【နိုင်ငံတကာဆောင်းပါး】ဆွေမျိုးပေါက်ဖော်နှစ်နိုင်ငံမြို့များနှင့်ဝေဟင်ခရီးစဉ် (၂)

【နိုင်ငံတကာဆောင်းပါး】ဆွေမျိုးပေါက်ဖော်နှစ်နိုင်ငံမြို့များနှင့်ဝေဟင်ခရီးစဉ် (၂)

မြန်မာနိုင်ငံနှင့် လေကြောင်းအဆက်အသွယ်ရှိသည့် အိမ်နီးချင်းနိုင်ငံ တရုတ်နိုင်ငံထဲက မြို့တွေထဲမှာ ကွမ်ကျိုးမြို့၊ ဝူဟန်မြို့ ၊ ရှန်ဟိုင်းမြို့နှင့် ရှာ့မန်မြို့ တို့လည်းအပါအဝင်ဖြစ်သည်။

ကွမ်ကျိုးမြို့နှင့် ဝူဟန်မြို့

ကွမ်ကျိုး(Guangzhou)မြို့သည် တရုတ်ပြည် အရှေ့တောင်ပိုင်းဒေသရှိ ကွမ်တုန်ပြည်နယ်တွင် တည်ရှိပြီး ပြည်နယ်အစိုးရရုံးစိုက်ရာ မြို့တစ်မြို့ဖြစ်သည်။ တရုတ်နိုင်ငံ၏  တတိယအကြီးဆုံးမြို့လည်းဖြစ်သလို  တရုတ်နိုင်ငံတောင်ပိုင်း၏ ကုန်သွယ်မှုအားထားရာမြို့ဖြစ်သည်။ ကွမ်းကျိုးသည် ရှေးအခါက တရုတ်မင်းဆက် သုံးဆက်တိုင်တိုင် မြို့တော်ကြီးအဖြစ် ထင်ရှားခဲ့သည့် သမိုင်းဝင်မြို့ဖြစ်ခဲ့သည်။ ယခုအခါတွင် စီးပွားရေး၊ ခရီးသွားလာရေးတို့တွင် အချက်အချာကျသော မြို့ကြီးဖြစ်သည်။ ကွမ်ကျိုးမြို့တွင် ရှေးဟောင်းဘုရားကျောင်းကန် အဆောက်အအုံပေါများသည့်အတွက် နိုင်ငံတကာခရီးသွားဧည့်သည်များကြားတွင် ယဉ်ကျေးမှုခရီးသွားမြို့ တော်အဖြစ် ထင်ရှားသည်။ ကွမ်ကျိုးမြို့ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နိုင်ငံတကာလေကြောင်းလိုင်း ၈၀ ခန့်မျှ ပျံသန်းပြေးဆွဲသဖြင့် ခရီးသွားဖွံ့ဖြိုးသောဒေသအဖြစ် မှတ်ယူနိုင်သည်။

ထိုကဲ့သို့ ခရီးသွားဖွံ့ဖြိုးသောဒေသနှင့် ရန်ကုန်မြို့အကြား China Southern လေကြောင်းလိုင်းမှ ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် စတင်ပြေးဆွဲလာပြီဖြစ်သည်။၎င်းလေကြောင်းလိုင်းသည် ရန်ကုန်မှ ကွမ်ကျိုးမြို့သို့ တိုက်ရိုက်ပျံသန်းပြေးဆွဲပြီး ကွမ်ကျိုးမြို့မှတစ်ဆင့် ဂျပန်နိုင်ငံ၊ တိုကျိုမြို့နှင့် အိုဆာကာမြို့များသို့ ပျံသန်းပြေးဆွဲလျက်ရှိသည်။ ထို့ပြင် ရန်ကုန်-ကွမ်ကျိုး- လော့စ်အိန်ဂျလိစ် ခရီးစဉ်များကိုလည်း တိုးချဲ့ပျံသန်း ပြေးဆွဲလျက်ရှိသည်။ ရန်ကုန်-ကွမ်ကျိုးခရီးစဉ်ကို China Southerm လေကြောင်းလိုင်းအပြင် Myanmar Airways လေကြောင်းလိုင်းကလည်း ပျံသန်းပြေးဆွဲလျက်ရှိသည်။

