【 နိုင်ငံတကာဆောင်းပါး 】 တရုတ်ဆန့်ကျင်ရေး ဝါဒဖြန့်ချိမှု ဖိလစ်ပိုင်ကိုသာ ပြန်ထိခိုက်နိုင်

【 နိုင်ငံတကာဆောင်းပါး 】 တရုတ်ဆန့်ကျင်ရေး ဝါဒဖြန့်ချိမှု ဖိလစ်ပိုင်ကိုသာ ပြန်ထိခိုက်နိုင်

ဟွမ်ယန်းကျွန်းတွင် တရုတ်ငါးဖမ်းသမားများက ဓာတုပစ္စည်းများသုံးနေသည်ဟု စွပ်စွဲပြီး တစ်ရက်အကြာတွင် ဖိလစ်ပိုင်အာဏာပိုင်များက တရုတ်က ကျွန်း၌ သန္တာကျောက်တန်းများကို ဖျက်ဆီးနေပြီး အဏ္ဏဝါအရင်းအမြစ်များကို ထိခိုက်စေနေသည့် သက်သေမရှိဟု ပြောဆိုခဲ့သည်။

ထို့ကဲ့သို့သော သတင်းအမှားများသည် ပထမဆုံးအကြိမ်မဟုတ်ဘဲ တရုတ်၏ ကိုယ်ပိုင်သန္တာကျောက်တန်းများနှင့် ကျွန်းများကို လုယူရန်အတွက် ဖိလစ်ပိုင်အစိုးရသည် တောင်တရုတ်ပင်လယ်အတွင်းရှိ တရုတ်ရေပိုက်နက်များသို့ တရားမဝင်ကျူးကျော်ခဲ့သည့်အပြင် မကြာသေးခင်အချိန်ကပင် တရုတ်ကို ဆန့်ကျင်ရေး အများပြည်သူအမြင်နှင့် သတင်းထောက်များကို ပြောဆိုမှုများကို ထိန်းချုပ်နိုင်ရန်အတွက် သတင်းအမှားများ ဖြန့်ဝေလာခဲ့ခြင်းဖြစ်သည်။

ဖိလစ်ပိုင်အစိုးရသည် အလိမ်အညာများ ဖန်တီးပြီး တရုတ်ကို အကွက်ချမည့် ပြဿနာများကို စိတ်အားထက်သန်စွာ ဖန်တီးလျက်ရှိသည်။ပြီးခဲ့သောနှစ် စက်တင်ဘာလတွင် ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့သည် သာမန်ငါးဖမ်းသမားများကဲ့သို့ ဟန်ဆောင်ကာ ဟွမ်ယန်းကျွန်းသို့ ချည်းကပ်ခဲ့ကာ ကျောက်ဆူးများကို ဖြတ်တောက်ခဲ့သည်။ထို့နောက်တွင် သတင်းစာရှင်းလင်းပွဲ၌ အတည်မပြုနိုင်သော ကျောက်တန်းများကို တရုတ်၏ ဝင်ရောက်နှောင့်ယှက်မှုဟု ဆိုခဲ့သည်။

အကွက်ဆင်ထားသော ဖြစ်ရပ်များအပြီးတွင် ဖိလစ်ပိုင်၏ နောက်ထပ်ခြေလှမ်းမှာ အနောက်နိုင်ငံများမှ မီဒီယာများနှင့် ပူးပေါင်းကာ ဝါဒဖြန့်ချိရေးကမ်ပိန်းကို စတင်ခဲ့သည်။မနီလာသည် တရုတ်ဆန့်ကျင်သည့် သတင်းထောက်များစွာကို ဖိတ်ခေါ်ကာ တရုတ်ရေပိုင်နက်များအတွင်းသို့ ဝင်ရောက်ခဲ့သည်။တရုတ်ကို ဖျက်ဆီးရန် အခွင့်အရေးတိုင်းကို လိုလားသော အနောက်နိုင်ငံမီဒီယာများက ဖိလစ်ပိုင်အစိုးရနှင့် ပျော်ရွှင်စွာ လက်တွဲကြသည်။တောင်တရုတ်ပင်လယ်နှင့် သက်ဆိုင်သော တရုတ်ဆန့်ကျင်ရေး သတင်းများကို အနောက်နိုင်ငံများနှင့် ဖိလစ်ပိုင်တို့ကသာ ရေးသားကြခြင်းဖြစ်သည်။

ထိုမီဒီယာသတင်းများသည် တရုတ်ဘက်မှ ထုတ်ပြန်ချက်များနှင့် တုံ့ပြန်ချက်များကို မသိချင်ယောင်ဆောင်ထားကာ တရုတ်သည် တောင်တရုတ်ပင်လယ်အတွင်း၌ နိုင်ငံတကာဥပဒေကို မလိုက်နာဘဲ ကြီးငယ်နိုင်ညှဉ်းလုပ်နေသည့် နိုင်ငံဟု ဖော်ပြကြသည်။တရုတ်၏ တရားမျှတသော လုပ်ရပ်များကို အဆင်အခြင်မဲ့ပြီး အန္တရာယ်များသော လုပ်ရပ်များဟု ဆိုကြသည်။

