【ဆောင်းပါး】ဆရာတာရာ၊ဆရာနတ်နွယ်နှင့် ရာပြည့်နှစ်၊ ဆယ်ပြည့်နှစ်များ (၃)

【ဆောင်းပါး】ဆရာတာရာ၊ဆရာနတ်နွယ်နှင့် ရာပြည့်နှစ်၊ ဆယ်ပြည့်နှစ်များ (၃)

ဆရာဒဂုန်တာရာကား စာပေဘဝတလျောက်လုံးပင် တသမတ်တည်းတွေ့ရသည်၊ ယုံကြည်မှုတွင် တွေ့ရ သလို ရပ်တည်မှုတွင်လည်းဤသို့ပင်တွေ့ရသည်။ထားပါတော့။နိုင်ငံရေးနယ်ပယ်တွင်"အမြင်၊နည်းနာနှင့်ရပ်တည် ချက်" ဟူ၍ဆိုတတ်သည်။ လက်ခံထားသောဝါဒ၊ သွားရမည့်နည်းလမ်းနှင့် လက်တွေ့ဘာလုပ်သလဲ၊ ဘယ် ဘက် က ရပ်သလဲ၊ ရန်သူဘက်ကရပ်သလား၊ ပြည်သူဘက်ကရပ်သလားဟုရှင်းရှင်းပင်မေးခွန်းထုတ်နိုင်သည်၊ နားလည်နိုင်သည်။ အမြင်နှင့်နည်းနာမှာ မကျေလည်သေးသည့်အခါ မှားကောင်းမှားနိုင်သည်။ ပြင်၍ရသည်။ လက်တွေ့ လုပ်ရပ်က အဓိကပိုကျသည်။ ဥပမာ ဂျပန်ခေတ်ထဲတွင် ဂျပန်စကားပြန်လုပ်ခြင်း မိန်းကလေးများကို ဂျပန်အတွက် ခေါ်ဆောင်ပေးခြင်းမျိုးဖြစ်သည်။သဘောတရားများနားလည်သည်ဖြစ်စေ နားမလည်သည်ဖြစ်စေ ဖောက်ပြန်သော မှားယွင်းသောလက်တွေ့လုပ်ရပ်ဖြစ် သည်။ ဤသည်ကပင် ထိုသူ၏ရပ်တည်ချက်ဖြစ်သည်။ စာပေမှာလည်း ဤသဘောအတိုင်းသက်ဝင်သည်။

ဒဂုန်တာရာသည်သူကိုယ်တိုင် ဦးဆောင်စိုက်ထူသော စာပေသစ်ပေါ်မှာ တသမတ်တည်းရှိသည်။ ‌ဗိုလ်ချုပ်အောင်ဆန်း၊သခင်ဗဟိန်း၊ သခင်သန်းထွန်းတို့နှင့် ရင်းနှီးသည့်တိုင် သူနိုင်ငံရေးသမားမဖြစ်။ ဂျပန်ခေတ်တွင် ဗိုလ်ချုပ်အောင်ဆန်းက ပြန်ကြားရေးရာထူးနေရာတွင် ထည့်ထားသည်။ သူကမသွား၊ စာပေဘက်တွင်သာ ယုံကြည်စွာနေသည်ကိုတွေ့ရသည်။ လွတ်လပ်ရေးခေတ်တွင် သူနှင့်အယူအဆတူသော ဗန်းမော်တင်အောင် နှင့် အတူ "စာရေးဆရာသမဂ္ဂ"တွင်ရပ်တည်ခဲ့သည်ကို တွေ့ရသည်။ ၁၉၅၈ မှယနေ့အထိ ကြာရှည်လှသော စစ်အာဏာအုပ်စိုးမှု ကာလရှည်ကြီးတွင် ဒဂုန်တာရာသည် စာပေလုပ်သားမှာလည်းမပါ။ စာနယ်ဇင်းအဖွဲ့မှာလည်းမပါ၊ လွတ်လပ်သော စာရေးဆရာအဖြစ်နှင့်ပင် ရပ်တည်ခဲ့သည်။ စာပေသစ်အပေါ်မှာပင်ရပ်တည်ခဲ့သည်။

