【 ဆောင်းပါး 】 ရှစ်နှစ်တိုင် ခိုင်မြဲလာတဲ့ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (အပိုင်း ၁)

【 ဆောင်းပါး 】 ရှစ်နှစ်တိုင် ခိုင်မြဲလာတဲ့ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (အပိုင်း ၁)

လန်ချန်းမြစ်-မဲခေါင်မြစ်သည် တရုတ်နိုင်ငံ၊ ချင်းဟိုင် တိဘက်ကုန်းပြင်မြင့်ဒေသ၊ ထန်ကူလာတောင်တန်းမှ မြစ်ဖျားခံလာပြီး မိုင်ထောင်ချီ ကွေ့ကောက်စီးဆင်းကာ တရုတ်၊ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် ခြောက်နိုင်ငံကို နီးစပ်စွာ ချိတ်ဆက်ပေးထားပါတယ်။
 
ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့တွင် မဲခေါင်မြစ်ဟု ခေါ်တွင်ပြီး တရုတ်နိုင်ငံ၌ လန်ချန်းမြစ်လို့ ခေါ်တွင်သည့် လန်ချန်း-မဲခေါင်မြစ်သည် မိုင်ပေါင်း ၂၇၀၀ ကျော် ရှည်လျားပြီး ကမ္ဘာ့ ၁၂ ခုမြောက် အရှည်ဆုံးမြစ်ဖြစ်ပါတယ်။
 
ရှည်လျားသော သမိုင်းကြောင်းဖြစ်တည်မှုနှင့် ဖြတ်သန်းစီးဆင်းရာ မြစ်ကြောင်းတစ်လျှောက်ရှိ နိုင်ငံအသီးသီးနှင့် ဒေသအသီးသီးတို့တွင် မှီတင်းနေထိုင်သူများ၏ လူမှုစီးပွားဘဝများကို များစွာအထောက်အကူပြုလျက်ရှိပါတယ်။
 
လန်ချန်း-မဲခေါင် မြစ်ကြောင်းတစ်လျှောက်က နိုင်ငံတွေအနေနဲ့လည်း ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုတွေကို လုပ်ဆောင်လျက်ရှိပါတယ်။
 
လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် မြန်မာနိုင်ငံ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သည့် (၁၇) ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေးတွင် ထိုင်းနိုင်ငံက မဲခေါင်ဒေသတွင်းနိုင်ငံများအကြား ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်ကို လျှော့ချရန်နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရရှိရန်အတွက် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန်လိုကြောင်း ကနဦးဆွေးနွေးခဲ့ပါတယ်။
 
အဲဒီဆွေးနွေးမှုအပေါ် တရုတ်နိုင်ငံက ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ပါဝင်သည့် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်တစ်ရပ် ထူထောင်ရန် အဆိုပြုခဲ့ရာမှ လန်ချန်း-မဲခေါင် ပူးပေါင်း ဆောင်ရွက်မှုကို စတင်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။
 
လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု၏ ပထမအကြိမ် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့၌ ကျင်းပခဲ့ပြီး မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်ကို နိုင်ငံရေးနှင့် လုံခြုံရေးမဏ္ဍိုင် (Political and Security)၊ စီးပွားရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးမဏ္ဍိုင် (Economic and Sustainable Develo-pment) နှင့် လူမှုရေး၊ ယဉ်ကျေးမှုနှင့် ပြည်သူအချင်းချင်း အပြန်အလှန်ထိတွေ့ဆက်ဆံရေးမဏ္ဍိုင် (Social, Cultural and People-to-People Exchanges) စသည့် မဏ္ဍိုင်သုံးရပ်ဖြင့် ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြပါတယ်။
 
ပထမအကြိမ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးကိုတော့ ၂၀၁၆ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် တရုတ်နိုင်ငံ၊ ဆန်းယမြို့၌ ကျင်းပခဲ့ပြီး ဆန်းယကြေညာစာတမ်း (Sanya Declaration) ကို ထုတ်ပြန်ကြေညာကာ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုကို တရားဝင် စတင်ခဲ့ပါတယ်။
 
