【 ဆောင်းပါး 】 ထင်းရှူးမြို့တော် (သို့မဟုတ်) ဥရောပဆန်သောမြို့လေး

【 ဆောင်းပါး 】 ထင်းရှူးမြို့တော် (သို့မဟုတ်) ဥရောပဆန်သောမြို့လေး

သစ်တော၊ သစ်ပင်များ ရှားပါးလာပြီး တိုက်တာအဆောက်အဦများ၊ လူနေထူထပ်မှုများကြား နေ့စဉ်ရှင်သန်နေသူတို့က တိတ်ဆိတ်အေးချမ်းပြီး စိမ်းလန်းနေသော သဘာဝရပ်ဝန်းများကို ပို၍နှစ်သက်လာကြသည်။
 
ရှားပါးလာသည့် အရာများကို တန်ဖိုးထားနှစ်သက်တတ်လာသည့် လူ့သဘော၊ လူ့မနောတို့၏ ပြောင်းလဲမှုဖြစ်စဉ်များပင်ဖြစ်သည်။
 
မြန်မာနိုင်ငံသည် မတူညီသော သဘာဝပတ်ဝန်းကျင်နှင့် တိုင်းရင်းသားတို့၏ ရိုးရာဓလေ့မျိုးစုံ စုပေါင်းတည်ရှိရာ နိုင်ငံဖြစ်သည်။ 
 
ပူအိုက်ခြောက်သွေ့သော အညာဒေသကလည်း ချစ်စရာ ရိုးရာဓလေ့များဖြင့် တစ်မျိုးစွဲဆောင် လှပနေသလို အေးချမ်းလှသည့် တောင်ပေါ်ဒေသက ရာသီဥတုနှင့် တိုင်းရင်းသားတို့၏ ရိုးရာဓလေ့များကလည်း တစ်မျိုးစွဲဆောင် လှပနေပါသည်။
 
နွေ၊ မိုး၊ ဆောင်း ဥတုရာသီတိုင်း အေးချမ်းသည့် တောင်ပေါ်မြို့လေးတစ်မြို့ဖြစ်သော ကလောမြို့သည် ကမ္ဘာလှည့်ခရီးသွားဧည့်သည်တို့ အများဆုံးလာရောက်လည်ပတ်ရာ ဒေသတစ်ခုဖြစ်သည်။တောင်တန်းများ ဝန်းရံလျက် ထင်ရှူးပင်များစွာ ပေါက်ရောက်သောကြောင့် ထင်းရှူးမြို့တော်ဟု ရှေးယခင်ကတည်းက တင်စားခေါ်ဝေါ်ခဲ့ကြသည်။ယခုအခါမှာတော့ ထင်းရှူးပင်များကို အခုတ်များလာ၍ သစ်တော၊ သစ်ပင်များ ထိန်းသိမ်းရမည့် ဒေသတစ်ခုလည်း ဖြစ်လာသည်။
 
ပန်း၊ နှမ်း စိုက်ခင်းများ၊ လိမ္မော်စိုက်ခင်းများနှင့် နွေဦးမှာ ပွင့်တတ်သည့် စိန်ပန်းပြာများ၏ အလှတရားများက ရှုမငြီးတမ်း လှပနေသလို တိမ်ခိုးတိမ်ငွေများ၏ သဘာဝအလှတရားများကလည်း လာရောက်အပန်းဖြေသူတို့ နစ်မျောသွားနိုင်လောက်သည့် အလှတရားများကို ပေးစွမ်းသည်။
 
ကလောမြို့သည် အရှေ့ဘက်တွင် အောင်ပန်းမြို့ ၊ အနောက်ဘက်တွင် မန္တလေးတိုင်းဒေသကြီးနှင့် ဆက်စပ်နေပြီး ရှမ်းပြည်တောင်ပိုင်းမှ မြန်မာနိုင်ငံအလယ်ပိုင်းဒေသကို အပြန်အလှန်သွား၍ လွယ်ကူနေသည့် ဒေသဖြစ်သည်။ထို့ကြောင့် ကလောမြို့သည် လမ်းပန်းဆက်သွယ်ရေး အချက်အချာကျသည်။
 
