【 ပြည်တွင်း 】 မန္တလေးမှာ မီးသွေးဈေးနှုန်းတွေ ၂ ဆကျော်အထိ မြင့်တက်လာ

【 ပြည်တွင်း 】 မန္တလေးမှာ မီးသွေးဈေးနှုန်းတွေ ၂ ဆကျော်အထိ မြင့်တက်လာ

မန္တလေး၊ မတ် - ၂၅

မန္တလေးမြို့မှာ မီးသွေးဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ၂ ဆကျော်အထိ မြင့်တက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လျှပ်စစ်ဓာတ်အား အလုံအလောက် မရရှိမှုတွေကြောင့် ဒေသခံတွေဟာ မီးသွေးကိုပဲ အဓိကထားသုံးစွဲနေရတာကြောင့် မီးသွေးပြတ်လပ်မှုတွေ ဖြစ်ပွားခဲ့ပြီး အခုလိုဈေးနှုန်းမြင့်တက်လာတာဖြစ်ပါတယ်။

ဈေးတွေကတော့ တစ်နေ့တခြားတက်နေတယ်။ဒါပေမဲ့ အရည်အသွေးကတော့ ညံ့ပြီးရင်းညံ့ရင်းပဲ။ကိုင်းဖျား ကိုင်းနားလေးတွေကို ဖုတ်ထားတဲ့ မီးသွေးတွေတောင် ဈေးက ၂ ဆကျော် တက်နေတယ်လို့ အောင်မြေသာစံမြို့နယ်က ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းက မီးသွေးတစ်အိတ်ကို ငွေကျပ် ၈၀၀၀ ဝန်းကျင်ပဲရှိခဲ့ပေမယ့် လက်ရှိအချိန်မှာ ၁၇,၀၀၀ ကနေ ၂၀,၀၀၀ ကြားအထိရှိနေတယ်လို့ သိရပါတယ်။

မီးသွေးအများဆုံးထွက်ရှိတဲ့ မတ္တရာ၊ တံတားဦး၊ နွားထိုးကြီး၊ မြင်းခြံမြို့နယ်တွေမှာလည်းနယ်မြေအခြေအနေ မတည်ငြိမ်မှုတွေကြောင့် မီးသွေးတင်ပို့မှုတွေ လျော့နည်းကျဆင်းခဲ့တာကြောင့် မီးသွေးဈေးနှုန်းတွေဟာ ဆက်လက်မြင့်တက်ဖွယ်ရှိနေတယ်လို့ ကုန်သည်တွေက ခန့်မှန်းထားကြပါတယ်။

မန်းအောင်