【 ဆောင်းပါး 】 စမတ်ကျသော အတားအဆီး အခုအခံ

【 ဆောင်းပါး 】 စမတ်ကျသော အတားအဆီး အခုအခံ

မော်တန် တီ ဟန်ဆန်က တင်ပြတဲ့ နေရာမှာ လက်တွေ့အောင်မြင်သူများရဲ့ အတုယူအားကျစရာ ဉာဏ်ပါတဲ့ နည်းတွေကိုသာ တင်ပြလေ့ရှိပေမယ့်၊ အခုဆောင်းပါးမှာ ဖော်ပြမယ့် အကြောင်းအရာကတော့ ရှောင်သင့်တဲ့ မယောင်ရာဆီလူး၊ တလွဲဆံပင်ကောင်း၊ ဇွဲနဘဲစိတ်ဓာတ်ကို တွေ့ရမှာဖြစ်ပါတယ်။ဖတ်ရှုပြီးရင် စာဖတ်သူ ဘယ်လိုခံစားမလဲ၊ ဝေဖန်မလဲဆိုတာ သိချင်စမ်းပါဘိ။

          စမတ်ကျသော ခံနိုင်ရည် ဇွဲလုံ့လ

၁၉၉၈ ခုနှစ်တုန်းက အိန္ဒိယပြည်နယ်၊ တာမယ်နာဒူရဲ့ အစွန်အ‌ဖျား ရွာငယ်လေး ကိုအင်မ်ဘေတိုးမှာ နေထိုင်တဲ့ အာရူနချမ်လမ် မူရူဂန်နံသမ်က ငယ်ရွယ်တဲ့ သူ့ဇနီး သျှံသီက သူမသိအောင် တစ်ခုခု ဖုံးကွယ်ထားတယ်ဆိုတာ သိသွားတယ်။သူမေးတဲ့အခါမှာလည်း သူမက အဝတ်စုတ်တွေကို သူမဓမ္မတာလာချိန် အသုံးပြုဖို့ လျှို့ဝှက်စုဆောင်းနေတာကို ဝန်ခံခဲ့ပါတယ်။

“ကျွန်တော့် စက်ဘီးလေး သန့်ရှင်းရေးလုပ်ဖို့တောင် မကျန်တော့ဘူး” လို့ သူဖွင့်ပြောခဲ့တယ်။သူက သူမကို လစဉ်သုံးပက်တွေ ဘာလို့မသုံးတာလဲလို့ မေးတဲ့အခါ သူမက သူမသာ ပက်တွေဝယ်မယ်ဆိုရင် မိသားစုနွားနို့ဝယ်ဖို့ ဘတ်ဂျက်လျှော့မှ ရလိမ့်မယ်လို့ ပြန်ဖြေခဲ့တယ်။

မူရူဂန်နံသမ်က ဒီအတွက် တစ်ခုခုလုပ်မယ်လို့ ဆုံးဖြတ်လိုက်တယ်။သူ့ဇနီးနဲ့ အခြားသူတွေ သုံးနိုင်မယ့် ဈေးပေါတဲ့ပက် ကိုယ်တိုင်ထုတ်ဖို့ လုပ်ကြည့်လိုက်တယ်။သူက သူတို့နယ်ကထွက်တဲ့ ဝါဂွမ်းနဲ့ လစဉ်သုံးပက် နမူနာထုတ်ကြည့်ပြီး သူ့ဇနီးကို စမ်းသုံးကြည့်စေတယ်။အဆင်မပြေပဲ သူမက အဝတ်စုတ်ဖက် ပြန်လှည့်သွားတော့တယ်။

သူက သူ့ဇနီးနဲ့ချည်းပဲ တစ်လတစ်ခါ စမ်းသပ်ထုတ်လုပ်မယ်ဆိုရင် ဒီလစဉ်သုံးတွေကို စီးပွားဖြစ်ထုတ်လုပ်ဖို့ နှစ်ပေါင်းများစွာကြာမယ့်အဖြစ်ကို စဉ်းစားမိသွားတယ်။အဲဒီတော့ သူ့နှမကို စမ်းပေးဖို့ စည်းရုံးကြည့်လိုက်တယ်၊ ဒါပေမဲ့ သူ့နှမက ငြင်းလိုက်တယ်။အဲဒီတော့ သူက သူတို့ဒေသက ဆေးကျောင်းသူ မိန်းကလေးတွေကို ချည်းကပ်ပြန်ခဲ့ပေမယ့် သူထပ်ပြီးအငြင်းခံလိုက်ရပြန်တယ်။အဲဒီ ရှေးရိုးဆန်တဲ့ အသိုင်းအဝန်းကြားမှာ သူ့လို ရိုးရိုးကုတ်ကုတ်နဲ့ စာမတတ်တဲ့ ရွာသားတစ်ယောက်ကို ဘယ်သူကမှ ကူချင်ကြပုံမရဘူး။

