【 ဆောင်းပါး 】လွတ်လပ်ခြင်းနှင့် နှောင့်ယှက်ခြင်း

【 ဆောင်းပါး 】လွတ်လပ်ခြင်းနှင့် နှောင့်ယှက်ခြင်း

မနက်ဖက် စောစောစီးစီး ရေနွေးကြမ်းတစ်အိုးနှင့် စာဖတ်နေစဉ် နားထဲ ကန့်လန့်ဝင်လာသည်က လမ်း ထိပ်ဓမ္မာရုံမှ လူတစ်ယောက်၏ တရားစာဟိုတစ်ပေါက် ဒီတစ်ပေါက်ဖြင့် နိဗ္ဗာန်ဆော်လုပ်နေခြင်း ဖြစ်သည်။ သူ ပြောနေသည်က သဒ္ဒါတရားပေါက်ရန် ရပ်ကွက်ကိုပြောနေခြင်းဖြစ်ပြီး တကယ်က သူအသံဆိုတာထက် လိုသည် ထက်ပိုနေသည့် လော်စပီကာ အသံကြောင့် သူတစ်ချက်တစ်ချက်အသံရှည်ဆွဲပြီး ပြောလိုက်တိုင်း ကျနော်မှာ နားထဲ အသံစူးစူးက ဆောင့်ဝင်လာသဖြင့် တွန့်တွန့်သွားပြီး စာဖတ်တာကို ဘယ်လိုမှ အာရုံစိုက်လို့မရ ဖြစ်ဖြစ် သွားသည်။

တကယ်တော့ မြန်မာမှုလူဘောင်နယ်ပယ်တွင် သာရေး၊နာရေး စကားနှစ်လုံးဖြင့် ပတ်ဝန်းကျင်ကို ထင် သလို နားဒုက္ခပေးမှုကို ခံရသည်မှာ ကြာလှပြီဖြစ်သည်။ ပြောပြန်လျှင်လည်း ဘာသာရေးမကိုင်းရှိုင်းသူ၊ မပြောပြန် ရင်လည်း မသိတော့ လှိမ့်ပိန့်ခံရနှင့် နှစ်ပေါင်းများစွာကြာပြီ။ မရှိဘူးဆို လျှပ်စစ်ပစ္စည်းများစျေးပေါလာသည့် ၁၉၉၀  ပြည့်နှစ်နောက်ပိုင်းကတည်းကဆိုတော့ မရှိဘူးဆို နှစ်ပေါင်း ၃၀ ကျော်။နည်းနည်းနောနော ကာလ တော့ မဟုတ်။ ဒီလို ဟွန်းလို့ခေါ်သည့် လော်စပီကာဖြင့် သီချင်းဖွင့်ခြင်း ဆော်ဩခြင်းမှာ ယခင်က မရှိဘူးတော့မဟုတ်။ ရှိတော့ ရှိသည် ရှားသည်ဟုဆိုရမည်။ ထိုကာလများတွင် လော်စပီကာနှစ်လုံး အန့်တစ်လုံး၊ဘက်ထရီတစ်လုံးဖြင့် အသံချဲ့စက်အငှားလုပ်ငန်းကို စီးပွားရေးလုပ်ငန်းကြီးတစ်ခုအဖြစ် လုပ်စားလို့ရနေသည့်အချိန်ဖြစ်သည်။

ထိုတုန်းက လောစပီကာကို ဆင်သည့်နေရာတွင် အများပြည်သူ မထိခိုက်စေရန် သစ်ပင်အမြင့်အဖျားတွင် တက်ကာ လော်စပီကာကို တက်ချိတ်ကာ အရပ်လေးမျက်နှာကြားအောင် သီချင်းဖွင့်ကြသည်။ အများအားဖြင့် ထိုခေတ်ထိုအခါက လော်သံဆိုသည်မှာ နာရေး၏ အမှတ်သင်္ကေတဖြစ်သည်။ လော်သံကြားရလျှင် ဘယ်အရပ် ဘယ်နေရာမှာ နာရေးဖြစ်ကြပြီလဲဆိုတာကို သိကြသလို ဘုရားပွဲတရားပွဲဆိုလျှင်လည်း လေကြောင်းသင့်မှ ကြားရ သည့် တရားဖြစ်သဖြင့်  နားထဲဆောင့်ဆောင့်မဝင်ဘဲ ကြည်ညိုဖွယ်တရား၊ နာခံဖွယ် တရားကို အိပ်ယာထဲကနေ နားထောင်လို့ရသလို သီချင်းဆိုလည်း လေသင့်မှ ကြားရသည့်သီချင်းက သာယာနာပျော်ဖွယ်ပင် ဖြစ်လေသည်။