လေယာဉ်ခရီးစဉ်ဖြင့် လာမည့် ခရီးသွားဧည့်သည်များအတွက်လည်း ဟဲဟိုးလေဆိပ်နှင့် သိပ်မဝေးဘဲ အလွယ်တကူ သွားလာနိုင်သည်။ကလောမှ ပုဂံညောင်ဦးသို့ အလွယ်တကူ သွားလာနိုင်ပြီး တောင်ကြီး၊ အင်းလေး စသည့် ထင်ရှားသော ခရီးစဉ်ဒေသများကိုလည်း အလွယ်တကူပင် သွားလာနိုင်သည်။တောင်ကြီး၊ အင်းလေးသို့ သွားမည့် ခရီးသွားကားများသည် ကလောမြို့ကို ဖြတ်ရသည့်အတွက် ခရီးတစ်ထောက်နား၍ အပန်းဖြေလည်ပတ်သူများလည်းရှိသည်။
 
ရှေးအခါကပင် ကလောမြို့သည် ရှမ်းပြည်နယ်သို့ သွားရာလမ်း၏ နားခိုရာဖြစ်ခဲ့၍ ကိုလိုနီခေတ်မှာ အင်္ဂလိပ်လူမျိုးတို့က နှစ်သက်ပြီး ကလောမြို့အဖြစ် ဖွဲ့စည်းတည် ဆောက်ခဲ့ခြင်းဖြစ်သည်။ထို့ကြောင့် ကိုလိုနီခေတ်အဆောက်အဦ လက်ရာများစွာဖြင့် ဖန်တီးတည်ရှိနေခြင်းက ဥရောပနိုင်ငံများက မြို့ငယ်လေးတစ်ခုကို ရောက်သွားသကဲ့သို့ပင် ခံစားရသည်ဟု ကလောမြို့ကို သွားလာလည်ပတ်သူ ခရီးသွားအချို့က ပြောကြသည်။တချို့က မြန်မာပြည်၏ ဆွစ်ဇာလန်ဟူ၍တောင် တင်စားခေါ်ဝေါ်ကြပါသည်။
 
ကလောမြို့မှာ ရှမ်း၊ ဓနု၊ တောင်ရိုး၊ ပလောင်နှင့် ပအိုဝ်းလူမျိုးတို့ အများစုနေထိုင်ကြပြီး လိမ္မော်သီး၊ ဂေါ်ဖီထုပ်၊ ပန်းမုန်လာ စသည့် သီးနှံများ စီးပွားဖြစ် စိုက်ပျိုးကြသည်။တောင်ယာလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများကို အဓိက လုပ်ကိုင်ကြပြီး ရွှေတူးသည့် လုပ်ငန်းများလည်း အနည်းငယ်ရှိသည်ဟု သိရသည်။
 
ကလောမြို့က သေးငယ်သည့်အတွက် နာရီဝက်လောက်ဖြင့် လမ်းလျှောက်သွားလာ၍ လေ့လာနိုင်သည်။ကလောမြို့လယ်က နာရီစင်၊ နာရီစင်ဘေးနားက ထင်းရှူးတောပန်းခြံ၊ ကလောဘူတာ၊ ကလောမြို့၏ အလွန်လှပသည့် ရှုခင်းများကို မြင်တွေ့ရမည့် view point တို့က ခရီးသွားဧည့်သည်များကို စိတ်ကြည်နူးမှု အပြည့်အဝပေးသည်။
 
နှစ်ပေါင်းများစွာကြာပြီဖြစ်သည့် Kalaw Heritage ဟိုတယ်ကလည်း အဖြူရောင်ပန်းခင်းများနှင့် ဥရောပမြို့ငယ်တစ်ခုကို ရောက်သွားသလို အလွန်ပဲလှပပါသည်။ထို့ပြင် နှစ်တစ်ရာကျော်သက်တမ်းရှိသည့် Roman Catholic Church ကျောင်းကလည်း အဖြူရောက်ကျောက်တုံးများစီထားသည့် နံရံအမြင့်ကြီးများဖြင့် ခမ်းနားထည်ဝါနေသည်။
 