စာပေသစ်ဆိုသည်ကို အရိုးရှင်းဆုံးပြောရလျှင် စာပေဟောင်းမဟုတ်ခြင်းပင်ဖြစ်သည်။ စာပေဟောင်းသည် ပဒေသရာဇ် အတွေးအခေါ်၊ ကိုလိုနီအတွေးအခေါ်၊ အရင်းရှင်အတွေးအခေါ်ကို ကိုယ်စားပြုသည်။ စာပေသစ်သည် အလုပ်သမား လယ်သမား အခြေခံသော ရပ်တည်သောအတွေးအခေါ်ဖြစ်သည်၊ ဆရာတာရာက ဤသို့ပင်အစဉ်တစိုက် တွေးခေါ်သည်။ လက်ခံသည်၊ ဖန်တီးသမှုပြုသည်၊ ဝေဖန်သမှုပြုသည်။ ဆရာတာရာက စာရေးဆရာ မည်ကာမတ္တမဟုတ်၊ စာပေသစ်ဒဿန အတွေးအခေါ်ကို မြန်မာပြည်မှာ စိုက်ထူသူလည်းဖြစ်သည်။

ကျနော် (၉)တန်းကျောင်းသား ၇၄ ခုလောက်က ပထမဆုံးဖတ်ဖူးသော ဒဂုန်တာရာ၏စာအုပ်မှာ"စာအုပ် စောင်းကြိုး ဆေးစက်နှင့် ကတ္တီပါကားလိပ်"စာအုပ်ဖြစ်သည်။ ခေါင်းစဉ်ကပင် နိမိတ်ပုံများဖြင့်ပြထား သည်။ "စာပေ၊ ဂီတ၊ပန်းချီ နှင့် ဇာတ်သဘင်"ကိုဝေဖန်တင်ပြချက်များဖြစ်သည်။ အနုပညာဝေဖန်တင်ပြချက်များဖြစ်သည်။ တချို့စကားလုံးများမှာ ကိုယ်ပိုင်စကားလုံးများဖြစ်သည်၊ ဇာတ်သဘင်ဝေဖန်ရေးတွင် ကျေးလက်လူထု ပရိသတ်ကို "ရိုးပြတ်နံ့သင်းသောပရိသတ်"ဟုသုံးလိုက်သည်။ ကျေးလက်နေသူများသိသည်။ ရိုးပြတ်ရနံ့မှာ အခြားရနံ့များနှင့်မတူ။ တသီးတခြားရနံ့ရှိသည်။ကျေးလက်က လူထုမှာ စပါးရိတ်ပြီး၊ နယ်ပြီး၊ လှေ့ပြီး၊စည်ထဲရောက်ပြီးမှသာ ပွဲလမ်းသဘင်ကြည့်နိုင်သူများဖြစ်သည်။ ဗလာဇာတ်ဖြစ်စေ ရုံဇာတ်ဖြစ်စေ ရိုးပြတ်တွေ ရိုးပြတ်ငုတ်တွေပေါ်မှာ ဖျာခင်း၍ကြည့်ကြရခြင်းဖြစ်သည်။ ဤသည်ကို ရည်ရွယ်၍ "ရိုးဖြတ်နံ့သင်းသောပရိသတ်"ဟူ၍ ဆိုလိုက်ခြင်းဖြစ်သည်။

