【 ဆောင်းပါး 】ဘက်လိုက်မှုကိုတိုက်ဖျက်စို့

【 ဆောင်းပါး 】ဘက်လိုက်မှုကိုတိုက်ဖျက်စို့

၂၀၂၂ နိုင်ငံတကာအမျိုးသမီးများနေ့၏ ဆောင်ပုဒ်မှာ “ ဘက်လိုက်မှုတိုက်ဖျက်စို့” ( Break the Bias) ဖြစ်ပါသည်။ ၃.၇.၂၀၂၂ ရက်နေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့တွင် “၂၁ ရာစုနည်းပညာ ခေတ်ထဲက လုံမပျိုများ” စီမံချက် ( Tech Age Girls) မှ သင်တန်းသူများနှင့် သင်တန်းကို ဦးဆောင်နေသူများက ဖော်ပြပါ “ Break the Bias” ခေါင်းစဉ်ဖြင့်ပင် ဆွေးနွေးပွဲစကားဝိုင်းတစ်ခု ကျင်းပခဲ့ပါသည်။

“နည်းပညာခေတ်ထဲက လုံမပျိုများ” ( Tech Age Girls) ဆိုသော အသုံးအနှုန်းသည် မြန်မာအများစုအတွက် စိမ်းကောင်းစိမ်းနေနိုင်ပါသည်။ သို့သော် ကျေးလက်လူထု အတော်များများကား ဤစကားစုနှင့် ရင်းနှီးနေကြပြီဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် “နည်းပညာခေတ်ထဲက လုံမပျိုများ” ( Tech Age Girls) စီမံချက်ကို ၂၀၁၆ မှ စတင်ခဲ့ပါသည်။ ထိုစီမံချက်အရ ရွေးချယ်ခံသူများကို ၂၀၁၆ မှ ၂၀၂၀ ထိ လူထုအခြေပြုစာကြည့်တိုက်များတွင်  နည်းပညာတတ်မြောက်၊ အသုံးပြုနည်း (ITC) နှင့် ကိုယ်ရည်ကိုယ်သွေးထက်မြက်ရေး ( Soft Skill) စသည့် ဘာသာရပ်များကို သင်ကြားပေးခဲ့ပါသည်။ ၂၀၂၀ ဒီဇင်ဘာတွင်၊ စတင်ကူးစက်လာသော ကိုဗစ်ရောဂါကြောင့်၊ ၂၀၂၁၊ ၂၀၂၂ တွင် အွန်လိုင်းပုံစံဖြင့် ပြောင်းလဲသင်ကြားပေးခဲ့ပါသည်။

“နည်းပညာခေတ်ထဲက လုံမပျိုများ” ( Tech Age Girls) သင်တန်းများကို၊ မြန်မာနိုင်ငံတွင်သာမက၊ တခြားနိုင်ငံများတွင်လည်း သင်ကြား၊ လေ့ကျင့်ပျိုးထောင်ပေးလာသည်မှာ (၁၀) နှစ်ကျော်ခဲ့ပြီဖြစ်ပါသည်။ “နည်းပညာခေတ်ထဲက လုံမပျိုများ” (Tech Age Girls Project) စီမံချက်သည် နည်းပညာများ တဟုန်ထိုးတိုးတက်နေသော မျက်မှောက်ခေတ်တွင် ကျေးလက်ဒေသရှိ အမျိုးသမီးငယ်များ၊ နည်းပညာများကို တတ်ကျွမ်းစွာအသုံးပြုနိုင်ပြီး မိမိတို့ နေထိုင်ရာကျေးရွာနှင့် ပတ်ဝန်းကျင်၌ နည်းပညာကိုအသုံးပြုလျက် လူမှုရေး၊ စီးပွားရေးစသည်တို့ကို ဦးဆောင်နိုင်သူများဖြစ်လာစေရန် လေ့ကျင့်ပျိုးထောင်ပေးသည့် အစီအစဉ်တစ်ခုဖြစ်ပါသည်။ ဤစီမံကိန်းကို MBAPF, isif-asia နှင့် ooredoo Myanmar တို့က ပူးတွဲ တာဝန်ယူဆောင်ရွက်သည်။