ထိုသည်မှလွန်ကာ လော်တွေ ဆောင်းဘောက်တွေ လက်လှမ်းမှီသည့် စျေးဖြစ်လာသည့် ၁၉၉၀ နောက် ပိုင်းတွင် လမ်းဆုံလမ်းခွများ ၊စေတီကျောင်းကန်ဘုရားများရှေ့တွင် မဏ္ဍပ်များထိုးကာ လော်များ၊ဆောင်းဘောက် အလှူခံကြ၊နေ့ဆို အလှူခံ ညဆို မိုက်ခဲများ၏ တရားတစ်ပုဒ်ဖြင့် ရပ်ကွက်ကို ဒုက္ခပေးလာတော့သည်မှာ ယနေ့ တိုင် ဖြစ်သည်။ သည်တော့ လော်တွေ ဆောင်းဘောက်တွေက အပင်မြင့်မြင့်ပေါ်မှာလည်းမဟုတ်  မဏ္ဍပ် ရှေ့ ခုံပေါ်တင် မဏ္ဍပ်တိုင်မှာချည်ထားလေတော့ ထိုနေရာနှင့် မျက်နှာခြင်းဆိုင်တွင်ရှိသည့်နေအိမ်တိုက်ခန်း၊လေ ကြောင်း သင့်သည့်နေရာများမှာ နေသူများအဖို့ ထိုမဏ္ဍပ်ကနေ တစ်နေ့ကုန်တစ်နေခန်း ပြောကြဟောကြ ခြေချွတ်ဆုံးမသမျှကို တံခါးပါပိတ်ထားရသည်အထိ အလူးအလဲခံရလေသည်။ တရားရဖို့ သဒ္ဒါတရားပေါက်ဖို့ထက် ဒေါသမဖြစ်ဖို့  အကုသိုလ်မဖြစ်ဖို့ မနည်းသည်းခံရကာ ခန္တီစတရားတွေသာ မကြွယ်လည်း ကြွယ်၊ ကြွယ်လည်း ကြွယ် ဖြစ်လာသည်။တရားရရန် ၊ကုသိုလ်မမေ့မလျော့ရန် သတိပေးသည်ဟုဆိုသော်လည်း တစ်ကယ်က ထိုအသံ များကြောင့် နဂိုလှူရန် စိတ်ကူးပေါက်နေလျှင်ပင် စိတ်ကူးပျက်သွားနိုင်သည်အထိ အဟောအပြော ကောင်း လှသူများဖြစ်သည်။

တစ်ခါက အသံများဆူညံသည့်အကြောင်းနှင့် ပတ်သက်ပြီး ဂျာနယ်တစ်ခုတွင် ဖတ်ခဲ့ရဖူးသည်။ ထိုဂျာ နယ်ထဲတွင် ရပ်ကွက်ဓမ္မာရုံမှ အလှူခံနိုးဆော်သည်ကို အစွဲပြုကာ ရပ်ကွက်ထဲ ရန်တွေ ဖြစ်ကြသည်အထိ ဖြစ် ကြသည်ကိုရေးထားခြင်းဖြစ်သည်။ လော်စပီကာမှအသံကြောင့် နှလုံးတုန်ရင်တုန်ပန်းတုန်ဖြစ်ကာ ဆေးရုံမှ ဆင်းလာသည့် ရောဂါသည်သက်ကြီးရွယ်အို သေဆုံးရသည်အကြောင်းလည်း ကြားရသည်။ သို့သော် ထိုအခါမျိုး တွင် ဆင်ခြင်ရန်ထက် သူကံပါလို့ တိုက်ဆိုင်လို့ ဆိုသည့် စကားကိုရေလဲသုံးကာ အကာအကွယ်ယူကြလေသည်။   