(မူရူဂန်နံသမ်က အသက်တစ်ဆယ့်လေးနှစ်ကတည်းက ကျောင်းကထွက်ပြီး မိသားစုကို တစ်ဖက်တစ်လမ်းက ရှာကျွေးနေရသူဖြစ်ပါတယ်။)

တကယ်တော့ မူရူဂန်နံသမ်က ဆေးကျောင်းသူ အယောက်နှစ်ဆယ်ကို သူ့အိမ်တွင်းမှုထုတ် ပက်ကို စမ်းသပ်သုံးကြည့်ပေးဖို့ စည်းရုံးပြီး သုတေသနတစ်ခုကို ပြီးအောင်လုပ်ပြီးပါပြီ၊ ဒါပေမဲ့ တစ်နေ့မှာ ဆေးကျောင်းသူသုံးယောက်က သုတေသနအဖြေထဲမှာ လုပ်ကြံပြီး ရေးဖြည့်နေတာ ပက်ပင်းမိသွားတော့ သူ့ “လေ့လာမှုကြီး” က ‌ရေစုန်မျောသွားပါတော့တယ်။သူ့ပက်ထုတ်လုပ်ရေး လေ့လာစမ်းသပ်မှုကို ဘယ်သူမှစမ်းလုပ်ပေးမယ့်သူမရှိတော့ သူရပ်ထားလိုက်ရတယ်။အဲဒီအခြေအနေမှာ သူ့ဖာသာသူပဲ စမ်းသပ်တော့မယ်ဆိုတဲ့ အကြံဉာဏ်တစ်ခု သူရလိုက်တယ်။သူက ဆီးအိမ်နဲ့တူတဲ့ ဘောလုံးတစ်လုံးကို သူ့သူငယ်ချင်း ဆိတ်သားသည်ဆီက တောင်းယူထားတဲ့ ဆိတ်သွေးတွေနဲ့ ဖြည့်လိုက်ပြီး၊ အဲဒါကို သူ့အဝတ်အစားအောက်မှာ သိုင်းဝတ်ထားလိုက်တယ်။အဲဒီအပေါ်ကမှ သူ့လစဉ်သုံး ပက်ကို ပတ်ထားလိုက်တယ်။ပြီးတော့ ဘောလုံးကိုညှစ်ပြီး သွေးတွေထွက်လာအောင်လုပ်ဖို့ လှုပ်ရှားကြည့်ပြီး ထွက်လာတဲ့ သွေးတွေကို သူ့တီထွင်မှုက စုတ်ယူမှု ရှိ၊ မရှိ ကြည့်လိုက်တယ်။အခန့်မသင့်တော့ ရာသီဥတုကပူတဲ့အတွက် သူ့ဆိတ်သွေးတွေက အနံ့ဆိုးတွေထွက်လာတယ်။အချို့ရွာသားတွေက သူရူးသွားပြီလားလို့ သံသယဖြစ်ကြတယ်။ပိုဆိုးလာတာက လပေါင်းအတော်ကြာ ထူးထူးဆန်းဆန်း အပြုအမူတွေ လုပ်လာတဲ့နောက်မှာ သူ့ဇနီးက လူမှုအသိုင်းအဝန်းရဲ့ မေးငေါ့ဝေဖန်မှုဒဏ်ကို မခံနိုင်တော့ဘဲ ထွက်ပြေးသွားခဲ့ပါတယ်။