ဆရာကဘာတွေဝေဖန်သနည်း။ အဆို အက အရေး အတီး ဂီတတေးသီချင်းများကိုဝေဖန်သည်။ ထို ပညာရပ်များ ဘယ်ကလာ၍ဘယ်မှာရှိသနည်း။ ဘုရင့်နန်းတော်မှလာသည်။ နန်းရင်ပြင်မှ ဧကရာဇ်နှင့် ပဒေသရာဇ်များကသာ ခံစားနိုင်သည်။ လူထုနှင့် နည်းနည်းမျှမဆိုင်၊ ကြိုး ဘွဲ့ ပတ်ပျိုး ယိုးဒယား ဘောလယ် တျာချင်း အီနောင် ရာမ စသည်တို့မှာ ဧကရာဇ်အနီးအပါးကသာ ခံစားနိုင်ကြသည်။(အင်္ဂလိပ်ခေတ်ထဲရောက်မှသာ အောက်ပြည်အောက်ရွာရောက်လာသည်)။မြေဝိုင်းခေတ်သည် စင်ပေါ်မရောက်သေးသည့်တိုင် လူထုဆီကိုတော့ စတင်ရောက်ရှိလာသည်။ ဆိုသော ငိုသော ကသော အကြောင်းအရာများကိုလည်း ခေတ်သစ်အမြင်ဖြင့် ဖြစ်စေလိုသည်။ "ချင်းလေးဖဝေး"လို"ဖိုးထောင်ဝါနု"လို ဇာတ်သည် ဆို၍ငို၍ကောင်းသည်မှန်၏၊ တိုင်းရင်းသားနှင့် ဗမာကြားသွေးကွဲစေသည်။ ရှောင်ရှားသင့်ကြောင်းဝေဖန်သည်။

 စာပေမှာလည်း ဤသဘောသက်ဝင်သည်။ အထက်တန်းလွှာမျှသာ ခံစားနိုင်သောအကြောင်းအရာနှင့် တင်ဆက်ပုံများမှနေ၍ ပြည်သူလူထုခံစားနိုင် သက်ဝင်နိုင်သော စည်းလုံးညီညွတ်စေသော တင်ဆက်ပုံများသို့ ပြောင်းလဲရမည်ဟုဆွေးနွေးသည်။ တောင်းဆိုသည်။အဟောင်းကိုစွန့်၍ အသစ်ကို ပြောင်းလဲရမည်ဟု ဆွေးနွေးသည် တောင်းဆိုသည်။ စာပေမှာတော့ သရုပ်မှန်ဟုခေါ်သည်များရှိသည်။

တရုတ်စာရေးဆရာလူရွှန်းနှင့် ရုရှစာရေးဆရာ ဂေါ်ကီတို့မှာ ကမ္ဘာကျော်သရုပ်မှန် စာရေးဆရာကြီးများ ဖြစ်သည်၊ လူရွှန်း၏ ဝတ္ထုတိုလေးတစ်ပုဒ်ကို ခံစားကြည့်စေလိုသည်။

ဝတ္ထုအမည်က"မွေးရပ်မြေ" သူနှင့် ယန်တူးသည် တစ်ရွာတည်းနေ တစ်ရေတည်းသောက် ငယ်သူငယ်ချင်းများဖြစ်ကြသည်။ သူက ကြေးရတတ်တစ်ဦးဖြစ်၍ မြို့ကိုသွား၍ ကျောင်းနေနိုင်သည်။ ယန်တူးကတော့ ဆင်းရဲသား လယ်ကူလီ လယ်ကပ္ပား သေစာရှင်စာလောက်ဖြင့်ပင် တောရွာမှာကျန်ရစ်ခဲ့သည်။ သူကတော့ မြို့မှာကျောင်းတက်နိုင်၍ ဆရာဝန်တစ်ယောက်ဖြစ်လာသည်။သူသည် တောရွာကို အကြာကြီးပင်မေ့ပျောက်နေသည်။ ငယ်သူငယ်ချင်းကို သတိရ၍၎င်း မြို့ကိုပြောင်းရွှေ့ရန်အကြောင်းဖြင့်၎င်း သူနေထိုင်ခဲ့ဖူးရာ တောရွာလေးသို့ ပြန်ရောက်လာသည်။ သူ၏အသွင်အလျှာနှင့် ငယ်သူငယ်ချင်းယန်တူး၏ အသွင်အလျှာမှာ မိုးနှင့်မြေတမျှကွာခြားနေသည်။