လွတ်လပ်ခြင်းနှင့် နှောင့်ယှက်ခြင်းဆိုသည့် စကားကို အသိတစ်ယောက်က ပြောခဲ့ဖူးတာရှိသည်။ သူက မြို့သစ်တစ်ခုမှာနေသူဖြစ်သည်။ တစ်ခုသောလွတ်လပ်ရေးနေ့တွင် ပစ္စည်းတစ်ခု အရေးတကြီးပို့ရန် ကိစ္စရှိသဖြင့် ကားဖြင့် နေအိမ်မှ ထွက်လာရာ သူ့လမ်းထိပ်တွင် လွတ်လပ်ရေးနေ့ ဘောလုံးပြိုင်ပွဲက လုပ်သဖြင့် လမ်းပိတ်ထား သဖြင့်  ကားကဖြတ်လို့မရ။ သူ့ကားကို ရပ်ပေးထားရသည်။ နောက်တော့  ခဏလောက်သွားရပါစေဟု မေတ္တာ ရပ်ခံ ဆင်းပြောရာ ဒီနေ့ လွတ်လပ်ရေးနေ့ နားမလည်ဘူးလား၊ ဒီလို မစောင့်နိုင်ရင် မနက်ကတည်းက ကားကို ကြိုထုတ်ထားပါလားဟု သူကိုဘုတောပြောသဖြင့် စကားအခြေအတင်ဖြစ်ကြရာ နောက်ပိုင်းလူကြီးများရောက် လာသဖြင့်သာ လိုရာခရီးရောက်ခဲ့ရသည်။ သို့သော် ရန်စကတော့ ဖြစ်ခဲ့သည်။ သူက လွတ်လပ်မှုက သူများကို အနှောင့်အယှက်မဖြစ်သင့်ဟု ထင်ကြောင်းဆိုသည်။

တကယ်တော့ လွတ်လပ်မှုကို အမည်ခံကာ သူတို့ လုပ်ချင်တာကိုလုပ်ကြသည့်လူတန်းစားက အပြင် လောက တွင်  သပ်သပ်ရှိကို ရှိသည်။  ထိုသူတွေက လူလည်တွေ လူပါးနပ်တွေ ဖြစ်သည်။ လုပ်လိုရလျှင် လုပ်ပြီး လုပ်လို့မရလျှင် ကလေးတွေ ပြောသလို အရူးကွက်နင်းကြသည့် သူတွေ ဖြစ်သည်။ ရပ်ကွက်ထဲ ယခုလဲ တရားဖွင့်သည်။ တရားစကားပြောသည်။ စဉ်းစားကြည့်လျှင် သာဓုတောင် ခေါ်ရမည့် လုပ်ရပ်ဖြစ်သည်။ သို့သော် ဘယ်သူက တရားစကားပြောနေသနည်း။ တရားစင်မြင့်ပေါ်ရောက်တိုင်း သူတော်ကောင်း သူတော်စင် တရားရ နေသူလို့ သတ်မှတ်ထားသူမဟုတ်။ အိမ်တွင် သားမယားကို နှိပ်စက်ပြီး အလှူခံမဏ္ဍပ်ရောက်သည့်အခါ ဇာတ်တော်ကြီးဆယ်ဘွဲ့ပါ  ခန္တီပါရမီနှင့် ပတ်သက်သည့် စန္ဒကုမာရ မင်း ဇာတ်တော်ကို ဟောပြောလေတော့  အကြောင်းသိဖြစ်နေသည့် ကျနော်တို့ အဖို့ နားပိတ်ထားရမလား၊ နားဖွင့်ထားပြီး သာဓုဘဲခပ်ရွဲ့ရွဲခေါ်ရလေ မလားမဝေခွဲနိုင်။သေချာသည်ကတော့ နားက အနားမရအောင်ဆူနေသည်က အမှန်။ “မနက်လည်းခံ ညလည်းခံ အဲဒါအလှူခံ” ဆိုသည့် အရပ်ထဲက အမူးသမားတစ်ယောက် မူးပြီးပြောတာက မှန်နေသလိုလို။

လောကတွင် နှောင့်ယှက်ခြင်းများစွာရှိပါသည်။ ထိုနှောင့်ယှက်ခြင်းများထဲတွင် သူတစ်ပါး၏ လွတ်လပ်ခွင့် ကို ဘာသာရေးအကာအကွယ်ယူကာ နှောင့်ယှက်ခြင်းက အတော်လေးဆိုးပါသည်။ မည်မျှဆိုးသနည်းဆို ယခုစာ ရေးနေချိန်တွင် နားထဲ ဂွမ်းထဲ့ကာ စာရေးနေဖတ်နေရသည့်ကို မြင်ကြည့်လျှင် သိမည်ဖြစ်လေသည်။ 

 

  မောင်ဦးလွင်