ဤစီမံချက်အရ စာကြည့်တိုက်များကို အခြေခံ၍ ကျေးလက်ဒေသရှိ လုံမငယ်များကို တစ်နှစ်ခန့် လေ့ကျင့်ပျိုးထောင်ပေးပါသည်။ စာကြည့်တိုက်ရှိသော ကျေးလက်ဒေသများမှ အသက် ၁၆ မှ ၂၀ အရွယ်များကို အဓိကထား၊ ရွေးချယ်လက်ခံပါသည်။ အင်္ဂလိပ်စာအခြေခံရှိပြီး၊ ရပ်ကျိုးရွာကျိုးများကို အများနှင့် လက်တွဲလုပ်ဆောင်လိုစိတ် ရှိသူများကို ရွေးချယ်လေ့ကျင့်ပေးပါသည်။ စာကြည့်တိုက်မရှိသော ကျေးလက်ဒေသများမှ လုံမပျိုများ အနေဖြင့် နီးစပ်ရာမြို့ပေါ်ရှိ စာကြည့်တိုက်များနှင့်ချိတ်ဆက်ပြီး သင်တန်းတက်နိုင်ကြပါသည်။

သင်တန်းကာလကို အပိုင်း (၂)ပိုင်း ခွဲခြားထားပါသည်။ ပထမပိုင်း ( Phase 1) တွင်၊ အခြေခံကွန်ပျူတာ အသုံးပြုနည်းကို သင်ကြားပေးပါသည်။ ထို့နောက် ကွန်ပျူတာကိုသုံး၍ သတင်းအချက်အလက်များရှာဖွေနည်း၊ သတင်းတုသတင်းမှန်ဆန်းစစ်နည်း၊ အီးမေးလ်ပို့နည်း စသဖြင့် ITC နှင့် ပတ်သက်သည့် ပညာရပ်များကို သင်ကြားပေးပါသည်။ ထို့နောက် လက်ကိုင်ဖုန်းကို အသုံးပြုလျက် အထက်ဖော်ပြပါပညာရပ်များအား ရှာဖွေအသုံးပြုနည်းကို ဆက်လက်သင်ကြားပေးပါသည်။ ပထမပိုင်း သင်ကြားမှု ပြီးဆုံးခါနီးတွင် သင်တန်းသူများသည် မိမိတို့ နေထိုင်ရာ ဒေသနှင့်ပတ်သက်သည့် အကြောင်းအရာတစ်ခုကို ရုပ်သံဖိုင် ရိုက်ကူးတင်ပြရပါသည်။

သင်တန်းကာလ ဒုတိယပိုင်း ( Phase 2 ) တွင်၊ (Soft Skill) ဟုပြောဆိုနေကြသည့် ကိုယ်ရည်ကိုယ်သွေး ထက်မြက်ရေး နှင့် ဦးဆောင်သူတစ်ဦးတွင် ရှိသင့်သည့် အရည်အချင်းများ ( Leadership)ကို သင်ကြားပေးပါသည်။ စီမံချက်တစ်ခုရေးဆွဲနည်း၊ စွန့်ဦးတီထွင်သူတစ်ယောက်တွင် ရှိရမည့် အရည် အသွေးများနှင့် အလုပ်လျှောက်နည်း၊ အင်တာဗျူးဖြေဆိုရန် ပြင်ဆင်နည်းများပါမကျန် သင်ကြားပေးပါသည်။ သင်တန်း ဒုတိယပိုင်း ပြီးခါနီးတွင်၊ မိမိနှစ်သက်ရာ၊ စီမံချက် တစ်ခု ( Project) ရေးဆွဲတင်ပြရပါသည်။

မြန်မာနိုင်ငံတွင် ၂၀၁၆ မှ စတင်ခဲ့သည့် “ နည်းပညာခေတ်ထဲက လုံမပျိုများ” စီမံချက်အား  ယူနက်စကိုက လူမှုရေးဆိုင်ရာဆု (Gender Empowerment and innovation Award ဆု)ကို ၂၀၁၉ တွင် ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ သင်တန်းစတင်စဉ်က စာကြည့်တိုက်တစ်တိုက်မှ သင်တန်းသူ (၅) နှုန်းဖြင့်၊ စာကြည့်တိုက် ( ၂၀) မှ သင်တန်းသူ စုစုပေါင်း (၁၀၀) ကိုလက်ခံခဲ့ပါသည်။ နောက်ပိုင်းတွင် စာကြည့်တိုက် ( ၄၀) မှ သင်တန်းသူ ( ၂၀၀) ကို လက်ခံခဲ့ပါသည်။ ယခုအခါ သင်တန်းဆင်းကျေးလက် လုံမပျိုအတော်များများသည် သူတို့ဒေသတွင် နည်းပညာသုံးလျက် နယ်ပယ်အသီးသီးတွင်၊ ဦးဆောင်နေကြပြီဖြစ်ပါသည်။

