【ဆောင်းပါး】ကျသည့်နေရာ ကျေပွန်ဖို့သာ

【ဆောင်းပါး】ကျသည့်နေရာ ကျေပွန်ဖို့သာ  

လွတ်လပ်ရေးနေ့ ရောက်လာပြန်ပြီ။ ယခုနှစ်ဆို လွတ်လပ်ရေးရတာ ၇၆ နှစ်ရှိပြီ ဖြစ်သည်။ ကျနော်ပင် အသက် ၆၀ ဝန်းကျင်။ လွတ်လပ်ရေးရပြီးနောက် မွေးလာသူဖြစ်သဖြင့် မလွတ်လပ်သည့်အရသာကို တင်းပြည့် ကျပ်ပြည့်မသိသော်လည်း ယခုသုံးနှစ်အတွင်း တချို့ကိစ္စတွေ၊သွားရာလာရာမှာ ကြုံရသည့် အခက်အခဲတွေကြောင့် ထိုခံစားမှုကို နားလည်လာသည်။ ဘာကြောင့် လူတွေလွတ်လပ်လိုသည်ကိုသိလာသလို ရုပ်ပိုင်းဆိုင်ရာ လွတ်လပ်မှုနှင့် စိတ်ပိုင်းဆိုင်ရာ လွတ်လပ်မှု ကွဲပြားမှုကိုလည်း သိလာသည်။ ဘာကြောင့် ကြောင့်ကြမဲ့စွာ နေလိုစိတ်ရှိကြသည်ကို ကိုယ်တိုင်သိလာသလို ငယ်စဉ်က ရေရေရာရာမသိခဲ့သည်ကို လွတ်လပ်မှုအရသာကိုလည်း ယခုသိလာရသည်။

အခုပြန်စဉ်းစားကြည့်တော့ ယခင်အချိန်တွေက လွမ်းစရာ ။ ငယ်စဉ်ကတော့  လွတ်လပ်ရေးနေ့ဆိုသည်မှာ ပျော်စရာ။ မည်သည့်အဓိပ္ပါယ်ဆောင်သည်ကို မသိသော်လည်း ပြိုင်ပွဲများဖြင့် တစ်လမ်းလုံး တစ်ရပ် ကွက်လုံး မအားမလပ်ဖြစ်ရသည့် ရက်တွေ။ မနက်ဆို လော်စကီကာကနေ အော်ပြီ။ နောက်အားကစားပြိုင်ပွဲ။ နောက်လမ်းထဲ အကျွေးအမွေးများ၊ ညကျတော့ အားကစား ဆုတွေပေး။ ပိတ်ကားထောင်ကာ ရုပ်ရှင်ပြ။ ဒီလိုဖြင့် ငယ်စဉ်ဘ၀ လွတ်လပ်ရေးနေ့များသည် ပျော်စရာများဖြင့်  တစ်နှစ်ပြီး တစ်နှစ် ကုန်လွန်ခဲ့သည်။အတန်းကျောင်းတက်လို့ အလယ်တန်းလောက်ရောက်မှ လွတ်လပ်ရေးနေ့ ဘာကြောင့်ဖြစ်လာရမှန်းသိလာသည်။ ဘယ်သူတွေက လွတ်လပ်ရေးရဖို့ အသက်ရင်းကာ တိုက်ယူခဲ့သည်။ဘယ်သူတွေက မထင်မရှားဘ၀ဖြင့် အသက်ပေးဆပ်ကာ လွတ်လပ်ရေးရယူခဲ့ကြသည်ကို နားလည်လာသည်။