ဆန်းယကြေညာစာတမ်းအရ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများသည် ပေါင်းစည်းဆက်နွယ်မှု၊ ထုတ်လုပ်မှုစွမ်းရည်တိုးမြှင့်ရေး ပူးပေါင်းဆောင်ရွက်မှု၊ နယ်စပ်ဖြတ်ကျော် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ရေအရင်းအမြစ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် စိုက်ပျိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဟူသည့် ဦးစားပေးနယ်ပယ် ငါးရပ်တွင် အဓိကထား ပူးပေါင်းဆောင်ရွက်လိုကြတာကြောင့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု မဏ္ဍိုင်သုံးရပ်နှင့် ပူးပေါင်းဆောင်ရွက်မှုကဏ္ဍငါးခုတို့ကို ပေါင်းစပ်ကာ 3+5 မူဘောင် (3+5 Frame-work) ဟု သတ်မှတ်ခေါ်ဆိုခဲ့တာဖြစ်ပါတယ်။
 
၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်းမှာ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်ပင်မြို့၌ ကျင်းပခဲ့သည့် ဒုတိယအကြိမ် နိုင်ငံ့ခေါင်းဆောင်များအစည်းအဝေးတွင်လည်း လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ငါးနှစ်တာလုပ်ငန်းအစီအစဉ် ၂၀၁၈-၂၀၂၂ (MLC Five-Year Plan of Action 2018-2022) ကို အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။
 
အဆိုပါလုပ်ငန်းအစီအစဉ်အရ ကျန်းမာရေး၊ ပညာရေး၊ ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှု၊ အကောက်ခွန်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သစ်တော၊ ဘဏ္ဍာရေး၊ လျှပ်စစ်နှင့်စွမ်းအင်နှင့် သတင်းမီဒီယာ စသည့် ဦးစားပေး နယ်ပယ် ၁၀ ခုကို ယခင် 3+5 မူဘောင်တွင် ထပ်မံထည့်သွင်းခဲ့ပြီးနောက် 3+5+X မူဘောင် (3+5+X Framework) အဖြစ် ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ခဲ့ပါတယ်။
 
ဒေသတွင်းခြောက်နိုင်ငံက ခေါင်းဆောင်များဟာ၂၀၁၆ ခုနှစ်ကစပြီး တစ်မြစ်ထဲ ရေအတူသောက်သုံး၍ ကံကြမ္မာချင်း နီးကပ်စွာ ချိတ်ဆက်နေခြင်းဆိုတဲ့ စိတ်ဓာတ်ဖြင့် လန်ချန်း -မဲခေါင် ပူးပေါင်းဆောင်ရွက်မှုဟူသော ဒေသခွဲပူးပေါင်းဆောင်ရွက်မှု ယန္တရားပုံစံအသစ်ကို  အတူစတင်ခဲ့ကြတာဖြစ်ပါတယ်။
 
အခုဆိုရင် ရှစ်နှစ်တာကာလအတွင်းကို ရောက်ရှိလာပြီဖြစ်ပါတယ်။အဲဒီရှစ်နှစ်တာကာလအတွင်း၌ လန်ချန်း-မဲခေါင် ခြောက်နိုင်ငံသည် တန်းတူညီမျှဆက်ဆံပြီး ရိုးသားစွာအပြန်အလှန်ကူညီကာ  တစ်မိသားစုတည်းပမာ ချစ်ခင်ရင်းနှီးမှုကို တည်ဆောက်နိုင်ခဲ့ကြပါတယ် ။
 
လန်ချန်း- မဲခေါင် ပူးပေါင်းဆောင်ရွက်မှုဟာ သုညကနေ ယခုကဲ့သို့ တိုးတက်လာသည်အထိ  အရည်အသွေးမြင့် အဆင့်မြှင့်တင်လာနိုင်ခဲ့ပြီး  များပြားသောအကျိုးရလဒ်များကို ပိုင်ဆိုင်ရရှိနိုင်ခဲ့တာဖြစ်ပါတယ်။
 
ဒါကြောင့် လန်ချန်း-မဲခေါင်နိုင်ငံများ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုသည်လည်း အဆက်မပြတ် ခိုင်မြဲနက်ရှိုင်းလာပြီး မြစ်ဝှမ်းဒေသနိုင်ငံမှ ပြည်သူများအတွက်  လက်တွေ့ကျကျ အကျိုးစီးပွါးများသယ်ဆောင်လာပေးခြင်းဖြစ်ပါတယ်။
 
(ဆက်လက်ဖော်ပြပါမည်။)
 
ခန့်မောင်