အဲလောက်ဖြစ်လာရင် ရပ်သင့်ပြီပေါ့၊ ဒါပေမဲ့ မူရူဂန်နံသမ်ကတော့ ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။သူက အသုံးပြုပြီးသား လစဉ်သုံးပက်တွေကို လေ့လာကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။သူက ဆေးကျောင်းသူတွေဆီ ပြန်သွားပြီး သူ့ကို သုံးပြီးသား ပက်တွေကိုပေးဖို့ တောင်းခဲ့ပြီး စုဆောင်းခဲ့တယ်။တနင်္ဂနွေတစ်နေ့မှာ သူ့အမေက သူ့သား သွေးပေနေတဲ့ ပက်တွေကို အိမ်နောက်က ခြံထဲမှာစီပြီး လေ့လာနေတာကိုတွေ့လို့ ငိုပါလေရော၊ နောက်တော့ သူ့အမေလည်း အိမ်က ထွက်ပြေးသွားတော့တာပဲ။  

ရွာသားတွေက သူဟာ မကောင်းဆိုးဝါး ပူးကပ်ခံနေရပြီလို့ ယုံကြည်ကြပြီး၊ သူ့ကို သစ်ပင်တစ်ပင်မှာ ဇောက်ထိုးချိတ်ဆွဲထားလိုက်ကြတယ်၊ ပြီးတော့ နတ်ဆရာတစ်ယောက်ကိုပင့်ပြီး အပထုတ်ဖို့ လုပ်ကြတယ်။မူရူဂန်နံသမ်က ရွာကနေထွက်သွားပါ့မယ်လို့ ကတိပေးတဲ့အတွက် သူ့ကိုလွှတ်ပေးလိုက်ကြတယ်။

“ကျွန်တော့်ဘဝမှာ ဘယ်သူမှမရှိတော့ဘဲ အထီးကျန်ဖြစ်ခဲ့တယ်” လို့ မူရူဂန်နံသမ်က ပြောတယ်။ဒါပေမဲ့ သူဇွဲမလျော့ဘဲ ဆက်လုပ်ခဲ့တယ်။ဝါဂွမ်းတွေဟာ စုတ်ယူထားတဲ့ အရည်ကို ဖိညှစ်လိုက်ရင် ပြန်ထုတ်တယ်ဆိုတာ သူသိလာတယ်၊ စုတ်ယူထားတဲ့ အရည်ကို ပြန်မထွက်အောင် ပရော့တာနဲ့ ဂန်ဘဲလ်တို့၊ ဂျွန်ဆင် အင် ဂျွန်ဆင်တို့ ဘာပစ္စည်းထည့်သုံးထားလဲဆိုတာ သူစဉ်းစားလို့မရဘူး ဖြစ်နေတယ်။သုံးထားတဲ့ ကုန်ကြမ်းတွေကို နမူနာမှာယူကြည့်လိုက်မှ သူဟာ ဘယ်လိုလူတွေကို ယှဉ်ပြိုင်ဖို့ ကြိုးစားနေမိတယ်ဆိုတာ ရိပ်မိလာတယ်။ကုမ္ပဏီကြီးတွေက စုတ်ယူထားတဲ့ အရည်ကို ဖိညှစ်ပေမယ့် ပြန်မထွက်အောင် ထိမ်းပေးနိုင်တဲ့ ဆယ်လူလို့စ်ကို သစ်ခေါက်တွေကနေ ဈေးကြီးတဲ့ စက်ကြီးတွေ အသုံးပြုပြီး ထုတ်ယူတယ်ဆိုတာ သူသိလာတယ်။