ငယ်စဉ်အတန်းကျောင်းတက်စဉ်ကဆို ကျနော်က စာစီစာကုံးအမြဲပြိုင်ရသည်။ လက်ရေးလှခြင်းနှင့် စာရေးရာတွင် ဝါသနာပါသူနည်းခြင်းကြောင့် စာစီစာကုံးလို ပြိုင်ပွဲတွေဆို ကျနော်က အမြဲဝင်ပြိုင်ရသည်။ဆရာမ အချစ်တော်ပေါ့။  ဆုရသည့်အခါလည်းရ မရသည့်အခါလည်းမရ။ ရပ်ကွက်ထဲ အားကစားပြိုင်ပွဲတွေဆိုလည်း အသက်အရွယ်ထက် လူကောင်ကပိုကြီးသဖြင့် ပြိုင်ပွဲမှန်သမျှ ကိုယ်သာပထမ။ ပြီးတော့ ဘောလုံးလို ထုပ်ဆီးတိုးတာလို စုဖွဲ့ကစားရမှုတွင်  လူတွေ၏ နိုင်လိုစိတ်ကြီးမှုကြောင့်လည်း  ကျနော်ကို ဟိုလူကခေါ်ချင်၊ ဒီလူကခေါ်ချင် နှင့် စန်းပွင့်သည်။  

ငယ်စဉ်က ဝင်ပြိုင်ခဲ့ရသည့် အားကစားပြိုင်ပွဲအတော်များများကို ယခုပြန်သတိထားကြည့်သည့်အခါ  စုပေါင်းလုပ်ဆောင်စေလိုသည့်စိတ်ထက် တစ်ဦးချင်းစွမ်းရည်ကို ပိုအားပေးလိုသည့် အားကစားနည်းမျိုးက ပိုများနေကြောင်း သတိထားမိသည်။ ယခု ကိုယ်တိုင်စာသင်ဆရာအဖြစ် နိုင်ငံခြားကျောင်းများလာဖွင့်သည့် နိုင်ငံတကာ ကျောင်းများကို လေ့လာကြည့်သည့်အခါမှ  နိုင်ငံခြားမှ လာသင်သည့် ကျောင်းများ၊ နိုင်ငံခြားသင်ကြားရေးစနစ်ကို ယူသည့်ကျောင်းများတွင် စုပေါင်းဆောင်ရွက်စိတ်၊ မသိလျှင် သင်ယူလိုသည်ကို အားပေးသည့်စိတ်မျိုးကို အထူး အားပေးကာ ပြုစုပျိုးထောင်ကြသည်ကို တွေ့ရသည်။

ဆိုပါစို့။ အပြေးပြိုင်ပွဲတွင်ပင် တစ်ဦးချင်းပြိုင်ပွဲထက် လက်ဆင့်ကမ်းပြိုင်ပွဲကိုသာ ကျင်းပလေ့ရှိသည်ကို တွေ့ရသည်။ ဘောလုံးဆိုလျှင်ကိုယ့်အသင်းမှ လူများများထိပြီးမှ ဝင်သည့် ဂိုးကို အမှတ်ပိုပေးသည့် ဘောလုံးအားကစားနည်းမျိုးကိုလည်း တွေ့ရသည်။ နောက်ပြီး ကလေးငယ်များကို တစ်သင်းလျှင် လေးငါးယောက်ဖြင့် ပစ္စည်းတွေ လက်ဆင့်ကမ်းသယ်ရသည့် စုပေါင်းအားကစားနည်းမျိုးတွေကို ထည့်သွင်းကျင်းပစေတတ်တာ တွေ့ရသလို ကလေးများအား တစ်သင်းထဲ ပုံသေမထားဘဲ မကြာခဏရောကာ အသင်းပေါင်းစုံလှည့်ကာ စုကစားစေသည့် စနစ်မျိုးကိုလည်းတွေ့ရသည်။ ထို့သို့ ပြုလုပ်ခြင်းကြောင့် လွတ်လပ်ရေးနေ့လို အားကစားပွဲတွေ ကျင်းပပြီးပါက ကလေးများမှာ မိသားစုတစ်စုသဖွယ် ကလေးအချင်းချင်း ပို၍ ချစ်ခင်လာသလို ပို၍ တစ်ဦးနှင့်တစ်ဦး သည်းခံပေးကာ  စုပေါင်းဆောင်ရွက်လိုသည့်စိတ် ၊ကျရောနေရာတွင် ပြီးမြောက်အောင်လုပ်လိုသည့်စိတ်၊ ပေးသည့် တာဝန်ကို ကျေနပ်စွာလုပ်ရသည်ကို ဂုဏ်ယူလိုသည့်စိတ်များ ထွန်းဖြစ်စေသည်ကို တွေ့ရသည်။

