【 ဆောင်းပါး 】 စပါးခင်းတွေနဲ့ ရန်ကုန်

【 ဆောင်းပါး 】 စပါးခင်းတွေနဲ့ ရန်ကုန်

မိုးတွင်းဆို ကျနော်တို့လမ်းထဲမှာ စပါးစိုက်ခင်းတွေရှိတယ်။မီးတားကွင်းလို့ ဆိုရမလား။ ၂ ဧကလောက်ရှိတဲ့ မြေကွက်လပ်ကြီးက လမ်းသွယ် ၂ ခုကြား ထီးထီးကြီးရှိနေတဲ့ နေရာ။ကျနော်တို့ရပ်ကွက်ထဲမှာ အဲဒီလို မီးတားကွင်းတွေက ဧကနဲ့ချီ ကျယ်ဝန်းလှတာမို့ အဲဒီမီးတားကွင်းတွေမှာ မိုးတွင်းဆို စပါးစိုက်ကြခြင်းဖြစ်တယ်။

ဘယ်သူတွေက စပါးစိုက်ခွင့်လုပ်ပိုင်ခွင့်ရပြီး စိုက်သလဲတော့ မသိ။ဒီဘက်ခေတ် အထာတွေလို အာဏာပိုင်တွေနဲ့ပေါင်းပြီး တရားမဝင် လာဘ်ငွေတွေနဲ့ စပါးစိုက်ခွင့်ရတာမျိုး မဟုတ်တာတော့ သေချာတယ်။ဘာလို့လဲဆိုတော့ စပါးစိုက်သူက တကယ့်ကို နွမ်းပါးတဲ့ လယ်သမားဖြစ်နေတာကြောင့်ပါပဲ။

ပြီးတော့ တောင်ဥက္ကလာမြို့သစ်ဆိုပြီး မတည်ခင်မှာ ဒီနေရာတွေက လယ်ကွင်းတွေချည်း။ငမိုးရိပ်ချောင်းဘေး တကယ့်ပွဲကြီး ကြက်ဝိုင်းတွေပင် ရှိတဲ့နေရာလို့ အပြောအဆိုတွေလည်းရှိတယ်။အဲဒီလိုနေရာမှာ မြို့သစ်တည်တော့ လယ်ကွင်းတွေကို အစိုးရက လျော်ကြေးပေးပြီး သိမ်းသလား။ဘာတစ်ပြားတစ်ချပ်မှမပေးဘဲ ကဲ၊ လစ်တော့ဆိုပြီး သိမ်းလိုက်သလား မပြောတတ်။လူကြီးတချို့ပြောကြတာက အခုလယ်စိုက်နေသူတွေက အရင်မြို့သစ် မတည်ခင်တုန်းက လယ်ပိုင်ရှင်တွေမို့ သူတို့မြေမှာ သူတို့ ပြန်စိုက်ကြတာတဲ့။

ရန်ကင်းကနေ ကျနော်တို့အိမ်လာလည်တဲ့ ဆွေမျိုးတစ်ဦးက “ရန်ကုန် ရပ်ကွက်တွေမှာ အခုလို စပါးခင်းမြင်ရဖို့ ဘယ်လွယ်မလဲ” တဲ့။သူက ရယ်ကျဲကျဲနဲ့ ပြောနေလေတော့ အတည်ပြောနေတာလား၊တောကျလွန်းတဲ့ တောင်ဥက္ကလာလို့ ခပ်နှိမ်နှိမ်ပြောချင်တာလား မသိ။

ဘာပဲဖြစ်ဖြစ် ကျနော်က တောသားမို့ စပါးခင်းတွေကိုမြင်ရ သိပ်စိတ်ချမ်းသာမိတာ အမှန်။အဲဒီလယ်ကွင်းနေရာမှာ စပါးရိတ်သိမ်းပြီးပြီဆိုရင်တော့ ကျနော်တို့အတွက် အားကစားကွင်း ဖြစ်သွားတော့တယ်။စပါးသိမ်းပြီးလို့ မြေခြောက်သွားပြီဆိုတာနဲ့ ကျနော်တို့ လမ်းထဲက ၂၅-၃၀ အရွယ် လူငယ်တွေက ဘော်လီဘောကွင်း စတည်လေပြီ။အထစ်အငေါ့ အချိုင့်အခွက်တွေကို ညီညာအောင် ညှိကြ။ညနေဘက်ဆို ဘောလီဘော လာကစားကြတာက တကယ့်ကို ပရော်ဖယ်ရှင်နယ်တွေ အများသား။တချို့က တိုင်းလက်ရွေးစင်၊ ဌာနဆိုင်ရာ လက်ရွေးစင်တွေမို့ ဘော်လီဘောပွဲ လာအားပေးကြသူတွေလည်း မနည်းလှ။

