【 ဆောင်းပါး 】 နှစ်နိုင်ငံပူးပေါင်းဖလှယ်မှုများမှ မြန်မာလူငယ်များအတွက် အနာဂတ်

【 ဆောင်းပါး 】 နှစ်နိုင်ငံပူးပေါင်းဖလှယ်မှုများမှ မြန်မာလူငယ်များအတွက် အနာဂတ်

မြန်မာနိုင်ငံနှင့် ရေမြေချင်းထိစပ်နေသလို အိမ်နီးချင်း နိုင်ငံတစ်ခုဖြစ်သည့် တရုတ်နိုင်ငံမှာ လက်ရှိတွင် ကမ္ဘာ့တိုးတက်ဆုံးသော နိုင်ငံတစ်ခုအဖြစ် ရှိနေခဲ့သည်။

မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍအပါအဝင် သိပ္ပံနှင့် နည်းပညာဆိုင်ရာ ကဏ္ဍများတွင်လည်း လိုအပ်သည့် ပံ့ပိုးမှုများနှင့်အတူ ပူးပေါင်းဖလှယ်လုပ်ဆောင်ခြင်းများရှိသည်။

လက်ရှိအချိန်တွင် ယင်းနိုင်ငံအတွင်းရှိ ကျောင်းများအားလုံး ရာနှုန်းပြည့်နီးပါး အင်တာနက်ဖြင့် ချိတ်ဆက်ထားခဲ့ပြီကို ကြည့်ခြင်းအားဖြင့် လူငယ်နှင့် နည်းပညာဆိုင်ရာ လုပ်ဆောင်မှုအနေအထားမှာ တိုးတက်အောင်မြင်သည့် အခြေအနေက ထင်ရှားလှသည်။

ဒစ်ဂျစ်တယ်ပညာရေးဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို လက်ရှိတွင် လုပ်ဆောင်နေပြီး ပညာရေးမူဝါဒများနှင့် စံချိန်စံညွှန်းများ လိုက်လျောညီထွေ အားကောင်းစေရန် ကြိုးပမ်းနေသလို ဒစ်ဂျစ်တယ်ပညာရေး၏ အသီးအပွင့်များကို နိုင်ငံတိုင်းရှိ ပြည်သူအများအပြားမှ အကျိုးကျေးဇူးများ ခံစားနိုင်စေမည်ဟုလည်း တရုတ်ဒုတိယဝန်ကြီးချုပ် Sun Chunlan က ကမ္ဘာ့ဒစ်ဂျစ်တယ်ပညာရေးညီလာခံ၌ ထုတ်ဖော်ပြောကြားခဲ့ဖူးသည်။

တရုတ်နိုင်ငံတွင် အွန်လိုင်းသင်တန်းများမှာ အရေအတွက်အားဖြင့် ၇၀,၀၀၀ ဝန်းကျင်ရှိလာခဲ့သလို ကျောင်းသား၊ ကျောင်းသူဦးရေ ဘီလီယံဖြင့်ချီ၍ သင်ယူလုပ်ကိုင်နေလျက်ရှိသည်။မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများနှင့်ပတ်သက်၍လည်း လန်ချန်း-မဲခေါင်နှစ်နိုင်ငံ၊ တရုတ်-မြန်မာ လူငယ်သိပ္ပံနှင့် နည်းပညာ ဖလှယ်ပွဲဆိုင်ရာ လှုပ်ရှားမှုကို တရုတ်နိုင်ငံ၊ ကွေ့လိန်မြို့နှင့် မြန်မာနိုင်ငံရှိ ရန်ကုန်မြို့တို့တွင် ပြီးခဲ့သော ၂၀၂၀ လောက်အတွင်းက ပြုလုပ်ခဲ့ကြသလို လက်ရှိတွင်လည်း ပြည်တွင်းမှ တက္ကသိုလ်များအလိုက် သင်ကြားရေးအစီအစဉ်များအချို့တွင် ပံ့ပိုးကူညီခြင်းများရှိသည်။