ပြဿနာများကို အကွက်ဆင်ပြီး သတင်းအမှားများကို ဖြန့်ဝေခြင်းဖြင့် ဖိလစ်ပိုင်အစိုးရသည် နစ်နာသူအဖြစ် ဟန်ဆောင်လျက်ရှိသည်။ညစ်ပတ်သော လုပ်ရပ်များဖြင့် နိုင်ငံတကာပြည်သူများ၏ အမြင်ကို ထိန်းချုပ်ကာ တရုတ်ကို ဖိအားပေးပြီး တရုတ်ပိုင် သန္တာကျောက်တန်းများနှင့် ကျွန်းများကို လုယူရန် ကြိုးပမ်းလျက်ရှိသည်။

မနီလာအနေဖြင့် အနောက်နိုင်ငံများအပေါ် အလွန်မှီခိုနေခြင်းသည် မီးနှင့်ကစားနေခြင်းဖြစ်သည်။မနီလာအစိုးရသည် အနောက်နိုင်ငံသတင်းဌာနများကို အသုံးချကာ ကိုယ်ပိုင်အကျိုးစီးပွားကို ရှာဖွေနေခြင်းသည် အနောက်နိုင်ငံများအတွက် တရုတ်ကို ထိန်းချုပ်ရေးအတွက် အသုံးချခံဖြစ်လာသည်။

အချို့သော အနောက်နိုင်ငံရေးသမားများသည် တရုတ်-ဖိလစ်ပိုင် နယ်မြေအငြင်းပွားမှုပြဿနာတွင် ဖိလစ်ပိုင်ကို ပေါ်တင်ထောက်ခံကြသည်။သို့သော်လည်း အမေရိကန်သည် အခြားနိုင်ငံများ၏ အကျိုးစီးပွားများအတွက် ကိုယ်ပိုင်အကျိုးစီးပွားကို စွန့်လွှတ်အနစ်နာခံမည် မဟုတ်ကြောင်း သမိုင်းများက ဖော်ပြလျက်ရှိသည်။ယူကရိန်း၊ အီရတ်နှင့် အာဖဂ္ဂန်နစ္စတန်ကဲ့သို့သော နိုင်ငံများတွင် အမေရိကန်၏ မူဝါဒမှာ ကိုယ်ကျိုးအတွက်သာဖြစ်ကြောင်း လှစ်ဟဖော်ပြနေခြင်းဖြစ်သည်။

ထို့အပြင် တရုတ်၏ အချုပ်အခြာအာဏာကို ကာကွယ်ရန် ဆုံးဖြတ်ချက်ပြင်းထန်မှုကို လျှော့တွက်ကြသည်။မနီလာက စစ်ဘက်ဆိုင်ရာဖြင့်ဖြစ်စေ ဝါဒဖြန့်ချိရေးကမ်ပိန်းအရဖြစ်စေ မကြာခဏရန်စနေခြင်းသည် တင်းမာမှုကိုသာဖြစ်စေပြီး တကယ့်စစ်ရေးပဋိပက္ခအထိပင် ဖြစ်လာနိုင်သည်။အငြင်းပွားမှုများကို ဖြေရှင်းရန်မှာ ညှိနှိုင်းဆွေးနွေးခြင်းကသာ အဖြေဖြစ်သည်။

တောင်တရုတ်ပင်လယ်နှင့်ပတ်သက်ပြီး တရုတ်၏ရပ်တည်ချက်မှာ ရှင်းလင်းပြီး တစ်သမတ်တည်းဖြစ်သည်။တရုတ်အစိုးရသည် အငြင်းပွားမှုများကို သက်ဆိုင်ရာနိုင်ငံများနှင့် ညှိနှိုင်းဆွေးနွေးခြင်းများမှတစ်ဆင့် ဖြေရှင်းရန်သာ ကတိပြုထားပြီး ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ကာကွယ်ရန် အာဆီယံနိုင်ငံများနှင့် လက်တွဲသွားမည်ဖြစ်သည်။

ညှိနှိုင်းဆွေးနွေးရေးအတွက် တရုတ်၏ တံခါးမှာ အမြဲတမ်းဖွင့်လှစ်ထားပြီး ယခုအချိန်သည် ဖိလစ်ပိုင်ဘက်မှ စိတ်ရင်းအမှန်ကိုပြသရမည့် အချိန်သာဖြစ်သည်။

စိုးနိုင်ထွန်း
Ref - CMG | Manila's anti-China propaganda campaign will backfire