ဘော်လီဘောကွင်းဘေး ကန်သင်ရိုးတစ်ခုခြားထားတဲ့ လယ်ကွင်းမှာက ကျနော်တို့လူငယ်လေးတွေဆော့တဲ့ ဘောလုံးကွင်း။ဒီနေ့ခေတ် ဖူဆယ်ကွင်းထက် နည်းနည်းပိုကြီးလို့ ကွင်းအကျယ်မဆိုးလှပေမယ့် တချို့မြေသားတွေက ပက်ကြားအက်မို့ သတိထား ပြေးလွှားရ။

ဘောလုံးကစားသူတွေဟာ ကျနော်တို့လမ်းပတ်ဝန်းကျင်က ဘော်ဒါတွေချည်းမို့ ပြဿနာတက်တာ၊ ရန်ဖြစ်တာမျိုးမရှိ။ရံဖန်ရံခါ တခြားရပ်ကွက်ကသူတွေရောက်လာပြီး ပိုက်ဆံကြေး ချိန်းကန်တဲ့အခါမှာတော့ ရန်မဖြစ်ရင်တောင် မကြည်မလင်အဆင့်တော့ ရှိမြဲ။

၁၉၉၀ ပြည့်နှစ်ဝန်းကျင် ကျနော်တို့လူငယ်ဘဝမှာ အစွဲအလန်းကြီးကြီး၊ လမ်းအစွဲ၊ ရပ်ကွက်အစွဲ စတဲ့ နေရာဒေသစွဲကြီးကြီးမို့ ဆတ်ဆတ်ထိမခံ ထစ်ခနဲရှိ ကိုင်လိုက်မယ်ဆိုတာချည်း။ဒါ့ကြောင့် တခြားရပ်ကွက်ကနေ ကိုယ့်လမ်းထဲလာပြီး ဗိုလ်လာကျတာမျိုးကို ဘယ်သူကမှ လက်မခံ။အထူးသဖြင့် အားကစားပွဲလိုမျိုးမှာ နိုင်ချင်စိတ်ကလည်း ကြီးကြတာမို့ သူတင်ကိုယ်တင် ရှုံးလာရင် ရှုံးမဲ မဲတာမျိုးလည်းရှိတာကြောင့် ဘောလုံးချိန်းကန်ခြင်းဟာ ရန်ဖြစ်ဖို့ရာ ချိန်းဆိုလိုက်တာနဲ့ သိပ်မကွာ။

စကားစပ်လို့ ထပ်ပြောရရင် ဘောလုံးချိန်းကန်ကြတဲ့ နောက်တစ်နေရာက ၈ မိုင်လမ်းဆုံနဲ့ နဝဒေးလမ်းဆုံကြား အရင် တံတားလေး စိတ်ရောဂါကုဆေးရုံရှေ့ ဘောလုံးကွင်း။အဲဒီကွင်းက ကွင်းယူနီဖောင်းအပြည့်အစုံနဲ့ ကွင်းမျိုး မဟုတ်ပေမယ့် ဂိုးတိုင်တွေဘာတွေနဲ့ ကွင်းကြီးမို့ လူ ၁၁ ယောက်ကစားလို့ရတဲ့ ကွင်း။ချိန်းကန်တာက ဟိုဘက်ဒီဘက် ရင်းနှီးသူတွေ ချိတ်ဆက်ပြီး ကန်ကြတယ်ဆိုပေမယ့် နင်လားငါလား ကန်တော့ ရန်ဖြစ်ချင် ဖြစ်ကြတာပဲ။ဒါ့ကြောင့် ဘောလုံးချိန်းကန်ပြီဆို အရေးဆို ရိုက်ဖို့နှက်ဖို့ တုတ်တွေ ချိန်းကြိုးတွေ ထည့်သွားလေ့ရှိကြ။ကွဲကြပြဲကြနဲ့ ကျနော်တို့လူငယ်ဘဝဟာ သွေးသံတရဲရဲ။

ကျနော်တို့ လမ်းနားဝန်းကျင် ရန်ဖြစ်တယ်ဆိုရင်တော့ ကျောက်ခဲတွေက အပေါသားမို့ တုတ်မလို။တောင်ဥက္ကလာက ကျနော်တို့လမ်းသွယ်လေးဟာ ကျောက်ခဲနဲ့မြေသား ရောသမမွှေထားတဲ့ လမ်းမို့ ကျောက်ပေါက်မာဗရပွနဲ့ လမ်းဖြစ်သလို လမ်းသွယ်လေးရဲ့ထိပ် လမ်းမကြီးကလည်း ပျက်ချင်းတိုင်းပျက်နေတဲ့ ကတ္တရာလမ်းမို့ လမ်းပေါ်မှာ ကျောက်ခဲတွေကရှိနေတယ် မဟုတ်လား။

