။

တကယ်တော့ ချမ်းသာခြင်းအစစ်က တင်းတိမ်ရောင့်ရဲခြင်းပါပဲ။

တင်းတိမ်ရောင့်ရဲခြင်းဆိုတာလည်း ဘာအလုပ်မှမလုပ်ဘဲ ဘာကိုမှမလိုချင်ဘဲ ဖြစ်သလို နေတာကို မဆိုလိုပါ။ ဝိသမလောဘကိုသတ်ကာ ကိုယ့်မှာရှိတာ ကိုယ်ပိုင်ဆိုင်တာ တရားသော နည်းလမ်းနှင့်ရတာတွေကို ကျေနပ်နှစ်သက်ခြင်းကိုသာ ဆိုလိုပါသည်။

ရိုက်မောင်း