【ဆောင်းပါး】ပန်းများ၊ ပွင့်ဖတ်များနှင့် မြက်ခင်းများ

【ဆောင်းပါး】ပန်းများ၊ ပွင့်ဖတ်များနှင့် မြက်ခင်းများ

မြက်ခင်းများပေါ် သင်ဖြတ်လျှောက်ခဲ့ဖူးပါလေသလား။

ညီညာတိကျစွာဖြတ်တောက်ထားသည့်မြက်ခင်းများသည် သူ့ပေါ်က နင်းလျှောက်သူကို စိတ်ကျေနပ်ခြင်း၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ဖြစ်ထွန်းစေခြင်း၊တဒင်္ဂအကောင်းမြင်ခြင်းကို ဖြစ်စေနိုင်သည်ကို သင်ငြင်း လို့ရမည် မဟုတ်ပေ။သို့သော် သင်သည် ထိုမြက်ခင်းပေါ်တွင် ပန်းပွင့်တချို့ ကြွေနေသည်ကို မြင်သည့်အခါ ဖြတ်လျှောက်ရန်တော့ ခပ်ရွံရွံဖြစ်လိမ့်မည်။ အကယ်၍သာ ပန်းများကြွေနေသော မြက်ခင်းများပေါ် သင်လျှောက်မိပါက အစောပိုင်းကစိတ်များအစား စက်ဆုပ်ခြင်း၊ အပြစ်ရှိသလို ခံစားရခြင်းများ ဖြစ်ထွန်းလာလိမ့်မည်ဖြစ်သည်။

ထိုသည်မှာ လူတစ်ယောက်ရှိရမည့် စိတ်များ သင့်တွင် ရှိနေသေးခြင်းကြောင့်ဖြစ်သည်။

                                                (၁)

မြက်ခင်းတိုင်းသည် ညီညာစွာ ရိတ်ဖြတ်ထားသည်တော့ မဟုတ်။ တချို့သောမြက်ခင်းများသည် အရိုင်းဆန်စွာ မြေကပ်ပင်များနှင့် ရောထွေးနေသည်လည်း ရှိနိုင်သည်။ တစ်ခါတစ်ရံ မညီညာသော အောက်ခံမြေပြင်လည်းရှိနိုင်သည်။ မြက်ခင်းဆိုသည့်အတိုင်း စိမ်းစိုနေသည်လည်း ရှိနိုင်သလို ခြောက်သယောင်းနေသည်လည်း ဖြစ်နိုင်သည်။ သို့သော် သေသေချာချာပြောနိုင်သည်ကတော့ မြက်ခင်းတိုင်းသည် လွတ် လပ်ခြင်းဖြစ်ပြီး ၎င်းကို ထိန်းချုပ်ရန် ဖမ်းဆုပ်လိုက်လေတိုင်း မြက်ခင်းများသည် မြင်ကွင်းမှ ပျောက်ကွယ်သွားတတ်ခြင်းဖြစ်သည်။

မြက်ခင်းများသည် လူများနှင့် တူလေသည်။ နင်းခံရင်း ပိုမိုသန်မာလာခြင်းမျိုးရှိသလို ချုပ်ကိုင်ထိန်းကျောင်းလာသည့်အခါ ပျောက်ကွယ်သွားတတ်ခြင်းလည်းရှိလေသည်။လူများ၏ စိတ်ခံစားချက်များသည် မြက်ခင်းများပေါ် ကြွေနေသော ပန်းပွင့်များ ပွင့်ဖတ်များလို… ထိရှလွယ်သည်။ ထိုပန်းများပေါ် ဖြတ်လျှောက်သောအခါ အရာရာသည် ခံရသူအတွက် နာကျင်စရာ မမေ့နိုင်စရာအကြောင်းများ ဖြစ်လာသည်။

စိတ်များသည် တစ်ခါတစ်ရံတွင် ဖန်တရာတေအောင်နင်းခံထားရသည့် မြက်ပင်များလို ပို၍ သန်မာလာမည် ခံနိုင်လာမည်ဟု တွေးထင်ကြသည်။ သို့သော် တကယ်ပကတိတွင် ထိုသို့ဖြစ်လာမည့်အစား ဝေးရာသို့ ပြေးကာ အားယူတတ်လေသည်။ ထိုသည်မှာ မြက်ရိုင်းများလို့ပင်။

ကျနော်တို့သည် မြက်များ မိုးရွာချိန်စောင့်သလို  တစ်ကြိမ်တစ်ခါအတွက် ပြန်စောင့်တတ်ကြသည်။ 

                                                  (၂)