ကလောမြို့လေးကိုရောက်သည့် ခရီးသွားဧည့်သည်တိုင်း ကလောမြို့မဈေးကို သွားရောက်လည်ပတ်ကြ သည်။ရှမ်းခေါက်ဆွဲ၊ တို့ဖူးနွေး၊ ငါးထမင်းနယ် အစရှိသည့် မတူညီသော အရသာများနှင့် ဒေသထွက် ရိုးရာအစား အစာများက နှစ်သက်ဖွယ်ကောင်းသည်။ကလောမြို့မဈေးလေးသည် ဒေသထွက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းအမျိုးမျိုးရရှိ၍ အလွန်ပဲစည်ကားသည်။
 
ကလောမြို့လေးမှာဆိုလျှင် ကမ္ဘာလှည့်ခရီးသွားဧည့်သည်တို့ကို စွဲဆောင်စေသည့် အဓိကခရီးစဉ် ကတော့  တောလမ်းခရီးသွားလာခြင်း Trekking ခရီးစဉ်ပဲဖြစ်ပါသည်။ကလောမြို့တွင် သာယာလှပသည့် ရှမ်းတောင်တန်းများသို့ ဖြတ်သွားသည့် လမ်းကြောင်းများစွာရှိသည်။ကလောမြို့သည် Trekking သွားသည့် ခရီးစဉ်ဖြင့် နာမည်ကြီးသည်။
 
ကလောမှ အင်းလေးသို့ သွား၍ရသည့် Trekking ခရီးစဉ်ကို နိုင်ငံခြားသား ခရီးသွားဧည့်သည်တို့ အထူးပဲနှစ်သက်ကြသည်။ Trekking သွားရင်း လမ်းတစ်လျှောက် တိုင်းရင်းသားတို့ ရွာများကို လေ့လာ၍ ဒေသအစားအစာ၊ တောတောင်သဘာဝ၊ ကျေးငှက်တိရစ္ဆာန်လေးများကို လေ့လာကြသည်။နှစ်သက်စရာကောင်းသည့် သဘာဝတောတောင်များကိုဖြတ်၍ စွန့်စားသွားလာရသော ခရီးသွားလာခြင်းဖြစ်သည်။
 
ပြည်တွင်းခရီးသွားဧည့်သည်အများစုက ကလောမြို့ပေါ်တွင် အဓိကလည်ပတ်ကြပြီး ကလောနှီးဘုရား၊ ရွှေဥမင်ဂူ၊ မြင်းမထိလိုဏ်ဂူ၊ ကလောမြို့မဈေးတို့ကို သွားလာလည်ပတ်မှုများကြပါသည်။
 
ကလောမြို့တွင် နှစ်စဉ်ကျင်းပသည့် ရိုးရာပွဲများလည်းရှိပါသည်။တန်ခူးလတွင် ကျင်းပသည့် ပအိုဝ်းရိုးရာ မီးလုံးပွဲတော် (သို့မဟုတ်) ဒုံးလွှတ်ပွဲတော်နှင့် တန်ဆောင်မုန်းလတွင် ကျင်းပသည့် ရိုးရာမီးရှော်တိုင်ပွဲတော်တို့ဖြစ်သည်။ယင်းပွဲတော်တို့ကို ဒေသခံများက စည်စည်ကားကား ကျင်းပကြပြီး ပြည်တွင်း၊ ပြည်ပ ခရီးသွား ဧည့်သည်တို့ကလည်း ပါဝင်ဆင်နွှဲခဲ့ကြသည်။
 
ကလောမြို့မှတစ်ဆင့် အင်းခေါင်ဆည်၊ ဘဝသံသရာရထားလမ်းပိုင်း၊ ညောင်ရွှေ၊ အင်းလေး၊ ရွာငံ၊ ပင်းတယရွှေဥမင်၊ မြသပိတ်ရေပြာအိုင်၊ မိန်းမရဲသခင်မတောင် စသည်ဖြင့် လည်ပတ်စရာနေရာများစွာရှိနေပါသည်။
 