လက်လျှော့သင့်တဲ့အချိန် ရောက်ပြီလား။

မူရူဂန်နံသမ်ကတော့ ဆက်လုပ်နေခဲ့တယ်။ဆယ်လူလို့စ်ထုတ်ဖို့ စက်ရုံအသေးလေးတစ်ခု သူတည်ဆောက်ဖို့လိုမယ်လို့ သူတွေးလိုက်တယ်။သူပုံကြမ်းစဆွဲတယ်၊ လုပ်ငန်းကို အသားမျှင်ထုတ်ခြင်း၊ ထုတ်ပိုးခြင်း၊ ဖုံးအုပ်ခြင်းနဲ့ အချောသတ်ခြင်း၊ ပိုးသတ်ခြင်းဆိုပြီး လေးပိုင်းခွဲထုတ်လိုက်တယ်။ထုတ်လုပ်မှု အပိုင်းတိုင်းအတွက် လူ့ခြေထောက်နဲ့နင်းပြီး လုပ်လို့ရတဲ့ သမရိုးကျစက်တွေကို  ဆင်ခဲ့တယ်။ လေးနှစ်ခွဲလောက်ကြာပြီးတဲ့နောက်မှာ၊ သူ့စက်တွေကို အပြီးသတ်နိုင်ခဲ့တယ်။စက်တွေက ဘာမှထူးထွေဆန်းပြားမှုမရှိဘဲ ဈေးသက်သာတယ်၊ ကြည့်ရတာ နုတ်ပေမယ့် ဆယ်လူလို့စ်ကနေ စုတ်အားကောင်းတဲ့ လစဉ်သုံးပက်တွေဖြစ်အောင် စရိတ်ကျဉ်းကျဉ်းနဲ့ ထုတ်ပေးနိုင်တယ်။နောက်ဆုံးတော့ သူလိုချင်တဲ့ ပက်မျိုး ထုတ်နိုင်ခဲ့ပါပြီ။

မူရူဂန်နံသမ်က လစဉ်သုံးပက်တွေကို သူ့ကိုနှင်ထုတ်ခဲ့တဲ့ ရွာကို အခမဲ့ပေးဝေခဲ့တယ်။ဒါပေမဲ့ နောက်နေ့လည်းကျရော ကလေးတွေက လမ်းပေါ်မှာ အဲဒါတွေနဲ့ ဆော့နေပြီး၊ ယောက်ကျားကြီးတွေက သူတို့စက်ဘီးရဲ့ ရှေ့မီးလုံးကို ဖုံသုတ်ဖို့ သုံးနေတာကို တွေ့လိုက်တယ်။အမျိုးသမီးတွေကတော့ သူ့ပက်တွေကို မသုံးကြပါဘူး။သူကြိုးစားတည်ဆောက်ခဲ့တယ်၊ ဒါပေမဲ့ ဘယ်သူမှ မလိုလားကြဘူး။

ကျွန်တော်တို့ အရင်ဆောင်းပါးမှာ ဆွေးနွေးခဲ့တာနဲ့ ပြန်သုံးသပ်ကြည့်ရင်၊ သူက သူ့ရည်ရွယ်ချက်ကို ပေါက်မြောက်အောင်လုပ်ခဲ့တယ် (စက်ဆင်ခဲ့တယ်) ဒါပေမဲ့ သူပေးဆပ်ဖို့ ရည်ရွယ်ထားတဲ့သူတွေအဖို့ တန်ဖိုးလုံးဝမရှိခဲ့ဘူး (ပက်ကို သုံးစွဲခြင်းရဲ့ ကောင်းကျိုးကို အမျိုးသမီးတွေ ရစေချင်ခဲ့တယ်) ဘယ် ဇွဲသတ္တိတိုင်းနည်းနဲ့ တိုင်းတိုင်း မူရူဂန်နံသမ်ကတော့ ဇယားထက်ကျော်နေပါတယ်။သူက ၇ နှစ်တိုင်တိုင် အခက်အခဲအတားအဆီးတွေကို ကြံ့ကြံ့ခံ ခုခံကျော်လွန်ဖို့ ကြိုးကုတ်အားထုတ်ခဲ့တယ်။သူ့ဇွဲလုံလက အစွမ်းကုန်ထူးကဲပေမယ့်လည်း အဲဒါက သာမာန်ထက် သာလွန်ထူးခြားမှုကို ဖြစ်စေခဲ့တာ မဟုတ်ပါဘူး။

ကျွန်တော်တို့ရဲ့ လေ့လာမှုမှာ ပါဝင်တဲ့ မန်နေဂျာနဲ့ ဝန်ထမ်းတွေရဲ့ လေးပုံတစ်ပုံ (၂၇ ရာခိုင်နှုန်း) ဟာ “သူ/သူမဟာ ဘယ်လိုအတားအဆီးနဲ့ကြုံရပါစေ ဇွဲကြီးကြီးနဲ့ ရည်မှန်းချက်ပေါက်မြောက်အောင် ကြိုးစားတယ်” ဆိုတဲ့ အဆိုပြုချက်မှာ ရမှတ်မြင့်မြင့်မားမား ရကြတယ်။

