【 ဆောင်းပါး 】ရန်ကုန်မြို့ရောက် တောသား မပေါ့မပါး

【 ဆောင်းပါး 】ရန်ကုန်မြို့ရောက် တောသား မပေါ့မပါး

ကျနော်က ရန်ကုန်မြို့ရဲ့ အချက်အချာ ဗဟိုအမျိုးသမီးဆေးရုံကြီးမှာ ချက်မြှုပ်ခဲ့တယ်ဆိုပေမဲ့ ရန်ကုန် မှာမွေးတယ်ဆိုရုံ။မိဘ၂ပါးက ဝန်ထမ်းတွေ ဖြစ်ပြီး ကျနော်လူဖြစ်တဲ့ ၁၉၇၃ခုနှစ် ဝန်းကျင်ဆိုတာ အိမ်အကူတွေဘာတွေ အလွယ်တကူ ခေါ်လို့ရတဲ့အချိန်မှမဟုတ်ဘဲ။ မွေးခါစမှာ အဖေ့ရဲ့ ညီမဝမ်းကွဲက ရန်ကုန်မှာ ခဏလာနေပြီး ကျနော့်ကို ထိန်းပေးတယ်။အဒေါ်ကလည်း တောသူ၊ရန်ကုန်မှာ အကြာကြီးလည်း မပျော်၊သူ့ ဘဝရေးရာကလည်း ရှိသေးတော့ အကြာကြီး မနေနိုင်။ဒါနဲ့ အဖေ့ရဲ့ မိဘတွေဖြစ်တဲ့ အဘိုးနဲ့အဘွားက မြေးဦးကျနော့်ကို ပျော်ပျော်ကြီး တောခေါ်သွားတော့တယ်။

အဲဒါကြောင့် ရန်ကုန်သားဖြစ်တဲ့ ကျနော် ရန်ကုန်မှာ ၆လ နေပြီးနောက် မွန်ပြည်နယ်သို့ ချီတက် တောသားအဖြစ်ကို ခံယူ။တောမှာသာ ပျော်တဲ့ တောသားလေးအဖြစ် ၇တန်းနှစ်အထိ နေခဲ့ပြီးခါမှ ၈တန်းနှစ် မှာ မိဘတွေရှိရာ ရန်ကုန်သို့ ပြန်ပြောင်းရပြန်တယ်။

ကျနော့်မိဘတွေက တောမှာနေရင် ၁၀တန်းပင် မအောင်တာမျိုး ဖြစ်မှာစိုးလို့တဲ့။ကျနော်ကငယ်စဉ်ကတည်းက နှစ်စဉ် ဆုရကျောင်းသားဖြစ်တာကြောင့် တောမှာဆက်နေလည်း ၁၀တန်းမအောင်တာတို့ဘာတို့  ဖြစ်မယ်လို့ မထင်။ဒါပေမဲ့၊နည်းနည်းကြီးလာလေ ဘောလုံးကန်တာနဲ့ ဘော်လီဘောပုတ်တာကို သဲကြီးမဲကြီး ဖြစ်လာလေမို့ အနာဂတ်မရေရာတဲ့ အားကစားထဲနစ်မှာကို မိဘတွေက စိုးရိမ်သလား မသိ။ဘာပဲဖြစ်ဖြစ် လွန်ဆန်လို့လည်းမရတော့ တောမှာပျော်နေတဲ့ ကျနော် မျက်ရည်စက်လက်နဲ့ ရန်ကုန် ပြောင်းရတော့တယ်။

ရန်ကုန်မှာ တကယ် မပျော်။ညအိပ်ရာဝင်တာနဲ့ အဘွားနဲ့ ရွာကို လွမ်းကာ မျက်ရည်ကျလိုက်မယ်ဆိုတာချည်း။ကိုယ့်ဘာသာ ရထားစီးပြီး တောကိုခိုးပြန်ရင်ကောင်းမလားလို့လည်း မကြာခဏဆိုသလို တွေးမိသေး။ကျောင်းတက်ရတော့မယ်ဆိုတော့ ပိုကျွတ်လာတယ်။

