【 နိုင်ငံတကာ 】 ရုရှား ဒါဂျီစတန်ရှိ ဓာတ်ဆီဆိုင် မီးလောင်မှုပေါက်ကွဲမှု အနည်းဆုံး လူ ၂၅ ဦး သေဆုံး

【 နိုင်ငံတကာ 】 ရုရှား ဒါဂျီစတန်ရှိ ဓာတ်ဆီဆိုင် မီးလောင်မှုပေါက်ကွဲမှု အနည်းဆုံး လူ ၂၅ ဦး သေဆုံး

မော်စကို၊ သြဂုတ် - ၁၅

ရုရှားနိုင်ငံတောင်ပိုင်း ဒါဂျီစတန်ဒေသရှိ ဓာတ်ဆီဆိုင်တစ်ခုတွင် မီးလောင်မှုနှင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ကလေးငယ်သုံးဦးအပါအဝင် လူ ၂၅ ဦးထက်မနည်း သေဆုံးပြီး ဒါဇင်နှင့်ချီ ဒဏ်ရာရရှိခဲ့ကြောင်းInterfax သတင်းဌာနက ဒေသဆိုင်ရာ အရေးပေါ်ဆေးဝါးကုသမှုများကို ကိုးကား၍ ဖော်ပြခဲ့ပါတယ်။

တနင်္လာနေ့ညက ကတ်စပီယံပင်လယ်အနီး ဒါဂျီစတန်မြို့တော် မာခါချာကာလာမြို့ အဝေးပြေးလမ်းဘေးရှိ ကားပြင်ဆိုင်တစ်ဆိုင်တွင် မီးစတင်လောင်ကျွမ်းခဲ့ပြီး အနီးနားရှိ ဓာတ်ဆီဆိုင်တစ်ဆိုင်သို့ ကူးစက်ကာ ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း တာဝန်ရှိသူများက အင်္ဂါနေ့အစောပိုင်းမှာ ပြောခဲ့ပါတယ်။

“ဒီမှာ စစ်ပွဲတစ်ခုလိုပါပဲ” ဟု မျက်မြင်သက်သေတစ်ဦးက Reuters သတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။

ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူဦးရေမှာ ၆၆ ဦးအထိ မြင့်တက်လာပြီး ၎င်းတို့အနက် ၁၀ ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း ရုရှားလက်ထောက်ကျန်းမာရေးဝန်ကြီး ဗလာဒီမာ ဖီဆန်ကို၏ ပြောကြားချက်ကို ကိုးကား၍ RIA သတင်းဌာနက ပြောကြားခဲ့ပါတယ်။

ဒဏ်ရာရသူများအနက် ဆယ့်သုံးဦးမှာ ကလေးငယ်များဖြစ်ကြောင်း ဒါဂျီစတန်ကျန်းမာရေးဝန်ကြီးဌာနကို ကိုးကား၍ Interfax သတင်းဌာနက  ဖော်ပြခဲ့ပါတယ်။

ပြင်းထန်စွာ ဒဏ်ရာရရှိသူများကို မော်စကိုသို့ ကယ်ထုတ်ရန် မာခါချာကာလာသို့ လေယာဉ်တစ်စင်း စေလွှတ်ခဲ့ကြောင်း ရုရှားအရေးပေါ်အခြေအနေ ဝန်ကြီးဌာနက တယ်လီဂရမ်မှာ ဖော်ပြခဲ့ပါတယ်။  

ဒါဂျီစတန် အုပ်ချုပ်ရေးအကြီးအကဲ ဆာဂိုင်းမီလ်ကော့ဗ်က တယ်လီဂရမ်တွင် တနင်္လာနေ့ ည ၉ နာရီ ၄၀ မိနစ် (ဂရင်းနစ်စံတော်ချိန် ၁၈ နာရီ ၄၀ မိနစ်) တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

“ပေါက်ကွဲရတဲ့ အကြောင်းအရင်းနဲ့ အမျိုးအစားကို ရှင်းရှင်းလင်းလင်း သိရပါပြီ” ဟု ၎င်းက ဆိုပါတယ်။

ရုရှားနေ့စဉ်ထုတ် Izvestia ၏တယ်လီဂရမ်တွင် မျက်မြင်သက်သေတစ်ဦးကို ကိုးကား၍ ဖော်ပြရာ၌ မီးလောင်မှုသည် ကားများရပ်ထားသည့်နေရာမှ စတင်လောင်ကျွမ်းခဲ့ပြီး ဓာတ်ဆီဆိုင်သို့ ကူးစက်ခဲ့ကြောင်း ဆိုပါတယ်။

“ပေါက်ကွဲပြီးတဲ့နောက်မှာ အားလုံးခေါင်းပေါ်ကို ကျလာတယ်၊ ဘာမှမမြင်ရတော့ဘူး” ဟု အမည်မဖော်လိုသူ မျက်မြင်သက်သေတစ်ဦးက ပြောပါတယ်။

RIA သတင်းဌာနမှ တယ်လီဂရမ်တွင် တင်ထားသော ဗီဒီယိုတစ်ခုတွင် အဆောက်အအုံတစ်ခုမှ မီးတောက်များ တက်လာပြီးနောက် ကြီးမားသောပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့တာကို ပြခဲ့ပါတယ်။

မီးမှာ ဧရိယာစတုရန်းမီတာ ၆၀၀ (၆၄၅၀ စတုရန်းပေ) ခန့်ကို ပျံ့နှံ့သွားခဲ့ပြီး ငြှိမ်းသတ်ထိန်းချုပ်ရန်အတွက် မီးသတ်သမား ၂၆၀ ကို အသုံးပြုခဲ့ရကြောင်း ဝန်ကြီးဌာနက ဆိုပါတယ်။

မီးငြှိမ်းသတ်ရန် မီးသတ်သမားများမှာ အချိန်သုံးနာရီခွဲကျော် အချိန်ယူခဲ့ရကြောင်း ရုရှားအရေးပေါ်ဌာန၏ ထုတ်ပြန်ချက်ကို ကိုးကား၍ နိုင်ငံပိုင် TASS သတင်းအေဂျင်စီက ဖော်ပြခဲ့ပါတယ်။

ရုရှားနိုင်ငံ၏ ရေနံကြွယ်ဝသော အနောက်ဆိုက်ဘေးရီးယား Khanty-Mansiisk (Yugra) ဒေသရှိ Talinskoye ရေနံတွင်းတွင်လည်း ပေါက်ကွဲမှုဖြစ်ခဲ့ရာ လူနှစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိခဲ့ကြောင်း RIA က တနင်္လာနေ့တွင် သတင်းထုတ်ပြန်ခဲ့ပါတယ်။

Linko
Ref - Aljazeera