တရုတ်နိုင်ငံ၏ နည်းပညာစက်မှုလုပ်ငန်း အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုတွင် ရိုးရာထုတ်ကုန်မှ တဖြည်းဖြည်းပြောင်းလဲလာရင်း အဆင့်မြင့်လာကာ ဉာဏ်ရည်မြင့်သော ထုတ်လုပ်မှုဖြစ်သည့် အသိဉာဏ်တု ထည့်ထားသော ထုတ်ကုန်များအဖြစ်သို့ ရောက်လာသလို နည်းပညာဆန်းသစ်တီထွင်မှုဆီ အဆင့်ဆင့်အသွင်ကူးပြောင်း ရောက်ရှိလာခဲ့သည်။ထိုသို့ နည်းပညာတိုးတက်နေသည့် တရုတ်နိုင်ငံ၏ နည်းပညာဆိုင်ရာ စွမ်းဆောင်လုပ်ကိုင်နေမှုများက ပြည်တွင်းမှ မြန်မာလူငယ်များအတွက် လေ့လာအတုယူစရာလည်းဖြစ်သည်။လက်ရှိတွင်လည်း သိပ္ပံနှင့် နည်းပညာဆိုင်ရာ နှစ်နိုင်ငံပူးပေါင်း ဖလှယ်လုပ်ဆောင်ခြင်းများရှိနေခြင်းကြောင့် အကျိုးရလဒ်ကောင်းများကို ခံစားရတော့မည့် အခြေအနေအဖြစ် ရှိလာခဲ့သည်။

ယခု ၂၀၂၄ ခုနှစ်အတွင်းတွင်လည်း လုပ်ဆောင်သွားမည့် အာကာသသိပ္ပံနှင့် နည်းပညာဆိုင်ရာ လှုပ်ရှားမှု စက္ကူပြာစာတမ်းကို တရုတ်က ထုတ်ပြန်ထားလျက်ရှိရာ စိတ်ဝင်စားစရာကောင်းလှသည်။လူလိုက်ပါနိုင်သည့် အာကာသယာဉ်လွှတ်တင်ရေး အစီအစဉ်များနှင့် လသို့ စူးစမ်းလေ့လာမှု အစီအစဉ်များကို မြှင့်တင်ရန် စီစဉ်မှုများနှင့် လ၏ ကျောဘက် တောင်ဝင်ရိုးစွန်း - Aiken Basin မှ စမ်းသပ်ရန် နမူနာယူဆောင်ကာ လုပ်ဆောင်မည့် အခြေအနေများကိုလည်း ယင်းနိုင်ငံရှိ သတင်းများက ဖော်ပြထားကြသည်။

လက်ရှိလုပ်ဆောင်နေသည့် တရုတ်-မြန်မာ နှစ်နိုင်ငံလူငယ်များအကြား ယဉ်ကျေးမှုဖလှယ်ရေး လှုပ်ရှားမှုများအနက်မှ သိပ္ပံနှင့် နည်းပညာဖလှယ်ရေး ပူးပေါင်းဆောင်ရွက်မှုများမှာ လန်ချန်း-မဲခေါင် ပူး ပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေ စီမံချက်၏ အစီအစဉ်ဖြင့် လုပ်ဆောင်လျက်ရှိသည်။

အဆိုပါနည်းပညာဖလှယ်မှု အစီအစဉ်များတွင် တရုတ်နှင့် နိုင်ငံခြားကျောင်းသူ၊ ကျောင်းသား စုစုပေါင်း ၂၀၀ ခန့် ပါဝင်ခဲ့ကြသလို Guilin လျှပ်စစ်သိပ္ပံနှင့် နည်းပညာတက္ကသိုလ်မှ အသိဉာဏ်အတုထည့်ထားသော R & D စက်ရုပ်ကို R & D လူငယ်အသင်းက မြန်မာအပါအဝင် မဲခေါင်ငါးနိုင်ငံရှိ ကျောင်းသူ၊ ကျောင်းသားများရှေ့မှောက်သို့ သယ်ယူလာကာ ပြကွက်များဖြင့် ပြသခဲ့ကြသည်။

မြန်မာနိုင်ငံရှိ ရန်ကုန်တက္ကသိုလ် သိပ္ပံနှင့် နည်းပညာဌာနကလည်း အသိဉာဏ်အတု ထည့်သွင်းထားသည့် စက်ရုပ်ဖြင့် ဆေးဖြန်းမှုကို ယင်းအစီအစဉ်တွင် ပြသနိုင်ခဲ့သလို ကမ္ဘာ့ကပ်ရောဂါ ကာကွယ်တားဆီးရေး လုပ်ငန်းများအတွက် အထောက်အကူပြုလာကာ ပံ့ပိုးကူညီပေးနိုင်စေမည့် အခြေအနေမျိုးကိုလည်း ထုတ်ဖော်ပြသနိုင်ခဲ့ကြသည်။