China Southern လေကြောင်းလိုင်းမှ မြန်မာနိုင်ငံနှင့် လေကြောင်းလိုင်းအသစ်များ တိုးချဲ့ပျံသန်းပြေးဆွဲရန် အစီအစဉ်များရှိနေပြီး တရုတ်နိုင်ငံမှ ဝူဟန်မြို့နှင့် ဩစတြေးလျနိုင်ငံမှ ဆစ်ဒနီမြို့သို့ ချိတ်ဆက်ပျံသန်းပြေးဆွဲရန် စီစဉ်နေသည်ဟု သိရသည်။ ဝူဟန်မြို့သည် ဟူပေပြည်နယ်၏ မြို့တော်ဖြစ်ပြီး တရုတ်ပြည်အလယ်ပိုင်းတွင် လူဦးရေအများဆုံးလည်းဖြစ်သည်။

ဝူဟန်မြို့တော်သည် ထင်ရှားသော လည်ပတ်စရာ နေရာများစွာဖြင့် နိုင်ငံတကာမှ ခရီးသွားများကို ဆွဲဆောင်နိုင်သော မြို့ဖြစ်ပြီး ကိုဗစ်-၁၉ ကြောင့် ကမ္ဘာတစ်ဝန်းက လူတွေပိုပြီးအာရုံစိုက်မှုကို ရရှိခဲ့သည်။ ကိုဗစ် ကာလပြီးနောက် နိုင်ငံတကာခရီးသွားများဖြင့် ပြန်လည်လန်းဆန်းတတ်ကြွလာကာ ခရီးသွားများ လည်ပတ်မှုများလာသည်။ 

ရှန်ဟိုင်းမြို့

ရှန်ဟိုင်းမြို့သည် ဥရောပဟန်အဆောက်အအုံများဖြင့် ကမ္ဘာလှည့်ခရီးသွားဧည့်သည်များအကြား ကျော်ကြားသောမြို့ဖြစ်သလို တရုတ်နိုင်ငံ၏ အကြီးဆုံးသင်္ဘောဆိပ်ကြီးမြို့ဖြစ်၍ ကုန်သွယ်စီးပွားရေးအချက် အချာကျသောမြို့ဖြစ်သည်။ ကမ္ဘာပေါ်တွင် ထင်ရှားအကြီးကျယ်ဆုံးမြို့ကြီး ၁၀ မြို့ထဲတွင် တတိယမြို့အဖြစ် ပါဝင်ပါသည်။ ထင်ရှားကျော်ကြားလှသည့် ရှန်ဟိုင်းမြို့ကို မြန်မာနိုင်ငံမှ သွားရောက်လည်ပတ်သူတို့နှင့် ၎င်းတို့ ဆီမှ အပြန်အလှန်လည်ပတ်နိုင်ရန် လေကြောင်းလိုင်းများ  ပြန်လည်ပြေးဆွဲနေသည်။

China Eastern လေကြောင်းလိုင်းမှ ရန်ကုန်-ရှန်ဟိုင်းလေကြောင်းခရီးစဉ်များကို ၂၀၂၃ ခုနှစ်ထဲတွင် ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။