ဒေါကယ်မီကယ် (Dow Chemical) က အီရန်တယ်လ်ဖို့ဒ်ဆိုရင် ရမှတ် ၇ မှတ် (အမြင့်ဆုံးရမှတ်) ရတယ်။ကျွန်တော်တို့ တွေ့ခဲ့သလိုပဲ၊ သူက သူ့ရည်မှန်းချက် ပေါက်မြောက်ဖို့အတွက် အစပိုင်းမှာ ဆန့်ကျင်တဲ့သူတွေ အများရှိတဲ့ကြားက၊ နောက် လူကြီးအသစ်ရောက်လာလို့ သေလုခမန်းဖြစ်ခဲ့ရတဲ့တိုင် မဖြစ်ဖြစ်အောင် မမှိတ်မသုန် ကြိုးစားခဲ့တယ်။ကျွန်တော်တို့ လေ့လာမှုမှာပါဝင်တဲ့ တဲလ်ဖို့ဒ်နဲ့ သူ့လို အခြားလူတွေက ဇွဲသတ္တိရှိတာ မတွေ့ရတဲ့သူတွေထက် စွမ်းဆောင်ရည်ပိုကောင်းတာကို တွေ့ရတယ်။

ယေဘုယျသဘောတရားအရ ရှင်းလင်းတိကျတဲ့ ဇွဲသတ္တိက လူတွေကို သူတို့ရဲ့ပန်းတိုင်ရောက်ဖို့နဲ့ စွမ်းဆောင်ရည်ကောင်းဖို့အတွက် အထောက်အကူရတယ်ဆိုတာ သေချာပါတယ်။မူရူဂန်နံသမ်ရဲ့ အဖြစ်အပျက်က ဇွဲသတ္တိတွေမှာ ထုံးစံအတိုင်း ကန့်သတ်ချက်ရှိတယ်ဆိုတာကို သတိပေးနေတာပါ။မူရူဂန်နံသမ်က သူ့ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့ ဇွဲကြီးကြီးနဲ့ ကြိုးစားခဲ့ပေမယ့် ဘာမှအရာမထင်ခဲ့ပါဘူး။

လုပ်ငန်းခွင်ထဲမှာ ကိုယ့်ပြိုင်ဘက်ကို အနိုင်ယူဖို့ သင့်အနေနဲ့ ဇွဲနဘဲကြီးတယ်ဆိုတာထက် ပိုလုပ်ဖို့လိုပါတယ်။အဲဒီအပြင် ကိုယ့်ပြိုင်ဘက်တွေရဲ့ ဆန့်ကျင်တိုက်ခိုက်အားကို လျော့သွားစေဖို့အတွက်  သင့်နည်းဗျူဟာကို တစ်ဦးချင်းအတွက် သီးခြားပြင်ဆင်ထားသင့်ပါတယ်။မူရူဂန်နံသမ်က ပက်တွေကို ဈေးသက်သက်သာသာနဲ့ ရရှိနိုင်အောင် လုပ်ခဲ့ပေမယ့် သူပေးဆပ်ချင်တဲ့သူတွေဖြစ်တဲ့ သူ့ဇနီး၊ အမေ၊ နှမနဲ့ နွမ်းပါးတဲ့ ရွာသူရွာသားတွေကပဲ သူ့ကို ပစ်ပယ်ကျောခိုင်းခဲ့ကြတယ်။ရလဒ်ကတော့ သူတို့က သူ့ပက်ကို သုံးလည်းမသုံး ပက်အကြောင်းကိုလည်း သတင်းဖြန့်ပေးခဲ့ခြင်း မရှိကြပါဘူး။အခက်အခဲတွေကြားက သူ့ရဲ့ ဇွဲလုံ့လကောင်းခဲ့ခြင်းက သူ့သုံးသင့်တဲ့ ကုန်ကြမ်းပစ္စည်း၊ ထုတ်လုပ်ပုံ ဒါမှမဟုတ် လုပ်ဆောင်ရမယ့် ဗျူဟာ (နမူနာပက်တွေ ဘယ်ကရှာရမယ်၊ သူ့စိတ်ကူးကို ဘယ်လိုစမ်းသပ်ကြည့်ရမယ်၊ စက်ကို ဘယ်လိုတည်ဆောက်ရမယ်) တွေအတွက် အဆင့်ဆင့်လုပ်ဆောင်ဖွယ်တွေ ပေါ်ထွက်လာအောင် လှုံ့ဆော်ပေးခဲ့တယ်။ဒါပေမဲ့ သူ့ရဲ့ လူတွေကို ချည်းကပ်ပုံက ပရိယာယ်မပါဘူး ဖြစ်နေခဲ့တယ်။သူက သူတို့ရဲ့လိုအပ်ချက်ကို နားမထောင်ခဲ့ဘဲ ဇွတ်လုပ်ခဲ့တယ်။သူ့ရဲ့ အတင်းအကြပ်ဆန်တဲ့ ဇွဲလုံ့လက သူတို့ကို ခြောက်လှန့်မောင်းထုတ်လိုက်သလို ဖြစ်ခဲ့ရတယ်။