ယန်တူးသည် စုတ်စုတ်ချာချာ နွမ်းနွမ်းပါးပါး၊ သူ့ကိုမှရဲရဲစကားမပြောဝံ့။ သူကသာ လိုက်လျှော ပြောနေရ သည်။ ငယ်ဘဝက သူငယ်ချင်းနှင့်သူသည် ဘာတွေဘယ်လိုကွာခြားသွားရသနည်း။ ယန်တူးဘာကြောင့် သူ့လို ပညာတတ်ဖြစ်မလာသနည်း၊ တွေးစရာတွေက အများကြီးဖြစ်လာသည်။ သူသည်မြို့ကိုအပြီးပြောင်းရွှေ့နိုင်ရန် အ တော်များသောပစ္စည်းများကို အကုန်မသယ်နိုင်။ ရွာရှိမိတ်ဆွေများကို ပေးခဲ့ရန် ရည်ရွယ်ထားသည်။ ယန်တူးသည် ကြွေပန်းကန်များကို ရချင်နေသည်။ ပန်းကန်ဟောင်းများကို လောဘတက်နေသည်။ အငမ်းမရဖြစ်နေသည်။ ဘာကြောင့်များ အိုးခွက်ပန်းကန်ဟောင်းများကို မက်မောနေရသနည်း။ အဖြေကရှိတော့ရှိသည်။ သို့သော်ကံတရားတော့မဟုတ်။ အဲသလိုဟောင်းအိုသောပစ္စည်းကို ယန်တူးမှာ မဝယ်နိုင်၍ဖြစ်သည်။ ဆင်းရဲလွန်း၍ဖြစ်သည်။

သူသည်မြို့သို့ပြန်ရောက်သည့်တိုင် ယန်တူးမှာ သူ့မျက်လုံးထဲမှမထွက်၊ ဘာကြောင့်လဲ။ အဖြေမှာ လူတန်းစားတွေကွာခြားသွား၍ဖြစ်သည်။ ခေတ်စနစ်ကြီးက ကွာခြားသွားစေခဲ့ခြင်းဖြစ်သည်။ခေတ်စနစ်ကြီးကို ပြောင်းနိုင်မှဖြစ်မည်ဟု နားလည်သွားသည်။သူသည်ယန်တူးကိုခေါ်၍ ပေးလို့ရသည် လှူလို့ရသည်။ ယန်တူး တစ်ယောက်တည်းအတွက်သာ ဖြစ်နေ၍ ယန်တူးကဲ့သို့သော သူတွေက အများကြီးဖြစ်သည်။ အားလုံးလွတ်မြောက်ဖို့ရန် သူတို့အများကြီးလုပ်ရဦးမည်။ တာဝန်တွေရှိသေးသည်။ လူရွှန်းသည် ဤအတွေးအခေါ်ဖြင့် ကလောင်ကိုင်၍စာရေးဆရာလုပ်ခဲ့ခြင်းဖြစ်သည်။ မိတ်ဆွေကော အဲ့သလို ကလောင်သမားဖြစ်လိုပါသလား။ ယခုအချိန်မှာ တွေ့ ဖူးရသော ကဗျာဆရာတစ်ယောက်က"အနုပညာမှာ ဘာတာဝန်မှမရှိ ဘာတာဝန်မှမယူ"တဲ့၊ ရင်မောသည်။ ကျနော် အလွန်ကြိုက်ခဲ့သော သရုပ်မှန်ဝတ္ထုတစ်ပုဒ်ဖြစ်သည်။

ဆရာနတ်နွယ်၏ မဂ္ဂဇင်းဝတ္ထုရှည်တစ်ပုဒ်ကိုလည်းသတိရသွားပြန်သည်။ ဆရာတာရာနှင့်တော့မတူ၊ ဆရာတာရာက ညက်သည်၊ နရီသွား၊ ဖြေးဖြေးမှန်မှန်၊ စကားပြေငြိမ်သည်၊ ဆရာနတ်နွယ်ရေးဟန်က သွက်သည်၊ အမြန်ပြေးသည်၊ ဖတ်သူက အပြေးလိုက်ရသည်၊ ဝတ္ထုက ဖတ်လိုက်လျှင်ဘာမှမဟုတ်ဟု ပြောချင်စရာကောင်းသည်။

