【 ပြည်တွင်း 】 ကားနဲ့ ဆိုင်ကယ် တိုက်မိမှုဖြစ်ပြီး ဆိုင်ကယ်စီးသူ သေဆုံး

【 ပြည်တွင်း 】 ကားနဲ့ ဆိုင်ကယ် တိုက်မိမှုဖြစ်ပြီး ဆိုင်ကယ်စီးသူ သေဆုံး

မန္တလေး၊ မတ် - ၂၈

မန္တလေးမြို့မှာ ဒီကနေ့ မနက်အစောပိုင်းက ကားနဲ့ ဆိုင်ကယ် တိုက်မိမှုဖြစ်ရာမှ ဆိုင်ကယ်စီးသူ အမျိုးသမီး သေဆုံးခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

“ကားနဲ့တိုက်မိမှုဖြစ်ပြီး ခေါင်းကို ကားနဲ့ကြိတ်မိသွားတယ် ထင်တယ်၊ ခေါင်းတစ်ခြမ်းပြားပြီး နေရာမှာတင် ဆုံးရှာတယ်” လို့ ဖြစ်စဉ်သိရှိခဲ့တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၆ လမ်းနဲ့ ၁၃၅ လမ်းထောင့်အနီးမှာ၊ ဒီကနေ့ မနက် ၇ နာရီလောက်က ဖြစ်ပွားခဲ့တာပါ။အခင်းဖြစ်စဉ်မှာ သေဆုံးခဲ့တဲ့ အမျိုးသမီးဟာ ကုမ္ပဏီတစ်ခုမှာ အလုပ်-လုပ်ကိုင်သူဖြစ်ပြီး၊ ဒီကနေ့ မနက် အလုပ်သွားဖို့ ဆိုင်ကယ်နဲ့ထွက်လာစဉ် အခင်းဖြစ်နေရာမှာ ကားတစ်စီးနဲ့ တိုက်မိမှုဖြစ်ပြီး နေရာမှာတင် သေဆုံးခဲ့တာလို့ သိရပါတယ်။

“ကားသမားတော့ သွားအဖမ်းခံတယ်လို့လည်း ကနဦးသိထားတယ်၊ သက်ဆိုင်ရာက စစ်ဆေးနေဆဲအခြေအနေမို့ အတိအကျမပြောနိုင်သေးဘူး” လို့ မြို့ခံပရဟိတအသင်းတစ်ခုမှ တာဝန်ရှိသူက ပြောပါတယ်။

သေဆုံးအလောင်းကိုတော့ လောကပါလလူမှုကူညီရေးအသင်းက အစအဆုံးကူညီပြီး၊ အသင်းပိုင် လူနာတင်ယာဉ်နဲ့ မန္တလေးဆေးရုံကြီး ရင်ခွဲရုံဆီ ပို့ဆောင်ပေးထားတယ်လို့ အသင်းနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

ပြည်ကြီးတံခွန်မြို့နယ်မှာ မနေ့က (မတ် ၂၇ ရက်) ညနေပိုင်းကလည်း ၆၂ လမ်းနဲ့ ၁၃၃ လမ်းထောင့်အနီးမှာ ကုန်တင်ကားကြီးနဲ့ ဆိုင်ကယ် တိုက်မိမှုဖြစ်ပြီး၊ ဆိုင်ကယ်စီးလာသူသုံးဦး ထိခိုက်ဒဏ်ရာခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ခဲ့ပါသေးတယ်။

ဖြူလုံး
Photo - လောကပါလလူမှုကူညီရေးအသင်း