အေးချမ်းလှသည့် ကလောမြို့လေးကို ပြည်တွင်းခရီးသွားကုမ္ပဏီများ၏ ခရီးစဉ်ရောင်းချမှုများထဲတွင် ပါဝင်မှုများသည်။ကိုဗစ်အလွန်ကာလတွင် အိမ်နီးချင်း တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံမှ ခရီးသွားများ လာရောက်လည်ပတ်မှု အများဆုံးဖြစ်သည်။
 
တရုတ်နိုင်ငံမှ ခရီးသွားဧည့်သည်များကို အဖွဲ့လိုက်ခရီးသွားလာမှု ခွင့်ပြုထားသည့် နိုင်ငံများထဲတွင် မြန်မာနိုင်ငံလည်း ပါဝင်သည်ဟု တရုတ်နိုင်ငံယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံသို့ နိုင်ငံတကာမှ ခရီးသွားဧည့်သည်စုစုပေါင်း ၃၆၇,၃၆၈ ဦး ဝင်ရောက်ခဲ့ပြီး တရုတ်ခရီးသွားဧည့်သည်စုစုပေါင်း ၄၈,၃၄၂ ဦး ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။
 
မြန်မာနိုင်ငံနှင့် အိမ်နီးချင်း တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့တွင် မတူညီသော ယဉ်ကျေးမှုများဖြင့် မြန်မာနိုင်ငံထက် အစပေါင်းများစွာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးသော နိုင်ငံများဖြစ်သည်။
 
တရုတ်နိုင်ငံတွင် တောင်တန်းရှုခင်းများဖြင့် အလှတရားများစွာရှိသည့် ခရီးစဉ်ဒေသများစွာရှိသည်။၎င်းတို့ထဲတွင် The Mounatain City ဟု ခေါ်တွင်သော ချုံချင့် (Chongqing) မြို့သည် တောင်တန်းများပေါ်တွင် တည်ဆောက်ထားသော မြို့တစ်မြို့ဖြစ်သည်။ချုံချင့်မြို့ပတ်လည်တွင် တောင်တန်းများ ဝန်းရံထားပြီး မြန်မာနိုင်ငံက ကလောမြို့ကဲ့သို့ပင် တောင်ပေါ် မြို့တစ်မြို့ဖြစ်သည်။ချုံချင့်မြို့ လမ်းများပေါ်တွင် ကားများမောင်းနှင်သည့်အခါ တစ်ဖက်တွင် တောင်တန်းများ၊ တစ်ဖက်တွင် မြစ်များဖြင့် အံ့ဩစရာကောင်းသော အလှတရားများဖြင့် ပြည့်စုံနေသော မြို့တစ်မြို့ဖြစ်သည်။တောင်များနှင့် မြစ်များသည် မြို့တော် အခြေခံအဆောက်အအုံများ၏ တစ်စိတ်တစ်ပိုင်းဖြစ်လာပြီး မကြာသေးမီနှစ်များအတွင်းက  ပို၍ဖွံ့ဖြိုးတိုးတက်လာသော မြို့တစ်မြို့ဖြစ်သည်။
 
သဘာဝအလှတရားများနှင့် ပြည့်စုံနေသော တရုတ်နိုင်ငံက ချုံချင့်မြို့နှင့် မြန်မာနိုင်ငံက ကလောမြို့လေးတို့၏ အံ့ဩဖွယ်ရာ အလှတရားများသည် တစ်နိုင်ငံမှ တစ်နိုင်ငံသို့ သွားလာခြေဆန့်နေသည့် ခရီးသွားဧည့်သည်တိုင်းအတွက် စိတ်အပန်းဖြေစရာကောင်းသော ဒေသများအဖြစ် ထင်ရှားလျက်ရှိနေပါသည်။
 
အမွန်