ရန်ကုန်ကျောင်းဆိုတာ တက်ဖူးဖို့မပြောနဲ့၊ကျောင်းထဲကိုပင် တစ်ခေါက်မှ မရောက်ဖူး။သူငယ်ချင်းဆိုလို့လည်း တစ်ယောက်မှမရှိ။ရန်ကုန်သားတွေက လူလည်တွေချည်းလို့ အထင်ရောက်နေတာလည်းရှိ၊ကိုယ်လို အခုမှ ရန်ကုန်ရောက်လာတဲ့ တိုင်းရင်းသားဒေသက တောသားတစ်ယောက်ကို နှိမ်မှာ ကြောက်မိ။ပြီးတော့ ကျနော်တက်ရမယ့်ကျောင်းက တခြားရပ်ကွက်မှာ။ကိုယ်အိမ်ကနေ လမ်းလျှောက်ရင် ၁၅မိနစ်၊မိနစ် ၂၀ လောက် အသာလေး။တောသားဆိုတော့ လိုင်းကားစီးရမှာကြောက်ပြီး လမ်းလျှောက်ရမှာကို ကြိုက်ပေမဲ့ လမ်းမှားမှာကို သိပ်စိုးရိမ်မိ။ ကိုယ်နဲ့ မသိတဲ့သူ ဘယ်သူခေါ်ခေါ် လုံးဝမလိုက်သွားနဲ့လို့ မိဘတွေ ဆွေမျိုးတွေ က မှာတော့ ပိုစိုးရိမ်မိ။ရန်ကုန်မှာ လူဆိုးကြီးတွေက ကလေးတွေကို ခေါ်သွားကာ ခြေဖြတ်လက်ဖြတ်လုပ်ပြီး တောင်းရမ်းခိုင်းတယ်ဆိုတာမျိုးကိုလည်း ရန်ကုန်မရောက်ခင်ကတည်းက ကြားဖူးနေလေတော့ ကြောက်ရ။

ရန်ကုန်ရောက်ပြီး မကြာခင် ခင်မင်နေပြီဖြစ်တဲ့ လမ်းထဲက ဂေါ်လီရိုက်ဘက် ဘော်ဒါတွေတက်တဲ့ ကျောင်းက ကိုယ်တက်မယ့်ကျောင်းနဲ့မတူတော့ ပိုအားငယ်ရ။ဒါပေမဲ့ လမ်းထဲက သူငယ်ချင်းတွေက ကိုယ့်ကို တောသား တိုင်းရင်းသားဆိုပြီး နှိမ်ခြင်းပြုခြင်းမရှိတဲ့အပြင် ဖေးဖေးမမ ဆက်ဆံပေးတာကြောင့် စိတ်သက်သာမှု အထိုက်အလျောက်ဖြစ်စေတယ်။

လမ်းထဲက ဘော်ဒါ မိုက်ရဲဖိုက်ရဲတဲ့သူငယ်ချင်းက သူတို့ကျောင်းမှာ လာတက်ဖို့ ပြောတာကြောင့် မိဘကို တောင်းဆိုပေမဲ့ ဟိုဘက်ကျောင်းမှာ အပ်ဖို့ စီစဉ်ပြီးဖြစ်တာကြောင့် အဆင်မပြေ။အဲဒီသူငယ်ချင်းက “မင်းတက်တဲ့ကျောင်းမှာ မင်းကို လူပါးဝတဲ့ကောင်ရှိရင် ငါ့ကိုပြော၊ငါ လိုက်ထိုးပေးမယ်”တဲ့၊ နည်းနည်းဖြစ် အားတက်စရာ ဖြစ်ရ။

ကျောင်းစတက်တော့ ဘေးလမ်းက တစ်တန်းတည်းသမား သူငယ်ချင်း၂ယောက်နဲ့ အတူလိုက်ရတယ်။သူတို့၂ဦးစလုံးက ရန်ကုန်သားမို့ လမ်းကျွမ်းပြီးသား။ကျောင်းကိုအမြန်ရောက်မယ့် ဖြတ်လမ်းတွေကနေ ခေါ်သွားလို့ တစ်ပတ်လောက် အသဲအသန်မှတ်ပြီးမှ မှတ်မိတော့တယ်။

အဲဒီသူငယ်ချင်း၂ယောက်စလုံးက အေ အခန်းမှာမို့ အတန်းမတူ။အတန်းထဲ ဝင်ထိုင်တော့ အဖော်မရှိ။ အတန်းဖော်တစ်ဦးက နာမည်မေးလို့ ဖြေလိုက်တော့ မွန်သံဝဲနေလို့ ဘာမှန်းမသိ ၊၂ခါပြောမှ သိသတဲ့။ဒီကောင် က ကျနော့်ရဲ့ ပထမဆုံးအတန်းဘော်ဒါ။

“မင်းကို မွန်လေးလို့ ခေါ်မယ်ကွာ၊ရလား”

“ရတယ်လေ၊ငါက မွန်ပဲ။ ခေါ်ပေါ့”လို့ ကျနော်ပြန်ပြောလိုက်ချိန်ကစလို့ မွန်လေးလို့ သူ စခေါ်ရာက နေ တစ်တန်းလုံးက မွန်လေး လို့ခေါ်တော့တယ်။ကျနော့်ရဲ့ ဝဲလွန်းတဲ့ အသံကို တချို့က နောင်ပြောင်ကြပေမဲ့ တမင် နှိမ်ချင်လို့ နောက်ပြောင်တာမျိုး မဟုတ်လို့ ကျနော် စိတ်မညစ်။