မြန်မာနိုင်ငံနှင့်အတူ လန်ချန်း-မဲခေါင် ရန်ပုံငွေဖြင့် နှစ်နိုင်ငံ သိပ္ပံနှင့် နည်းပညာ ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှုများကို တရုတ်နိုင်ငံက မြှင့်တင်ကြိုးပမ်းကာ လုပ်ဆောင်နေလျက်ရှိသည်။ ၂၀၁၈ ခုနှစ်မှစ၍ လန်ချန်း-မဲခေါင် စီမံကိန်း စုစုပေါင်း ၁၀ ခုကို သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာနက ဖော်ဆောင်ခဲ့ကြသည်။ထိုစီမံကိန်းများတွင် “ဝါးအသုံးချမှု ဈေးကွက်အလားအလာ” ၊ “မဲခေါင်မြစ်ဝှမ်း ဝါးဆန်းသစ်ထုတ်ကုန် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး သင်တန်း” ၊ “မြန်မာနိုင်ငံ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (ICT) ဖွံ့ဖြိုးတိုးတက်ရေး သုတေသနဌာန” စီမံကိန်းတို့မှာ ဆောင်ရွက်ပြီးစီးခဲ့သည့် အခြေအနေမျိုးဖြစ်သလို ဆက်လက်လုပ်ဆောင်နေသည့် စီမံကိန်းများလည်းရှိနေသည်။

ထို့အပြင် မြန်မာနိုင်ငံ၏ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးဆိုင်ရာ အခြေခံသုတေသနများတွင်လည်း အားဖြည့်လုပ်ဆောင်လျက်ရှိသည်။

သိပ္ပံနှင့် နည်းပညာကဏ္ဍတွင် ခေတ်ရှေ့ပြေးကာ တိုးတက်မှု အားကောင်းနေသည့် တရုတ်နိုင်ငံသည် လက်ရှိတွင် အာကာသအတွင်း စပါးစိုက်ပျိုးနည်းပညာနှင့်ပတ်သက်၍ စမ်းသပ်မှုများကိုလည်း အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည်။
သိပ္ပံနှင့် နည်းပညာ နယ်ပယ်အတွင်း ဂြိုဟ်သိမ်ဂြိုဟ်မွှားများနှင့် Jovian စနစ်၊ အင်္ဂါဂြိုဟ်မှ နမူနာများ စုဆောင်ခြင်းနှင့် လ၏ဝင်ရိုးစွန်းဒေသ စူးစမ်းလေ့လာရေး၊ နမူနာများ ယူဆောင်လေ့လာခြင်းများအပါအဝင် အာကာသအစီအစဉ်၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် ၂၀၂၅ ခုနှစ်အထိ အစီအစဉ်အသေးစိတ်ကို ကာလသတ်မှတ်ချက်များအသီးသီးဖြင့် လုပ်ဆောင်သွားမည်ဟုလည်း ယင်းနိုင်ငံရှိ မီဒီယာများက ဖော်ပြထားကြသည်မှာ သိပ္ပံနှင့် နည်းပညာကဏ္ဍအတွက် အစီအစဉ်များကို သိသာစေခဲ့သည်။

လက်ရှိတွင်လည်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများစွာလည်းရှိနေသလို လူငယ်များအတွက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အစီအမံများဖြင့် လုပ်ဆောင်နေပြီး သိပ္ပံနှင့် နည်းပညာကဏ္ဍတွင် တိုးတက်မှုများစွာရှိနေသည့်အပြင် အစီအစဉ်သစ်များဖြင့် ဆက်လက်ပြင်ဆင်ထားသည့် တရုတ်နိုင်ငံနှင့်အတူ သိပ္ပံနှင့် နည်းပညာဖလှယ်ရေး ပူးပေါင်းဆောင်ရွက်မှုများကို လုပ်ဆောင်နေပြီး မြန်မာလူငယ်များကို ပညာတော်သင်ခေါ်ယူမှုများလည်း ရှိနေခဲ့သည်။

ထို့ကြောင့်ပင် ပူးပေါင်းဆောင်ရွက်မှုများမှ မဝေးတော့သည့် အနာဂတ်ကာလအတွင်း တိုးတက်မှုရလဒ်၏ ကောင်းကျိုးအသီးအပွင့်များကို ခံစားနိုင်တော့မည်ဖြစ်ကြောင်း ရေးသားလိုက်ရပေသည်။

ဧပရယ်လ်