(၃.၇.၂၀၂၂) တွင် ကျင်းပခဲ့သည့် မြန်မာအမျိုးများအထိမ်းအမှတ် စကားဝိုင်းကို ဆောင်းပါးအစတွင် ဖော် ပြခဲ့သည့် အတိုင်း “ ဘက်လိုက်မှုကို တိုက်ဖျက်စို့” ( Break the Bias)  ခေါင်းစဉ်ဖြင့် ဆွေးနွေးပြော ဆိုခဲ့ ကြပါ သည်။ ထိုစကားဝိုင်းတွင် အဓိကထားဆွေးနွေးခဲ့ကြသည်များမှာ ၊ ဘက်လိုက်မှု၏ အဓိပ္ပာယ် ( ဘက်လိုက်မှု ဆိုတာ ဘာလဲ)၊ မြန်မာ့လူ့ဘောင်တွင် တွေ့ရှိရသည့် ဘက်လိုက်မှုများ၊ တွေ့ကြုံရသည့် ဘက်လိုက်မှုများအား မည်သို့ဖြတ်ကျော်ကြမည်နည်း တို့ဖြစ်ကြပါသည်။

ဆွေးနွေးပွဲကို Tech Age Girls လက်ရှိ စီမံကိန်း မန်နေဂျာ ဒေါ်ပိုးအိဇာက ဦးဆောင်ပြီး၊ မြန်မာနိုင်ငံစာကြည့်တိုက်အသင်းမှ ဒေါ်စန်ဒရာချစ်ဖို့၊ ဒေါ်ခင်နှင်းဦး နှင့် အူရီးဒူး(မြန်မာ) မှ ဒေါ်သီနှင်းဦး (ခေါ်) Jean တို့က ပါဝင်ဆွေးနွေးကြပါသည်။ ထို့နောက် ဆွေးနွေးပွဲစကားဝိုင်းသို့ ပါဝင်တက်ရောက်နေသည့် သင်တန်းသူလေးများကို  ပါဝင်မေးမြန်းဆွေးနွေးခြင်းဖြစ်ပါသည်။ နည်းပညာခေတ်ထဲမှ လုံမပျိုလေးများ မေးမြန်းဆွေးနွေးသည့် အကြောင်းအရာများကို အုပ်စုခွဲပါက ( ၃) စုထွက်လာပါသည်။ ယင်းတို့မှာ - မိဖဆွေမျိုးတို့၏ ဘက်လိုက်မှုများ၊ ပညာသင်ကြားရာတွင် တွေ့ရသည့် ဆရာ၊ ဆရာမတို့၏ ဘက်လိုက်မှုများနှင့် လူမှုဝန်းကျင်တွင်တွေ့ရသည့် ဘက်လိုက်မှုများဖြစ်ပါသည်။

သူတို့လေးတွေသည် ၁၆ နှစ် မှ ၂၀ ကြား၊ ငယ်ရွယ်သူများဖြစ်ရာ၊ တင်ပြပြောဆိုရာတွင် ပရိယာယ်မပါ ရိုးသားပွင့်လင်းကြပါသည်။ မိသားစုထဲတွင် အများဆုံးကြုံရလေ့ရှိသည့် အလတ်များကို မိဖက အကြီးနှင့် အငယ်လောက် အလေးမထားသည့် ပြဿနာကို တင်ပြဆွေးနွေးကြပါသည်။ ကျောင်းတွင်ကြုံရသည့် ဘက်လိုက်မှုကား၊ ကျူရှင်နှင့် ကိုယ်ပိုင်ကျောင်းများတွင် အဖြစ်များကြောင်း တွေ့ရှိရပါသည်။ ဆရာ၊ ဆရာမများက စာတော်သူကို မျက်နှာလိုက်သည်၊ ဆွေမျိုးတော်သူများအား ဘက်လိုက်သည် ဟု ခံစားရသည့် သူတို့၏ ခံစားချက်များကို တင်ပြ ကြပါသည်။ လူမှုရေးဝန်းကျင်ဘက်တွင်မူ ကိုဗစ်ဆေးထိုးရန် ရွေးချယ်ခံရာ၌ ဘက်လိုက်မှုရှိသည်ဟု ခံစားရခြင်းတချို့ကို တင်ပြကြပါသည်။