စဉ်းစားကြည့်တော့ စိတ်ဆိုသည်မှာ ဆန်းကြယ်လှသည်။ ယူဇနာပေါင်းများစွာ ရုတ်ချည်း သွားနိုင်သလို  တခဏတွင်လည်း လဲပြိုသွားနိုင်သည်။ စိတ်ထိန်းချုပ်နိုင်သူအချို့ လွတ်မြောက်ရာ ရောက်သွားခြင်းရှိသည်။ တချို့ကတော့ စိတ်ကိုထိန်းချုပ်ရင်း သွက်သွက်ခါ။ တစ်ခါတစ်ရံ ထိန်းချုပ်မှုပြင်ပသို့ ရောက်သွားသည့် လူအချို့လည်းရှိသည်။ ထိုသည်မျိုးကို သတင်းစာများ၊ လမ်းဘေးဓာတ်တိုင်များရှိ ပိုစတာများတွင် တစ်ခါတစ်ရံတွေ့ရသည်။  လူပျောက်ကြော်ငြာအဖြစ် ။

သို့သော် အခါခပ်သိမ်းတော့ သည်လိုတွေမဟုတ်။ တချို့က ထိန်းချုပ်မှုတစ်ခုအောက်မှ နောက်တစ်ခုဆီ။ တချို့က ကြွေမွသည့် ပွင့်ဖတ်များလို ။တချို့ကတော့ နွေဦးလေလို မြောက်မှ တောင်၊ တောင်မှမြောက် ။ အဆီးအတားမဲ့စွာ စီးမျောသွားကြသည်။

အနက်ဖော်ရခက်သည့် ကြော်ငြာအချို့၊ ရနံ့ ပြင်းသော ပန်းအချို့နှင့် ဖတ်ရန်ခက်ခဲသော စာအုပ်အချို့သည် စိတ်ထိန်းချုပ်မှုအောက်မှ လွတ်ထွက်သွားသူများနှင့် များစွာသက်ဆိုင်လေသည်။ ဖော်ပြရန်ခက်ခဲသောမြင်ကွင်းများသည် စိတ်တွင်စွဲထင်နေတတ်သလို ဖိနှိပ်ရန်ခက်ခဲသော စိတ်၏ ပကတိအခင်းအကျင်းကို သိရန် ခက်ခဲလေသည်။

တစ်ခါတစ်ရံတွင် ကျနော်တို့ နာကျင်ထိခိုက်ခဲ့ရသည့် အခြေအနေများကို မေ့လိုက်ချင်ကြသည်။ မိုးရေ နှင့် အတူ ၊လေပြေနှင့်အတူ၊ နှင်းတစ်ပွေ့တစ်ပိုက်နှင့်အတူ၊ပန်းများရနံများ၊ဗျစ်ရည်များ၊ မူးယစ်ခြင်းများဖြင့်။ သို့သော် အရိုင်းဆန်သောစိတ်သည် အချိန်အခါကျရောက်လာသည့်အခါ အရာရာကိုခါချကာ မိုးရာသီမြေပေါ်သို့ မြက်များထိုးထွက်လာသလို အရိုင်းဆန်စွာ ဖောက်ခွဲထိုးထွက်လာကြသည်။

ထိုသည်မှာ ဆုံးရှုံးနာကျင်ခဲ့ရသမျှ ထပ်တူပြန်ရလိုသည့်စိတ်ကြောင့် ဖြစ်သည်။ 

                                               (၃)

မနက်ဖြန်များအကြောင်းကိုမတွေးသော ရထားဂတ်ဗိုလ်တစ်ယောက်အကြောင်းကို တွေ့ဖူးသည်။ သူ့ တွင် အင်မလီဘရွမ်တီ၏ ဝပ်သရင်းဟိုက်မူရင်းစာအုပ်တစ်အုပ်ရှိသည်။ မှတ်တိုင်တချို့တွင် အတိတ်ကို ပွေ့ဖက်ထားသည့် လူတချို့ နေကြသည်။ သူတို့ချစ်ခင်သူများနှင့် နေ့ရောညပါ စကားလက်ဆုံကြ ပြောမကုန်ဆဲ။ အရာရာသည်  မြက်ခင်းများပေါ် ပွင့်ဖတ်များကြွေကျနေသလို။ စိတ်ဒဏ်ရာများသည် လမ်းများတွင် ပြန့်ကြဲနေသည်။ 

ကားများသည့် စမှတ်မှ ခရီးဆုံးသည့်နေရာသို့ ပြန်ဝင်လာသည်။ ရထားများသည် ဘူတာပေါင်းများစွာကို ဖြတ်ကျော်ကာ ဘူတာဟောင်းထဲ ဝင်လာသည်။ ယနေ့သည့် ပစ္စုပ္ပန်ထဲမှ ထွက်ခွာကာ အတိတ်ထဲ ဝင်သွားသည်။ အရာရာသည် အိုမင်းဟောင်းနွမ်းသွားသည်။ ကျနော်တို့ကိုယ်တိုင် ရထားဂတ်ဗိုလ်နှင့် မှတ်တိုင်မှ လူအချို့လို။ 

အရာရာကို လက်လွှတ်ရန်ခက်သည့်အခါ အတိတ်ကို ကျနော်တို့ မြဲမြဲကိုင်ထားမိလေသည်။

လင်းနိုင်ကျော်စိုး

Photo crd: Artenet