လုပ်ငန်းခွင်ထဲမှာ ဇွဲသတ္တိကောင်းခြင်းဆိုတာ ဆန့်ကျင်တဲ့ နံရံတွေကို နွားသိုးဝှေ့သလို ချိုနဲ့ အဆက်မပြတ် ဇွတ်ထိုးရတာမျိုးမဟုတ်ပါ။ဉာဏ်ပါတဲ့ စမတ်ကျတဲ့ ဇွဲသတ္တိဆိုတာ မလျှော့တမ်း ဇွတ်တိုးစွပ်လုပ်တာမျိုးသက်သက်မဟုတ်ဘဲ သင်စိုးပိုင်လိုတဲ့သူတွေရဲ့ အမြင်ကို ထည့်သွင်းတွက်ချက်ပြီး မိမိရည်မှန်းချက် ပေါက်မြောက်ဖို့အတွက် အသုံးပြုမယ့် နည်းဗျူဟာကို ကောင်းမွန်တိုးတက်အောင် စနစ်တကျ ကြံဆစီစဉ်ပြီး ထိုသူတွေကို အောင်မြင်စွာ စည်းရုံးသိမ်းသွင်းနိုင်ဖို့ လိုပါတယ်။

ဒီဆောင်းပါးမှာတော့ မော်တန် တီ ဟန်ဆန်က ရှေ့က ဇွဲကောင်းသူတွေရဲ့ ဇာတ်လမ်းနဲ့မတူဘဲ မူရူဂန်နံသမ်ရဲ့  ဇွဲကြီးစိတ် ထက်သန်ပေမယ့် အချိန်ကုန် လူပမ်းရုံမက ဇနီး၊ နှမ၊ အမေ၊ ပတ်ဝန်းကျင် စတဲ့ လူမှုအသိုင်းအဝန်းက ရှောင်ဖယ်ကျဉ်ခြင်းကိုပဲရခဲ့သူတစ်ယောက်ရဲ့ သဲထဲရေသွန် အချည်းနှီးကြိုးပမ်းမှုကို တင်ပြခဲ့တာ တွေ့ရတယ်။

ကျွန်တော်တို့အတွက် သင်ခန်းစာယူစရာ တစ်မျိုးပါပဲ။မိမိကြိုးစားမှုရဲ့ နောက်ဆက်တွဲရလဒ်က ဘာဖြစ်မယ်ဆိုတာကို အမျှော်အမြင်နည်းခဲ့တာလား၊ မော်တန် တီ ဟန်ဆန် ပြောခဲ့သလို အခြားသူတွေရဲ့ ပါဝင်လာမှု၊ ပံ့ပိုးလာမှုကို မရယူခဲ့လို့လား။ဇွဲကောင်းရုံသက်သက်နဲ့တော့ ကျောက်ခဲဆီကြိတ်တာမျိုးသာဖြစ်ပြီး အင်အားတွေ အချိန်တွေ အလဟဿဖြစ်ကုန်တာပဲ အဖတ်တင်ပါလိမ့်မယ်။

ဒါကြောင့် ဉာဏ်ပါပါနဲ့ အလုပ်လုပ်ဖို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာကို မော်တန် တီ ဟန်ဆန်က နည်းအမျိုးမျိုး၊ သာဓကအမျိုးမျိုးနဲ့ သက်သေထူနေတာဖြစ်ပါတယ်။

         (ဆက်လက်ဖော်ပြပါမည်။)

သက်ထွန်း (သျှမ်း)