ထိုကလေးများ အားကစားပွဲအပြီး မိဘများလာကြိုသည့်အခါ ဘာတွေပြောကြသနည်းဟု လေ့လာသည့်အခါ ပြိုင်ပွဲများတွင်ရသည့် ဆုထက် ဘယ်လိုလွဲချော်ခဲ့တာ၊ ဘယ်လိုလုပ်လိုက်လို့ လူတွေက သဘောကျသွားတာ သူငယ်ချင်းတွေက ဘယ်လို ကူညီလို့ သူအနိုင်ရတာ၊ သူငယ်ချင်းအနိုင်ရဖို့ သူဘယ်လိုလုပ်ပေးလိုက်တာ စသဖြင့် အားကစားပွဲမှာရသည့် အောင်မြင်မှုထက် စုပေါင်းကာ ပါဝင်ရသည်ပျော်ရွှင်မှုကို ပိုအလေးထား တန်ဖိုးထားပြောလာကြသည်ကို သတိထားမိသည်။

ထိုသည်မှာ ပြောင်းလဲလာသည့် အခြေအနေတွေဖြစ်သည်။ ကျနော်တို့ခေတ်ကတော့ လူကောင်ကြီးတဲ့ လူဆို ကိုယ်ကာယအားကိုးဖြင့် လူတွင်ကျယ်သည်။ တစ်ဦးကောင်းတစ်ယောက်ကောင်းစိတ်ဖြင့် ယှဉ်ပြိုင်မှုတွေ များသည်။ ဆုရသဖြင့် ကိုယ်တစ်ယောက်တည်းပျော်ရတာများလာသည့်အခါ ငါက တခြားသူနှင့် ပို၍ မြတ်သည် ဆိုသောစိတ်၊ သာသည် ၊ထူးချွန်သည်ဆိုသော အတ္တစွဲစိတ်ကြီးလာသည်။ ဘယ်အရာမဆို ဦးစားပေးခံရမှ စိတ်က အဆင်ပြေသည်။ထိုစိတ်ကြောင့် အပေါင်းအသင်းသူငယ်ချင်းများအပေါ်  ဗိုလ်ကျစိတ်က ဝင်လာခဲ့သည်။

ကျနော် ငယ်စဉ်က ထိုစိတ်မျိုးဖြစ်ခဲ့သည်။ မကောင်းသည့် ထိုစိတ် အတန်ကြာသည်အထိ ဖြစ်ခဲ့သည်။ ထိုစိတ်ကျွတ်ချင်တော့လည်း တစ်ခါတည်း။ ဘယ်လို ကျွတ်သွားသလဲဆို တစ်ခုသော လွတ်လပ်ရေးနေ့မှာဖြစ်သည်။ ထိုနှစ်က ကျနော်က ခုနှစ်တန်းဖြစ်မည်ထင်သည်။ ရပ်ကွက်ထဲ လွတ်လပ်ရေးအားကစား ပြိုင်ပွဲလုပ်သည်။ ချောတိုင်တက်ပွဲမှာ ဆုကြေးအများဆုံးဖြစ်သည်။ ထိုစဉ်က သံပုရာခြမ်းဟုခေါ်သည့် ဘောလုံးတစ်လုံးစျေးမှာ တစ်ဆယ်ကျပ်ပေးရသည်။ ကျနော်တို့ ကလေးတွေမှာ ဘောလုံးကန်နေရာတွင် ကန်နေကြဘောလုံးက ပေါက်သဖြင့် မကြာခဏ ဖာရသည်။ ထို့ကြောင့် ချောတိုင်တက်လျှင်ရမည့် ဆုကြေးကို မျက်စိကျနေကြသည်။ ချောတိုင်ထိပ်မှ အလံရပါက ငွေ ၁၀ ရမည်။ ငွေတစ်ဆယ်ဆိုသည်မှာ ယနေ့ခေတ်ဆို ယခုလေးငါးသောင်းလောက် တန်ဖိုး ရှိမလားမသိ။ ထိုစဉ်က ကျနော်တို့ မုန့်ဖိုးပင် ငါးမူးတစ်မတ်ဖြစ်လေရာ တစ်ဆယ်ဆို မည်မျှများမည်ကို မှန်းဆနိုင်သည်။ ထိုချောတိုင်တက်ပွဲကို ကလေးဆို ငါးယောက် လူကြီးဆို လေးယောက်ဟု သတ်မှတ်ထားရာ တက်မည့်အသင်းတွေက အများသား ။ ဘောလုံးဝယ်ဖို့ ပိုက်ဆံလိုနေသော ကျနော်တို့ ကလေးတွေလည်း ထိုချောတိုင်တက်ပွဲ တက်ဖို့ စာရင်းပေးကြသည်။