ရှာ့မန်မြို့

ရှာ့မန်(Xiamen) မြို့သည် ဖူးကျန့်ပြည်နယ်၏ အရှေ့တောင်ပိုင်းရှိ ပြည်နယ်ခွဲမြို့တစ်မြို့ဖြစ်ပြီး ရှာ့မန် ဆိပ်ကမ်းသည် မြို့ပြ၏ဗဟိုချက်ဖြစ်သည်။ ရှာ့မန်ကျွန်းသည် အဓိက အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းတစ်ခု ဖြစ်သည်။ ၎င်းကျွန်းသည် တရုတ်နိုင်ငံ၏ ခုနှစ်ခုမြောက် အကြီးဆုံး ကွန်တိန်နာဆိပ်ကမ်းအဖြစ် အဆင့်သတ်မှတ်ခံထားရပြီး ကမ္ဘာပေါ်တွင် အဆင့် ၁၃ ရှိသည်။

ထိုကဲ့သို့ အရေးပါသော ဆိပ်ကမ်းမြို့ကို တရုတ်နိုင်ငံ၏ လေကြောင်းလိုင်းတစ်ခုဖြစ်သော Xiamen Airlines လေကြောင်းလိုင်း၏ ရှာ့မန်-ရန်ကုန်တိုက်ရိုက်ခရီးစဉ်အား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တစ်ပတ်လျှင် သုံးကြိမ် တိုက်ရိုက်ပျံသန်းပြေးဆွဲနေပြီဖြစ်သည်။ ရှာ့မန်-ရန်ကုန်တိုက်ရိုက် လေကြောင်းလိုင်း ပြန်လည်ပြေးဆွဲမှုကို ၂၀၂၃ ခုနှစ် ဧပြီ၂၆ ရက်နေ့စတင်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည် ပြေးဆွဲခဲ့ခြင်းဖြစ်သည်။

ကိုဗစ်ကာလမတိုင်မီက မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံတို့ကြား ပြေးဆွဲသည့် တိုက်ရိုက်လေကြောင်းလိုင်းများ ပိုမိုများခဲ့သည်။ ၂၀၁၉ ခုနှစ်က ရန်ကုန်မြို့နှင့် ရှန်ဟိုင်းမြို့တောင်ဘက် ရှီကျင်းပြည်နယ်၏ မြို့တော်နင်း ပေါ်မြို့သို့ Qingdao လေကြောင်းလိုင်းက တိုက်ရိုက်ပျံသန်းပြေးဆွဲခဲ့သည်။ ၂၀၁၉ ခုနှစ် ၊ အောက်တိုဘာလအထိ တရုတ်လေကြောင်းလိုင်းများဖြစ်သည့် Hainan လေကြောင်းလိုင်း၊ 9 Air လေကြောင်းလိုင်း ၊ Sichuan လေကြောင်းလိုင်းနှင့် Spring လေကြောင်းလိုင်းတို့သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် တရုတ်နိုင်ငံရှိမြို့ ကြီးများအကြား တိုက်ရိုက်ပျံသန်းပြေးဆွဲခဲ့ကြသည်။

အဆိုပါလေကြောင်းလိုင်းများသည် ယခုကာလတွင် ပြန်လည်ပြေးဆွဲခြင်း မရှိသေးသော်လည်း လက်ရှိတွင် မြန်မာအမျိုးသားလေကြောင်းလိုင်း(Myanmar National Airlines),  Ruili Airlines ,  China Eastern Airlines ၊ China Southerm Airlines,  Myanmar Airways နှင့် Xiamen Airlines တို့သည် ရန်ကုန်၊ မန္တလေး မြို့တို့နှင့် တရုတ်နိုင်ငံရှိ ထင်ရှားသောမြို့ကြီးများအကြား ပျံသန်းပြေးဆွဲလျက်ရှိသည်။

ဆွေမျိုးပေါက်ဖော်နှစ်နိုင်ငံလေကြောင်းလိုင်းများသည် စီးပွားရေး၊ ကုန်သွယ်ရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းများကို များစွာအထောက်အကူပြုပြီး ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ လျှောက်လှမ်းနေသည့် အစိတ်အပိုင်းတစ်ခုဖြစ်နေလေသည်။

အမွန်