သင်္ဘောတစ်စီးပေါ်မှာ တွေ့ရသော မိန်းကလေး နှစ်ယောက်အကြောင်းဖြစ်သည်၊ မှီငြမ်းတာများ ဖြစ်မလားမသိပါ။ တစ်ယောက်က ခပ်ရဲရဲ နူတ်သွက်လျှာသွက်၊ ပျံတံတံနန့်တန့်တန့်၊ သူက ခပ်သွက်သွက် မိန်းက လေးကို အကဲခတ်နေသည်။ ဘာဖြစ်မလဲ၊ မကောင်းတဲ့မိန်းကလေးများဖြစ်နေမလား၊ ဝတ်ဆင်ပုံကလည်း ခေတ်လွန်နေသည်၊ အသွက်မက။

သင်္ဘောပေါ်မှာလည်း အပေါ်တက်လိုက် အောက်ဆင်းလိုက်။ လက်လက်စင်နေသည်။ သူ့ပုံလေးက လှသည်။ ပုရိသများက သူမနှင့် နှစ်လိုစွာစကားပြောချင်သည်။ သူမကလည်း လက်ခံပြောသည်။ ရယ်လိုက်မောလိုက်အပြင် သူမကပင် ပြန်နောက်လိုက်သေးသည်။ ခပ်ပေါ့ပေါ့မိန်းကလေးပါလားဟူ၍ သူအကဲခတ်၍ရသည်။ အရွယ်က သုံးဆယ်ကျော်မျှဟုမှန်းဆမိသည်။

ဟိုတစ်ယောက်နှင့်တော့ ကွာခြားလှပါဘိတောင်း။ဟိုကလေးမနှင့်မတူ။ အတော်ငြိမ်သည်။ သင်္ဘောဦးပိုင်းသို့ ရောက်လာကတည်းက ဝယ်လာသော စံပ္ပယ်ပန်းကို ဦးခန်းဘုရားစင်တွင် ကပ်လှူလိုက်သည်။ ဘုရားကို ကန်တော့လိုက်သည်။ ဝတ်ထားသည်မှာလည်း ခပ်ရိုးရိုးအရောင်ရင့်ရင့်၊ ခရမ်းရောင်ဘက်ရောက်ချင်ချင်၊ ယောဂီ အရောင်အသွေးနှင့် အတော်နီးသည်။ သူမက ဦးခန်းကုလားထိုင်တွင်ထိုင်၍ ပုတီးသေးလေးတစ်ကုံးဖြင့် အာရုံပြုကာ စိပ်နေသည်။ နည်းနည်းခုန်ကျော်၍အကဲခတ်လျှင် တည်ငြိမ်လွန်းသည်။ ဘဝအတွေ့အကြုံတွေမှာ ဆင်းရဲ ဒုက္ခများစွာကြုံခဲ့ဖူး ဖြတ်သန်းခဲ့ဖူးသူ လောကဓံနှင့် နင်လားငါလားရုန်းကန်ခဲ့ဖူး၍ နက်ရှိုင်းသောကန်ရေပြင်လို တည်ငြိမ်နေပုံမျိုးဖြစ်သည်။

သို့သော် တက်တက်စင်မှားသည်၊ ဇာတ်သိမ်းမှာ ပျံတံတံ နန့်တန့်တန့်ဟုထင်ရသူမှာ အထူးကုဆရာဝန်မ ဖြစ်၍ တည်ငြိမ်သည်ဟုထင်ရသူမှာ ပြည့်တန်ဆာမိန်းကလေးတစ်ယောက်ဖြစ်သည်။ လူတို့သည် နေ့စဉ်ဖြတ်သန်း နေရသောဘဝခရီးကို ငြီးငွေ့စိတ်ကုန်ပြီး ခဏလေးဖြစ်ဖြစ် ရုန်းထွက်ချင်သည်။ စိတ်လွတ်ကိုယ်လွတ်လည်း နေလိုက်ချင်သည်။ စိတ္တဗေဒ ဝတ္ထုဟူ၍ ပြောနိုင်သည်။

 (ဆက်ပါမည်)

လင်းထင်