အများဆုံးပါဝင်ဆွေးနွေးကြသည်မှာ မိဖနှင့် ဆရာတို့၏ ကဏ္ဍဖြစ်ပါသည်။ မိဖများအနေဖြင့် အကြီးဆုံးကို ဦးစားပေးသည်။ အငယ်ဆုံးကို ပိုချစ်သည်ဟု ခံစားရသည့် အလတ်သားသမီးများ၏ ခံစားချက်ကို အလေးထားပြီး၊ အလတ်ကိုလည်း အကြီးဆုံး၊ အငယ်ဆုံးတို့နှင့် တန်းတူ ချစ်ကြောင်း အခါအားလျော်စွာ ပြသပေးသင့်ပါသည်။

တော်သူကို ပိုတော်စေရန် သင်ကြားတတ်ဖို့ထက်၊ ညံ့သူကို တော်လာစေရန် သင်ကြားနိုင်သူသာ ဆရာကောင်းဆိုသော စကားရှိပါသည်။ ဆရာ၊ ဆရာမများ အနေဖြင့် အမှုမဲ့ အမှတ်မဲ့ ပြုမူမိခြင်းဖြစ်နိုင်သော်လည်း၊ စာတော်သူများကို ဦးစားပေးနေသည်၊ အမျိုးတော်စပ်သူကို ဦးစားပေးသည်ဟု စာအတန်အသင့်လိုက်နိုင်သူများ နှင့် စာညံ့သူ တပည့်များ မခံစားရစေရန် သတိထားသင့်ကြောင်း သိရှိခဲ့ရပါသည်။

ထိုအချက်အားလုံးနှင့် ကင်းလွတ်သည့် မေးခွန်းတစ်ခုလည်းတက်လာပါသည်။ “ လောကတွင် ဘက်လိုက်မှုပပျောက်အောင်၊ မရှိအောင် မည်သို့ လုပ်ဆောင်ရမည်နည်း” ဆိုသည့် မေးခွန်းပါ။

ကျွန်မတို့သုံးယောက်က သည်မေးခွန်းကို ပြန်ဖြေကြပါသည်။ လောကတွင် ဘက်လိုက်မှု လျော့နည်းစေရန်သာ လုပ်ဆောင်နိုင်ပြီး၊ ဘက်လိုက်မှု ကင်းစင်သည့် လူ့ဘောင်ဟူ၍ မရှိနိုင်ကြောင်း၊ လူသားများသည် သာမန်ပုထုဇဉ်များဖြစ်သောကြောင့် ၊ လူတိုင်းလိုလိုပင် အနည်းနှင့်အများ ဘက်လိုက်တတ်ကြကြောင်း၊ မိမိကဘက်လိုက်မှုကို မနှစ်သက်လျှင်၊ မိမိကိုယ်တိုင်က ဘက်မလိုက်သူဖြစ်ဖို့ ကြိုးစားရမည်ဖြစ်ပြီး၊ ဘက်လိုက်မှုများနှင့် တွေ့ ကြုံရသည့်အခါ တည်ငြိမ်စွာရင်ဆိုင်ပြီး၊ မှန်ကန်သည့်နည်းလမ်းများ အသုံးပြုဖြတ်ကျော်ခြင်းသည်သာ အကောင်းဆုံးလက်နက်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။ မည်သို့ပင်ဖြစ်စေ ဘက်လိုက်မှုနည်းပါးသည့် လူ့ ဘောင်လောကဖြစ်ရန်၊ လူများစု ရင့်ကျက်သည့်စိတ်ထားရှိပြီး၊ အမှန်တရားကို မြတ်နိုးကြမှသာ၊ အောင်မြင်နိုင်မည်ဖြစ်ပါသည်။

ခင်နှင်းဦး