ချောတိုင်မှာ တိုင်ထိပ်မှ အလံအလွယ်တကူမရအောင် တိုင်ထိပ်မှာ ဆီဖြည့်ထားသဖြင့် တိုင်လှုပ်တာနဲ့ ဆီလျောကာ ပိုချောကုန်သဖြင့် ချောတိုင်တက်သည့်လူမှာ တွယ်မတက်နိုင်ဘဲ လျောကျကာ လူထပ်ထား သမျှ ပြိုကျလေသဖြင့် ကြည့်သူတွေမှ တဝါးဝါးတဟားဟားနှင့်။ ကျနော်တို့ကလေးတွေက  လူကောင်ကြီးသည့် ကျနော်ကို အောက်မှာထားကာ လူကောင်ညှက်သည့် အသေးလေးကို ထိပ်ဆုံးထိတက်ကာ အလံကို ချွတ်ယူရန် ဖြစ်သည်။ ဒီအတွက် ကျနော်က  လေးယောက်ဝိတ်ကို တစ်ယောက်တည်းထမ်းရမည်ဖြစ်သည်။ နေရာတကာ ဦးစားပေးခံရသည့် ကျနော်က ဒီလို သိပ်မလုပ်ချင်။ ဖြစ်နိုင်လျှင် အပေါ်ဆုံးမှာနေကာ အလံတိုင်ကိုသာ  ချွတ်ယူသည့် တာဝန်ယူချင်သည်။ သို့သော် ဒီလိုစဉ်းစားတော့ ကိုယ်အလေးချိန်ကို တောင့်ခံနိုင်မည့်သူ မရှိ။ ကိုယ်အတွေးနှင့်ပင် အောက်ကနေမယ့်သူကို ရှာမရသည့်အခါ ဘောလုံးဝယ်ဖို့ ပိုက်ဆံကလည်း ဒီနည်းတစ်ခုသာရှိ လေတော့ နောက်ဆုံးတော့ ကျနော် အောက်ဆုံးကနေဖို့ သဘောတူရသည်။  

ကျန်လေးယောက်က ကျနော်ပေါ်ကနေ အဆင့်ဆင့်တက်ကာ အပေါ်ဆုံးတွင် အသေးလေးကိုထားကာ ချောတိုင်ကို တွယ်ဖက်ပြီး အောက်ကနေကျနော်က မတ်မတ်ထရပ်ပြီး အဆင့်ဆင့်ရပ်ကြရာ အလေးချိန်ဟန်ချက်မျှသဖြင့် ချောဆီမှာ ကျနော်တို့ကို ဒုက္ခမပေးနိုင်ဘဲ  ချောတိုင်အောင်လံကို ကျနော်တို့ကလေးတွေရသွားခဲ့သည်။ ထိုအခါ ကြည့်နေသည့် လူတွေမှာ လက်ခုပ်တီးလိုက်သည်မှာ ယခုချိန်ပြန်စဉ်းစားကြည့်သည်ပင် မျက်ရည်ဝဲသည်အထိ ကြည်နူးရသည်။