ကျနော့်ပထမဆုံးအတန်းဖော်က ရန်ကုန်သားစစ်စစ်၊ဒီကျောင်းမှာ တက်နေတာကလည်း ၅တန်းက တည်းကဆိုတော့ ကျောင်းထဲ ဘယ်နေရာ ဘာရှိ အကုန်သိ။ကျနော့်ကိုလည်း တကယ်ခင်သူမို့ မုန့်သွားစားတာ ကအစ၊အပေါ့သွား အဆုံး ကိုယ့်ဘော်ဒါက အကုန်လိုက်ပေး။

တစ်ရက်၊မုန့်စားဆင်းချိန် မုန့်သူကျွေးမယ်ဆိုပြီး အတင်းခေါ်နေလို့ လိုက်သွားမိ။ကျောင်းသားအုပ် ကြားထဲက ခေါက်ဆွဲသုတ် ၂ပန်ကန် ကို ဆွဲယူကာ ရော့သူငယ်ချင်း စား ဆိုလို့ စားမိ။ခေါက်ဆွဲသုတ်လည်း ကုန်ရော ကျနော့်ပန်ကန်ကိုယူ၊ သူ့ပန်ကန်နဲ့အတူ  လူအုပ်ကြားကနေပဲ လက်ရှိုထားလိုက်ပြီး လှည့်ထွက် လာတယ်။

ဟေ့ကောင်၊ပိုက်ဆံမပေးဘူးလားလို့ ကျနော်ကဆိုတော့ ‘အဲဒါ ငါ့အဒေါ်ဆိုင်၊ပိုက်ဆံပေးစရာမလိုဘူး’ တဲ့။ကျနော် တောသား ဒီကောင့်အကွက်ကို ချက်ချင်းဘယ်သိမလဲ။၄-၅ခါလောက် သူငယ်ချင်းကျွေးတဲ့ ခေါက် ဆွဲသုတ် လိုက်စားပြီးမှသာ ပိုက်ဆံမပေးဘဲ ခိုးစားမှန်း ကျနော် သိရှိ။

“မင်း ဗိုက်ဆာနေမှာစိုးလို့ ငါခိုးကျွေးတာ။ငါလို ခိုးစားနေတဲ့ကောင်တွေလည်း မနည်းပါဘူး။မ ကြောက်နဲ့”တဲ့။ကျနော့်ဘော်ဒါ စပ်ဖြဲဖြဲနဲ့။နောက်တစ်ခါ မုန့်စားဖို့ သူခေါ်ရင် ကျနော် မလိုက်ရဲတော့။ကျနော် က မလိုက်ဘူးလို့ ပြတ်ပြတ်ငြင်းတော့ ဒီကောင်က တဟားဟား။ဘာပဲ ဖြစ်ဖြစ် ဒီကောင်စိတ်ရင်းကောင်းပြီး ကျနော့်ကိုခင်မှန်း သိတာကြောင့် မုန့်အတူသွားမစားတာကလွဲရင် တတွဲ တွဲ။

နောက်တစ်ယောက် ကျနော့်ကို ခင်တဲ့သူငယ်ချင်း တစ်ယောက်လည်း ရှိသေးတယ်။သူက ကျနော်နဲ့ တစ်တန်းတည်းဆိုပေမဲ့ အတန်း ၂ခါကျထားသူမို့ ကျနော့်ထက် ၂နှစ်ကြီးတဲ့ ဘော်ဒါ။သူကတော့ ဖိုက်တာ။မ ဟုတ်မခံ လက်သီးချင်း ဖြေရှင်းဖို့ရာ အမြဲတမ်း အဆင်သင့်ဖြစ်နေသူ။သူ့ထက် အတန်းကြီးပြီး အကောင်ကြီး သူကိုလည်း မကျွတ်။သူကလည်း ကျနော့်ကို မွန်လေးလို့ခေါ်ကာ အိမ်အပြန်လမ်းတူတာကြောင့် ကျောင်းက နေ အိမ်အပြန်မှာ တတွဲတွဲ။

ကျနော့်ဘော်ဒါ ၂ယောက်စလုံးက အတန်းထဲမှာ နည်းနည်းဩဇာရှိတာကြောင့်ပဲလား မပြောတတ်။ တောသားဆိုပြီး ကျနော့်ကို နှိမ်မဲ့သူမရှိ။ကျောင်းတက်ပြီး ၁လ မပြည့်ခင်မှာပဲ မွန်လေးဆိုတဲ့ ကျနော် ကျောင်း ပျော်တစ်ယောက်ဖြစ်လာခဲ့တယ်။

ငြိမ်းဆက်