【 ပြည်တွင်း 】 ဒဂုံမြို့သစ် (မြောက်ပိုင်း) နှင့် (အရှေ့ပိုင်း) မြို့နယ်တို့တွင် ငွေကျပ် သိန်း (၃၀၀) ကျော် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

【 ပြည်တွင်း 】 ဒဂုံမြို့သစ် (မြောက်ပိုင်း) နှင့် (အရှေ့ပိုင်း) မြို့နယ်တို့တွင် ငွေကျပ် သိန်း (၃၀၀) ကျော် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ရန်ကုန်၊ မတ် - ၂၃
 
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) နှင့် (အရှေ့ပိုင်း) မြို့နယ်တို့တွင် ငွေကျပ် သိန်း (၃၀၀) ကျော် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့တယ်လို့ သက်ဆိုင်ရာက ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
 
ဖြစ်စဉ်မှာ မတ်လ ၂၂ ရက်နေ့ ညနေ ၄ နာရီအချိန် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ (၄၅) ရပ်ကွက်တွင် ဇော်မင်းဦး(ခ)မင်းမင်း (၅၀) နှစ် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းလွယ်ထားသော လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ပြား (ဒေသကာလပေါက်ဈေး တန်ဖိုး ငွေကျပ် သိန်း ၁၀၀) နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
 
ဆက်လက်၍ စစ်ဆေးဖော်ထုတ်ချက်အရ ညနေ ၆ နာရီအချိန်တွင် ဇော်မင်းဦး(ခ)မင်းမင်း (၅၀) နှစ် နေထိုင်သည့် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ (၂) ရပ်ကွက်၊ ရာဇသင်္ကြန်လမ်းရှိ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀,၀၀၀ ပြား(ဒေသကာလပေါက်ဈေး တန်ဖိုး ငွေကျပ် သိန်း ၂၀၀) အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ CCDAC MYANMAR က ထုတ်ပြန်ထားပါတယ်။
 
အဆိုပါဖမ်းမိသူကို သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုများရေးဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များကို ဆက်လက် ဖော်ထုတ်လျက်ရှိတယ်လို့ သိရပါတယ်။
 
ဇိုင်းဇိုင်း
Photo - CCDAC MYANMAR