၁၉၉၀ ပြည့်နှစ်မှာ တောင်ဥက္ကလာကနေ ၂ နှစ်တာ ကျနော်ပျောက်သွားခဲ့တယ်။အဲဒီ ၂ နှစ်တာအတွင်း စိတ်ကူးနဲ့ တောင်ဥက္ကလာကို ပြန်ငေးကြည့်လိုက်တိုင်း စပါးခင်းတွေ၊ဘောလုံးကွင်းတွေ၊ ချိုင့်ခွက်တွေဆိုတာချည်း။ ၁၉၉၂ ခုနှစ်၊ တောင်ဥက္ကလာကို ကျနော်ပြန်ရောက်တော့ ကျနော်မျက်လုံးထဲ မြင်နေကျ လမ်းမပျက်ကြီးက ပျောက်ဆုံးကာ သူ့နေရာမှာ သူ့ထက် ၂ ဆ ပိုကျယ်တဲ့ လမ်းမကြီးဖြစ်လို့နေတယ်။

အရင်က အိမ်တွေနဲ့ လမ်းမ ခပ်ဝေးဝေးဖြစ်နေရာကနေ အခု ကတ္တရာလမ်းနဲ့ အိမ်ခြံစည်းရိုးက ကပ်လျက်။အရင်က လမ်းမပေါ် မျက်လုံးမှိတ်သွားတာတောင် ဘယ်ကားမှ ဝင်မတိုက်တဲ့ လမ်းမပျက်ဟာ အခုတော့ ကားတွေ တဝီဝီ။ကောင်းသောအပြောင်းအလဲတစ်ခုက ကျနော့်ကို ဆီးကြိုနေပေမယ့် မျက်လုံးက အတိတ်ဘဝနဲ့ အသားကျခဲ့တာကြောင့် ကြည့်ရပြုရ တော်ရုံနဲ့ အဆင်မပြေ။

ကျနော်တို့လမ်းသွယ်လေးကတော့ အရင်အတိုင်း။မိုးရာသီမှာ စပါးခင်း၊ စပါးပြီးတော့ အားကစားကွင်းဆိုတာလည်း မပြောင်းလဲ။လူတွေကလည်း အရင်လူ၊လူဟောင်းတွေချည်းမို့ မြင်နေကျ မျက်နှာတွေပဲ မပြောင်း။

တောင်ဥက္ကလာမှာ နောက် ၁ နှစ်ကျော် ၂ နှစ်လောက် နေ။ပြီးတော့ တခြားတစ်နေရာကို ခဏတဖြုတ် ပြောင်းရွှေ့နေထိုင်ပြီး ပြန်ရောက်လာတော့ နောက်ထပ်အပြောင်းအလဲက တစ်ခုမက။ပထမအပြောင်းအလဲက ကျနော်တို့ လမ်းသွယ်လေး ပြောင်ချောနေတဲ့ ကတ္တရာလမ်းလေး ဖြစ်သွားခြင်းပါပဲ။

၁၉၉၄-၉၅ ခုနှစ် ဝန်းကျင်လို့ ထင်တယ်။အဲဒီအချိန် ရန်ကုန်မှာ ကိုယ်ထူကိုယ်ထလမ်းဆိုတာ သိပ်ခေတ်စားနေလေတော့ လမ်းအလိုက် ကိုယ့်ဘာသာ ပိုက်ဆံစုထည့်ပြီး ကတ္တရာလမ်းခင်းကြ။ရန်ကုန်မြို့တော်စည်ပင်က ဘာလေးညာလေး နည်းနည်းပါးပါး စိုက်ပေးပုံရ။ကျနော်တို့လမ်းတင်မက ကျနော်တို့ရပ်ကွက်က လမ်းတွေအကုန် ကတ္တရာလမ်းတွေဖြစ်လို့။ကတ္တရာလမ်းမှ မခင်းရင် ခေတ်မမီတော့တဲ့ပုံမျိုးနဲ့ ရန်ကုန်မြို့က လမ်းသွယ်တွေ ကတ္တရာလမ်း တရုန်းရုန်းဖြစ်လို့။

ပြီးတော့ မိုးတွင်းဆို စိုက်နေကျ လယ်ကွင်းတွေမှာလည်း စပါးမစိုက်တော့။ဘာ့ကြောင့် စပါးမစိုက်တော့တာလဲ၊ ပေးမစိုက်တော့တာလား မသိ။ကျနော်တို့လမ်းသွယ်လေးဟာ ကတ္တရာလမ်းတွေဘာတွေနဲ့ ရန်ကုန်ဆန်သွားတာကြောင့် စပါးမစိုက်တော့တာလား မပြောတတ်။

ကျနော်က စပါးခင်းတွေ၊ ကျောက်ပေါက်မာဗရပွနဲ့ လမ်းလေးကို ဒီနေ့ထိတိုင် လွမ်းလို့ကောင်းတုန်း။အပြောင်းအလဲတွေကို လက်ခံလိုက်ရပေမယ့် ကျနော်က အပြောင်းအလဲတွေကို သိပ်လက်ခံချင်ပုံမရ။အတိတ်ကိုသာ လွမ်းနေတဲ့ လူတစ်ယောက်။

ငြိမ်းဆက်
Photo Credit - Flickr