ချောတိုင်အလံမယူခင်  ကျနော်ထင်သည်က ချောတိုင်အလံကိုသာ ကျနော်တို့ ကလေးတွေ ရအောင် ယူနိုင်ပါက ထိပ်ဆုံးက အလံချွတ်ယူသည့် အသေးလေးကိုသာ လူတွေက ချီးမွမ်းဂုဏ်ပြုကြလိမ့်မည်ဟုသာ။  တကယ်တော့ ဒီလိုမဟုတ်။ ကြည့်နေသည့် လူတွေက ဒီကလေးတွေ ညီလိုက်ကြတာ၊ အောက်နေသန်မာတဲ့သူက တောင့်ခံပြီး ညီညီညွတ်ညွတ်နဲ့ယူကြတာ လူကြီးတွေတောင်ယူမရတဲ့ အောင်လံကို ယူနိုင်တယ်၊ တော်လိုက်ကြတာ..ဟု အကုန်လုံးကို ချီးကျူးကြ၊ပြောမဆုံးအောင်ဖြစ်ကြနှင့်။

တစ်ကယ်တော့ ကျနော်တို့မှာ ဘောလုံးဖိုး ပိုက်ဆံရဖို့ ဆိုသည့် စိတ်တစ်ခုဖြင့် သာသည်နာသည်ဆိုသည့် စိတ်ကို မထားဘဲ ကြိုးစားခဲ့ခြင်းကြောင့် ဒီလို အောင်မြင်မှုကို ရခဲ့ခြင်းဖြစ်သည်။ ထို့နောက်ပိုင်းမှာ ကျနော်နားလည်သွားသည်။ အောင်မြင်မှုဆိုသည်မှာ တစ်ယောက်တည်းထက် မျှဝေခံစားရတာ ဘယ်လောက်ကောင်းကြောင်းနှင့်။

ဒီလို သာသည်နာသည်စိတ်မရှိဘဲ အောင်မြင်ဖို့အဓိက ဆိုသည့်စိတ်၊ အောင်မြင်မှုရဖို့  ငါ ဘယ်နေရာဘဲ နေရနေရဆိုသည့် အသင်းအဖွဲ့စိတ်ဓာတ်ကောင်း၏ တန်ဖိုးကို ထိုအချိန်ကစကာရခဲ့သည်။ လူကောင်ကြီး တိုင်း၊ အားကောင်းတိုင်းလည်း နေရာတကာ အနိုင်ရနိုင်မည်မဟုတ်ဆိုသည်ကိုလည်း သိခဲ့သည်။ လူမှန်နေရာမှန်ဖြင့် အောင်မြင်ဖို့အတွက် ကျရာတာဝန်ထမ်းဖို့က အဓိကဆိုသည်ကိုပါ နားလည်ခဲ့သည်။ထို့နောက်ပိုင်း ကျနော်တွင် ဦးစားပေးခံရမှဆိုသည့် စိတ်မရှိတော့။

တကယ်တော့ ဗိုလ်ချုပ်တို့ လွတ်လပ်ရေးရအောင် တိုက်နိုင်ခဲ့သည်မှာ ကျသည့်နေရာတွင် ကျေပွန်အောင်ထမ်းကာ လွတ်လပ်ရေးရဖို့သာ အာရုံစိုက်သည့်သူတွေက  ဗိုလ်ချုပ်အောင်ဆန်းတို့ဦးဆောင်မှုနောက် တွင် အများအပြားရှိခဲ့ခြင်းကြောင့် ဖြစ်လေသည်။           

မောင်ဦးလွင်

Photo Crd: Myanmar4you